ပထမ ဆုံးပြောလိုသည်မှာ ကျွန်တော့်တစ်ကိုယ်ရေ အယူအဆရ ယခု လက်ရှိအချိန်၄၃၆ ကို ပြင်ဆင်ဖို့ မထောက်ခံပါ ။ သို့သော် အကြမ်းဖက်မှု မပါသော ၊ ဆူပူမှု မပါသော ၊ စည်းရုံးမှု ၊ တောင်းဆိုမှု ၊ တစ်ဦးတစ်ယောက်ချင်းစီ ၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ကို တော့ သဘောတူပါသည် ။ အများသဘောဆန္ဒ / ဘုံသဘောတူညီချက်ကို တော့ လေးစားလိုက်နာမည်ပင် ဖြစ်သည် ။
ဒါသည် ပင်လျှင် တစ်ကိုယ်ရေ လွတ်လပ်ခွင့် နှင့် လူ့အဖွဲ့စည်း၏ အနှစ်သာရလို့မြင်သည် ။
ဘာကြောင့် ကျွန်တော် မထောက်ခံသလဲ ။
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာဥပဒေ တွေရဲ့အသက်ဖြစ်သော်လည်း ... ပြည်သူလူထုအားလုံးနဲ့ တိုက်ရိုက် အချိုး မကျဟု မြင်သည် ။ ၄၃၆ ပြင်ဆင်သည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှ ပုဒ်မများကို ပြင်ဆင်နိုင်မည်ဖြစ်သည် ။ လွှတ်တော်ကိုယ်စားလှယ်များ ၊ နိုင်ငံရေးအင်အားစုများ အများသဘောဆန္ဒ အတိုင်း နိုင်ငံရေး ပါဝါများရရှိလာနိုင်မည်ဖြစ်သည် ။ ပြည်သူလူထု အကျိုးစီးပွား နဲ့ တိုက်ရိုက်ပက်သက် သည် ...အမြန်ဆုံးပြင်ဆင်သင့်သည်ဟုတော့ မမြင်ပါ ။ နောက်လွှတ်တော် သက်တမ်း မှာ ပြင်ဆင်နိုင်သည်ထားဦး ...အဲဒီ အခြေခံဥပဒေ နှင့် တိုက်ဆိုင်ပြီး မကိုက်ညီတာတွေ ပြန်ပြင်ရမည့် တည်ဆဲဥပဒေ များကို ၁၀ နှစ်လောက်မှ ပြင်ဆင်နိုင်မည်ထင်သည် ။ (လွှတ်တော် အမတ်များ၏ လက်ရှိ speed တိုင်းဆိုလျှင် ) ။ ၄င်းတည်ဆဲဥပဒေ များသည်သာ အောက်ခြေ လူတန်းစား များ နေ့စဉ်နဲ့ အမျှ ရင်ဆိုင် ကျော်ဖြတ်နေရခြင်းဖြစ်သည် ဟု မြင်သည် ။
(၂) ယခုအတိုင်း လူထုအများစုပါဝင် ပြီး လက်မှတ်ထိုး ပြီး သမ္မတ ၊ လွှတ်တော်ထံ တင်လိုက်သည် ဆိုဦး ... သွားရမည့် လမ်းကြောင်းမှာ လွှတ်တော်တွင်းဆွေးနွေး ။ မဲ ခွဲ ဆုံးဖြတ် ။ ယခုလက်ရှိ လွှတ်တော်တွင်း ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပေးကော်မတီ လမ်းကြောင်းသို့သာ ရောက်ရှိမည်ဖြစ်သည် ။ ပန်းတိုင်ရောက်နှင့် နေပြီးသားကို ဘာလို့ ကွေ့ပတ်လျှောက်သနည်း ။ အဖြေရှိပြီးဖြစ်ပါသည် .... ပြည်သူလူထုအတွင်းနိုင်ငံရေး ရေချိန်မြှင့်တင် ရန်နှင့် မင်းသားနေရာ နှင့် လူကြမ်းနေရာ များခွဲခြားသတ်မှတ်ရန်ဖြစ်ပါသည် ။ တနည်း ၄၃၆ သည် ၄၃၆ မဟုတ်.. မဲဆွယ်စည်းရုံးရေး လို ကန့်သတ်ချက်မများသော မဲဆွယ်စည်းရုံးရေး ဟုသာမြင်သည် ။ ၄၃၆ ကို ပြင်ဆင်လိုရင်းမဟုတ် ဟု သာမြင်သည် ။
(၃) လွှတ်တော်မှာ လည်းဆွေးနွေးပြီးပြီ ၊ လွှတ်တော် အမတ် အများစုကလည်းသဘောတူသည်ဆိုကြပါစို့ ။ အဘယ်သို့ လုပ်မည် နည်း ။ တခြား မရှိပါ ။ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းလုပ်ထုံးလုပ်နည်းအတိုင်း ဖြတ်ရမည်သာ ။ (ဥပဒေကိုကျော်လွန် ၊ ဥပဒေပြင်ပ က လုပ်ကိုင်နိုင်မည်ဆိုလျှင်တော့ မသိပါ ) ။ ဥပဒေလမ်းကြောင်းတိုင်းသွားလျှင်တော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ကြိမ်တော့ မလွဲ မသွေ ဖြတ်ရမည် ဟုသာမြင်သည် ။ ၇၅ ရာခိုင်နှုန်းကျော်ကလည်းသဘောတူရမည် ။ မဲဆန္ဒရှင် ထက်ဝက်ကျော်ကလည်းသဘောတူရမည်သာ ။ နောက်တစ်ကြိမ် ပြည်သူလူထု ထပ် ပင်ပန်းကြဦးမည်သာဖြစ်သည် ။ လွှတ်တော်မှာ Majority နိုင်ပြီးမှ သာ လျှောက်နိုင်မည့်လမ်းဟု မြင်သည် ။ တခါတည်း ပင်ပန်းရမည့် အလုပ်ကို ၂ ခါ လုပ်ခြင်းဟာ အဓိပ္ပါယ် မရှိ ဟု သာမြင်သည် ။
(၄) ယခုလက်ရှိ အနေတိုင်း လွှတ်တော်မှာ ဖြစ်နိုင်ချေရှိသလား ။ facts အရပဲစဉ်းစားကြည့်ပါ ။
မဖြစ်နိုင်သေးပါ ။ မဖြစ်နိုင်သေးတဲ့ လမ်းကို အဘယ့်အတွက် လျှောက် နေသနည်း ။ ကျွန်တော့် အမြင်အရ အဖြေရှိပါသည် ။ NLD ဟာ ၂၀၁၅ ကို အနိုင်တွက်ကိန်းရှိသည်လို့ပဲမြင်ပါသည် ။ ထို့အတူ အစိုးရမင်းသား နှင့် လွှတ်တော်ထဲမှာလူကြမ်းများ ဇာတ်ကား ပါရိုက်လိုရင်းဟု မြင်သည် ။
စွမ်းအင်ဟာ လိုအပ်တဲ့ အချိန် ထုတ် သုံးမှ သာ အကျိုးရှိတာဖြစ်ပါတယ် ။ မလိုအပ်ပဲ သုံးရင် အချိန်ကုန်တယ် ၊ လူပမ်းတယ် ။ အကျိုး မများ ဘူး ။ အားမွေးရမဲ့ အချိန်မှာအားမွေးရမည် ။ အားသုံးရမဲ့ အချိန်မှာ အားသုံးရမယ် ။ ဦးစားပေး ရွေးချယ်တတ်ဖို့လိုမယ်ထင်ပါတယ် ။ ဦးစားပေး မရွေးတတ်ရင် အခွင့် ရေးတွေ ဆုံးရှုံးတတ်တယ် ။
အထက်ပါ အချက်တွေ ဟာ မှန်ချင်မှလည်း မှန်ပါမည် ။ အားလုံး နဲ့ သဘောထားတိုက်ဆိုင်ချင်မှလည်း တိုက်ဆိုင်ပါလိမ့်မယ် ။ ကျွန်တော့် အယူအဆ ၊ အတွေးအမြင်မျှ သာဖြစ်ပါတယ် ။ လုံလောက်သော အကြောင်းပြချက် ၊ ဒီထက်ပိုသော ကျိုးကြောင်းဆီလျော်မှု မတွေ့ သမျှ ကျွန်တော် လက်ခံထားဦး မှာပါ။
နိုင်ငံရေးဆွေးနွေးပွဲလုပ်တာ ၊ ဆန္ဒလတ်မှတ်ကောက်ခံတာ ဟာ နိုင်ငံရေးပါတီ ၊ နိုင်ငံရေးအဖွဲ့စည်းရဲ့ လုပ်သင့် လုပ်ထိုက်သော အလုပ် ဖြစ်လို့ သဘောမတူစရာမရှိပါ ။ သို့သော် တပ်မတော်တစ်ခုလုံးစာ လွှမ်းခြုံသော တိုက်ခိုက်မှု ကိုတော့ လက်မခံနိုင်ပါဘူး ။ ထို့ အတူ ပြည်သူ လူထုကို လမ်းပေါ် ဆွဲ တင် အသုံးချတာ မျိုးကိုတော့ ဆန့်ကျင်ရမှာပါ ။
(ရုပ်ဆိုး)

http://www.oppositeyes.info

0 comments