Monday, June 2, 2014

မေလ ၁ ရက်နေ့က တပ်ကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော စကားအခြေအတင် တုံ့ပြန်ပွဲ ဗီဒီယိုဖိုင်နှင့် စာသားများ ပြန့်နှံ့လျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် မည်မျှလေ့လာထားသည် ဟူသော အချက်အား ဝေဖန်ဆွေးနွေးမှုများ မြင့်တက်လျက် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းတို့တွင် ပြုလုပ်သော အခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲများသို့ သွားရောက်ခဲ့ရာတွင် တပ်ကုန်းမြို့နယ်သို့ ရောက်ရှိစဉ် လမ်းဘေး၌ ဆိုင်းဘုတ်ကိုင်၍ ပြင်ဆင်ရေးကန့်ကွက်သူများအား ခေါ်ယူမေးမြန်းစဉ် အပြန်အလှန် စကားရည်လုပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ကြားရ မြင်ရတာတွေအရဆိုရင် ဦးဆန်းလွင်ဆိုတဲ့ အသက်(၇၆)နှစ်အရွယ် အဘကြီးနဲ့ ဒေါ်စုတို့ရဲ့ အပြန်အလှန် စကားစစ်ထိုးပွဲမှာ ဒေါ်စုအနေနဲ့ ၂၀၀၈ အခြေခံဥပဒေအပေါ် ဘယ်လောက်ကြေညက်ထားသလဲ ဆိုတာကို တွေ့မြင်ရတယ်။ အမှန်က သူ့ဘာသာသူ လမ်းဘေးမှ ဆိုင်းဘုတ်ကိုင်ပြီး ရပ်နေတာ။ အဲဒါကို မော်တော်ကားရပ်ပြီး ဒေါ်စုက လှမ်းခေါ်တယ်။ ကျွန်တော် ထင်ပါတယ်။ ဒေါ်စုက သူတို့ကို လှည့်ပတ် မေးပြီး ဘယ်သူခိုင်းတာလဲ ဆိုတာ ပေါ်လွင်အောင် လုပ်ချင်ပုံ ရပါတယ်။ နောက်တစ်ချက်က Over Confidence ဖြစ်သွားတာ။ မထင်မှတ်ထားဘဲ ခံလိုက်ရတာ။ ကျိန်းသေ အနိုင် ဆိုပြီး တွက်ချက်ထားတဲ့ ပွဲမှာ တန်ပြန်တိုက်စစ်နဲ့ ကြုံရတော့ ဘာလုပ်ရမှန်းမသိဘဲ စကားနိုင်လု၊ အမှားရှာတဲ့ ပုံစံမျိုး၊ ပြောရရင် လူထုခေါင်းဆောင် ဆိုတဲ့ နာမည်နဲ့ မလျော်ညီတဲ့ အနေအထား မျိုးအထိ ဖြစ်သွားတယ်။ Record လုပ်ထားပါ ဆိုတာမျိုး။ အခုဆိုရင် လူမှုကွန်ရက်တွေမှာ ဒီစကားကို ဟာသလုပ်ပြီး သုံးနေကြပြီ” ဟု နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက ပြောသည်။

ဒေါ်စုအနေဖြင့် ပုဒ်မ ၄၃၃ ကို ကောင်းစွာ သိရှိထားဟန်မတူဘဲ တုံ့ပြန်ပြောဆိုခဲ့ရာ ဦးဆန်းလွင်က အခြေခံဥပဒေကို အခြေပြု၍ တုံ့ပြန်ပြောသွားသည်မှာ သင်ခန်းစာ ယူဖွယ်ရာ ဖြစ်ကြောင်း ၄င်းက ဆိုသည်။

တပ်ကုန်းလမ်းဘေး စကားစစ်ထိုးပွဲတွင် ဦးဆန်းလွင်က ဒေါ်စုအား “ခင်ဗျားကလိုက်နာတယ်သာ ပြောတာ အခုပြည်သူတွေဒုက္ခရောက်နေကြတယ်၊ ကျွန်တော်ဆို အသက် ၇၆ နှစ်ရှိမှ မတ်တပ်ရပ်စကား ပြောနေရပြီ၊ ခင်ဗျားဇိမ်နဲ့ ထိုင်နေတာ၊ကျုပ်က မတ်တပ်ရပ်စကားပြောနေတာ၊ ခင်ဗျား အသက် ကျုပ်ထက် အများကြီးငယ်တယ်” ဟူ၍ ပြောကြားခဲ့သည်။

၎င်းအပြင် “တည်ငြိမ်မှုမရှိတာကို တည်ငြိမ်အောင် တပ်မတော်က တာဝန်ယူရမယ်၊ယနေ့ထိုင်းနိုင်ငံကိုကြည့်၊ ထိုင်းနိုင်ငံကို မြင်ရဲ့လား၊ အခုတပ်က အာဏာထိန်းထားရပြီလေ၊ အဲဒါဘာဖြစ်လို့လဲသိလား၊ အဲဒါ တိုင်းပြည်မငြိမ်လို့၊အဲတော့ ခင်ဗျားတိုင်းပြည်ငြိမ်အောင်လုပ်ပါ၊ ခင်ဗျားက တိုင်းပြည်ပျက်အောင်လုပ်နေတာလေ” ဟူ၍လည်း ပြောကြားခဲ့သည်။

အလားတူ “အရည်အချင်းမရှိတဲ့လူကဒီလိုစကားပြောတာ အရည်အချင်းရှိတဲ့လူက ဒီလိုစကားမပြောဘူး၊ ၄၃၃ ကို သေချာ ကျကျနနဖတ် ၊ဘာဆက်လုပ်ရမလဲဆိုတာ၊ စာတော့ကွာ ဥပဒေတောင်မတတ်ဘဲနဲ့ ပြင်ချင်ရာ လျောက်ပြင်လို့ရမလား၊ ဥပဒေနဲ့အညီပြင်ပါ၊ ၄၃၆ ကိုပြင်မှာ သိတယ်၊ အဲဒါကြောင့် ၄၃၃ ကို နားလည်အောင်လုပ်ခိုင်တာ၊ ၄၃၃ ကို မကိုင်ရင် ၄၃၆ ကို အရင် လာပြီး ကိုင်လို့မရဘူး၊
ခင်ဗျားတို့ ၅၉ (စ) လုပ်တယ်၊ လုပ်မရတော့ ၄၃၆ ကို လာလုပ်တယ်၊ ဥပဒေမတတ်ဘဲနဲ့ ဟိုလျောက် လုပ် ဒိလျောက်လုပ် လုပ်မနေနဲ့ ” ဟူ၍လည်း ဦးဆန်းလွင်က ပြောကြားခဲ့သည်။

“အင်း...ဒေါ်စုတော့ သာမန်ပြည်သူဆိုပြီး အထင်သေးပြီး အရှက်ခွဲမယ် ဆိုတဲ့ အကြံနဲ့ ခေါ်လိုက်တာ။ ငါးပါးမှောက်သွားတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဒေါ်စု အခြေခံဥပဒေကို သေသေချာချာ ကောင်းကောင်းမွန်မွန် လေ့လာထားသလား ဆိုတာကို သံသယဖြစ်လာတယ်။ လွှတ်တော်ထဲ ၀င်တုန်းကလည်း ကျမ်းကျိန်မယ် မကျိန်ဘူး ဖြစ်တုန်းကလည်း ဥပဒေ ပြဌာန်းချက်တွေ သေချာ မကြည့်မိတာ ဆိုပြီး ၀န်ခံခဲ့တယ်။ အခု ၄၃၃ ဘာလဲ ဆိုတာ သူ မသိဘူး။ ဒါ့ကြောင့် ဦးဆန်းလွင်က ပက်ပက်စက်စက် ပြောသွားတာ။ အခြေခံဥပဒေ ပြင်မယ် ဆိုပြီး တစ်နိုင်ငံလုံး ပတ်ပြီး ဟောပြောနေတဲ့ ဒေါ်စုလိုလူမျိုးက ပြင်ဆင်ခြင်း အခန်းက ပုဒ်မ နည်းနည်းလေးကို မသိထားဘူး ဆိုတာက မဖြစ်သင့်ဘူး လို့ အားမနာတမ်း ပြောရမှာပဲ။ ဒေါ်စုအနေနဲ့ အခြေခံဥပဒေကို ထုံးလိုချေ ရေလိုနောက် ဖြစ်အောင် လုပ်ထားသင့်တယ်။ ပြင်ချင်တဲ့လူက ပိုပြီး သိသင့်တာပေါ့နော်” ဟု ရှမ်းပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဒေါ်စုအနေဖြင့် လမ်းဘေးကလူ ဟု အထင်သေးအမြင်သေးဖြင့် ငါ့စကားနွားရ ပြောနေလျှင် လူထုယုံကြည်မှု ဆုံးရှုံးဖို့သာ ရှိကြောင်း၊ ပုဒ်မ ၅၉(စ) ပြင်တာမရ၍ ၄၃၆ ပြင်ရန် ဆောင်ရွက်လာသည် ဟူသော ဦးဆန်းလွင်၏ ပြောကြားချက်ကိုလည်း တစ်ခွန်းမှ မချေပနိုင်ခဲ့ကြောင်း ၄င်းက ဆိုသည်။

“ပထမအချက်အနေနဲ့.ဒေါ်စုဟာ ကိုယ့်ထက် အသက် ၇ နှစ်လောက်ကြီးတဲ့ လူကြီးကို လေးစားဟန် အလေးထားဟန် မပြခဲ့ဘူး။ ဒါကြောင့်လည်း ကျုပ် အသက် ၇၆ နှစ်ရှိပြီ ခင်ဗျားက ကားပေါ်မှာ ဇိမ်နဲ့ထိုင်နေတယ် ကျုပ်က မတ်တပ်ရပ်ပြီး ပြောနေတယ် ဆိုပြီး ပြောခံရတာ။ ဒုတိယအချက်အနေနဲ့ ပြည်သူနဲ့ ပြောဆိုရာမှာ စကားနိုင်လုပြီး စကားအထအနကောက် record ယူထားကြနော် ပြောတာ ၃ ကြိမ်...ပြည်သူကို စကား အားရအောင် ပြောခွင့် ပေးဖို့ အလေးမထားဘူး။ ဒီအဘကြီး စကားမှားအောင် ထောက်ပြီး အမှားရှာတယ်။ တတိယအချက်အနေနဲ့ အခြေခံဥပဒေကို သေသေချာချာ ဖတ်မှတ်ထားဟန် မရှိဘူး။ပြင်ဆင်ရေး လုပ်နေတဲ့ ဒေါ်စုဟာ ပြင်ဆင်ရေး ပုဒ်မ နည်းနည်းလေးကို မသိဘူး။လမ်းဘေးက အဘကြီးက သူ့ထက်ပိုပြီး အခြေခံဥပဒေအကြောင်း သိနေတယ်။ ပုဒ်မ ၄၃၃ ဟာ အခြေခံဥပဒေပြင်ရင် ဒီလိုလုပ်ရမယ် ဆိုတာ ပြောထားတာ။.ဒေါ်စုက မသိတော့ ၄၃၆ ပြင်ချင်တာ ၄၃၃ ပြင်ချင်တာ မဟုတ်ဘူး ဆိုပြီး ပြန်ငြင်းတယ်။အဘကြီးက ၄၃၃ (က)နဲ့ (ခ) ကို သေသေချာချာ ဖတ်.....အဲဒီအတိုင်း လုပ်ဆိုပြီး ပြောတာ။.နောက် ရဲအရေးမပိုင်တဲ့အမှုတွေမှာ ဥပဒေအရာရှိက ပုဒ်မ သတ်မှတ်ပေးတယ် ဆိုတာ ဒေါ်စု မသိထားဘူး။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌက ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ပုံကို မသိထားတော့ အဘကြီးက ခင်ဗျား အရည်အချင်း သိပြီ ဆိုပြီး ကောက်ချက် ချသွားတယ်။ စတုတ္ထ အချက်အနေနဲ့ .သခင်သန်းထွန်းဟာ ဒေါ်စု ဦးလေး...ကွန်မြူနစ်တွေ တိုင်းပြည် ဖျက်ခဲ့တယ် ဆိုတာကို ပြောတော့ ဒေါ်စုက သွေးသားမတော်စပ်ဘူး ဆိုပြီး ပြန်ရှင်းတယ်။ ဗကပ ဘယ်လောက် ဆိုးတယ် ဘယ်လောက်ကြောက်ဖို့ကောင်းတယ် ဆိုတာ ဒီအဘကြီးတို့ ကိုယ်တွေ့.။ သူ ပြောချင်တာက ဒေါ်စုဟာ ကွန်မြူနစ်တွေလိုပဲ တိုင်းပြည်ဖျက်မယ့် လမ်းကို လျှောကက်တော့မယ်..ဒါ့ကြောင့် မလျှောက်ပါနဲ့ ဆိုပြီး ပြောတယ်။ ဒေါ်စုရဲ့ အမေ ဒေါ်ခင်ကြည်နဲ့ သခင်သန်းထွန်းရဲ့ မိန်းမ ဒေါ်ခင်ကြီးတို့က ညီအစ်မ အရင်းကြီးများ ဖြစ်တယ်။ သခင်သန်းထွန်းဟာ ဒေါ်စုရဲ့ ဦးလေး ဖြစ်တယ်” ဟု လူမှုကွန်ရက်မှ လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“ပဉ္စမအချက်အနေနဲ့ ဥပဒေကြောင်းအရ ထောက်တဲ့အချိန်မှာ ဒေါ်စု မပြောနိုင်သလို ၅၉(စ)ပြင်ချင်တာ မရလို့ ၄၃၆ ပြင်တယ် ဆိုတာကိုလည်း မချေပနိုင်ဘူး။ မှန်နေတာကိုး.။ ၅၉(စ) လုပ်တာ မရတော့ ၄၃၆ ကို ပြောင်းလိုက်ရတာ။ ဒါကို အောက်ခြေက ပြည်သူတွေ သိနေကြတယ်။ ဒါတွေကို ကြည့်လိုက်ရင် ဒေါ်စုရဲ့ အနေအထားဟာ ဘယ်လိုဆိုတာ ပေါ်လွင်လာစေခဲ့တယ်။ သတိပြုဖို့က ဒီအဘကြီးက ဒေါ်စုနားကပ်ပြီး လာတာ မဟုတ်ဘဲ ဒေါ်စုက ကားရပ်ပြီး လှမ်းခေါ်လို့ ရောက်လာတာ....ဆိုတာကိုလည်း မမေ့ဖို့ လိုတယ်” ဟု ၄င်းက သုံးသပ်သည်။

ဒေါ်စုနှင့် အငြင်းပွားခဲ့သော ဦးဆန်းလွင်လက်ထဲတွင် ကိုင်ဆောင်ထားခဲ့သည့် ဆိုင်းဘုတ်မှာ NLD ပါတီဝင်များနှင့် ၈၈ မျိုးဆက်များ အပုပ်ချနေသလို ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားသည် ဟူသော စာသားများ ပါဝင်ခြင်း မရှိဘဲ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ကန့်ကွက်ပါသည်” ဟူ၍သာ ရေးသားထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်စု မျက်နှာအပျက်ပျက်ဖြင့် ကားတံခါး ဇွတ်ပိတ်ကာ ဦးဆန်းလွင်အား အလေးထားသည့် အနေဖြင့် နှုတ်ဆက်ခြင်း မပြုတော့ဘဲ ကားမောင်းထွက်ခွါ သွားပြီးနောက် ပတ်ဝန်းကျင်ရှိ သတင်းထောက်များအား ဦးဆန်းလွင်က အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လက်မခံရသည့် အကြောင်းရင်းများ ရေးသားထား သည့် စာရွက်စာတမ်းများကို ပေးအပ်ခဲ့ကြောင်း၊ သို့သော်လည်း ဦးဆန်းလွင်ကိုယ်တိုင် ရေးသားထားသည့် အကြောင်းရင်း ရှင်းလင်းချက်များကို လက်ခံ ရယူခဲ့သည့် သတင်းထောက်များက ပြည်သူသို့ တင်ပြခြင်း၊ The Voice သတင်းစာ ၊ မဇ္ဈိမသတင်းစာ၊ Eleven သတင်းစာ၊ 7 Day သတင်းစာ၊ RFA ရေဒီယို၊ ကုမုဒြာဂျာနယ်၊ ပြည်ထောင်စုနေ့စဉ် သတင်းစာ အစရှိသည့် မီဒီယာများတွင် ထည့်သွင်း ဖော်ပြခြင်း မရှိခဲ့ဘဲ ထိန်ချန်ထားကြောင်း သိရှိရသည်။

“ဒေါ်စုကို ဒီလိုမျိုး ဥပေဒကြောင်းနဲ့ ခိုင်ခိုင်မာမာ ထောက်ပြနိုင်ခဲ့ပြီး ဒေါ်စု ဘာပြောရမှန်း မသိ ဖြစ်သွားစေခဲ့တဲ့ အဘကြီး ဦးဆန်းလွင် ရေးသားထားတဲ့ အကြောင်းရင်းတွေ၊ အကြောင်းပြချက်တွေကို လူထုသိအောင် မလုပ်ဘဲ ထိန်ချန်ထားတယ် ဆိုတာ သတင်းထောက်တွေ သစ္စာမရှိတာ၊ လူထုကို သစ္စာ ဖောက်တာ လို့ပဲ မြင်တယ်။ သတင်းထောက်တွေဟာ ဒေါ်စုရဲ့ ကိုယ်ပိုင် သတင်းထောက်တွေ မဟုတ်ဘူး။ ပြည်သူကို သတင်းအချက်အလက်ပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့်လည်း ပြည်တွင်းမီဒီယာတွေ ကျင့်ဝတ် မသိ၊ စည်းကမ်း မရှိ ဖြစ်နေတာ” ဟု နိုင်ငံရေးပါတီတစ်ခုမှ စည်းရုံးရေးမှူး တစ်ဦးက ပြောဆိုသည်။

PP™
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive