အသက် ၇၅-နှစ် အရွယ် အဖိုးကြီးက ကားလမ်းနဲ့ အဝေးကြီး လွတ်လွတ်ကင်းကင်းမှာ ရပ်ပြီး ၂၀၀၈-အခြေခံ ဥပဒေ ပြင်ရေးကို ကန့်ကွက်တယ်လို့ တရားဥပဒေ ဘောင်အတွင်းက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတယ်။

ဒါကို တိုင်းခန်းလှည့်လည်လာတဲ့ မယ်တော်ကြီးက ယာဉ်တော်ကို ရပ်ခိုင်းပြီး ၇၅-နှစ် အရွယ် ဦးဆုကို မောင်မင်း လာစမ်းလို့ လက်မရွံ့ကြီးတွေကို ခေါ်ခိုင်းတာ။ အိုကြီး အိုမ အဖိုးကြီးကို သူ့လူတွေနဲ့ ဝိုင်းထားပြီး လူအားနဲ့ အသာစီးရအောင် ခြိမ်းခြောက်ထားတာ။ အဖိုးကြီးကို အနောက်က ထိန်း ကိုင်ထားသူတွေ တောင် ရှိတယ်။ အကွက်ပိုင်ပြီး ဆိုတော့ မှ ကားပေါ်က မဆင်းပဲ မေးတော်မူတာ။

အဖိုးကြီး ဆန္ဒပြတဲ့ နေရာမယ် သူ့ကို ပံ့ပိုးပေးသူတွေလည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် သူကိုယ်တိုင်က လည်း သူ့ယုံကြည်ချက်နဲ့ ကိုက်ညီလို့ သဘောတူခဲ့ပုံပေါ်တယ်။ သူပြောသွားတဲ့ စကားတွေကို နားထောင် ကြည့်ရင် သူ့ရဲ့ ခံယူချက်၊ ယုံကြည်ချက် conviction ကို အရှင်းသား တွေ့နိုင်တယ်။

အဖိုးကြီးက ပြည်သူတွေကို ဒုက္ခရောက်အောင် မလုပ်ပါနဲ့လို့ လမ်းပေါ် မထွက်ခိုင်းပါနဲ့ ပြောတယ်။ တရားဥပဒေ ဘောင်အတွင်းက လုပ်ပါလို့ ပြောတယ်။

ကျွန်မ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး ဆိုပြီး မဆီမဆိုင်တွေ ဆွဲပြောလာတယ်။ အမှန်ကတော့ သူ့မှာ 'ပြည်သူတွေကို လမ်းမပေါ် ခေါ်သင့်ရင် ဆွဲ ခေါ်နိုင်တယ်' ဆိုတဲ့ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြောချင်တာ။ ဒါပေမယ့် အဲဒီ ကျွန်မ ဖေဖေ တည်ထောင်ခဲ့တယ် ဆိုတာနဲ့ အဖိုးကြီး တောင်းဆို နေတာနဲ့ ဘာမှ မဆိုင်ဘူး။ အဖိုးကြီးကို ကားပေါ်ကနေ ဟန်နဲ့ မာန်နဲ့ ပြောတဲ့ အခါ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဒီလို ပြောလိမ့်မယ်လို့ လုံးဝ မထင်ထားတဲ့ အဖိုးကြီးဟာ စိတ်ထိခိုက် သွားပုံရ တယ်။ အဲဒီမှာတင် အဖိုးကြီး ရင်ထဲက ခံစားချက်တွေ ပေါက်ထွက် လာတယ်။

ဂျပန်တွေကို ဗိုလ်ချုပ် မြန်မာပြည်ထဲ ခေါ်သွင်းလာခဲ့တဲ့ အတွက် သူ့အဖေ သေရတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှာ တာဝန်ရှိတယ်။ ဒါကြောင့် သူ့အဖေကို ဗိုလ်ချုပ် သတ်တယ်လို့ ပြောလိုက်တယ်။

ဗိုလ်ချုပ်ကို အဲဒီလို စွတ်စွဲကြတာဟာ အခုမှ မဟုတ်ဘူး။ လွတ်လပ်ရေး မရခင် ကထဲကပဲ။ ဘီအိုင်အေနဲ့ အတူဝင်လာတဲ့ ဂျပန်တွေ ကြောင့် မြန်မာတိုင်းရင်းသားတွေ အတော်များများ အသက်ဆုံးရှုံးရတယ်။ ခရိယာန် ဘာသာဝင် ကရင် လူမျိုး တွေလည်း အတော် ဒုက္ခ ရောက်ကြရတယ်။ ဗြိတိသျှတပ်တွေ မဆုတ်ခင် မြစ်ဝကျွန်းပေါ် ဒေသက ကရင်ရွာတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်နက်တွေ ပေးထားခဲ့တယ်။ အဲဒီမှာ တစ်ချို့က ဂျပန်တွေကို ခုခံတယ်။ တစ်ချို့ကလည်း ခရိယာန်တွေကို ပစ်မှတ်ထားပြီး ဒုက္ခပေးနေပြီ ဆိုတာမျိုး ကောလာဟလ တွေ ကြောင့် လက်နက် မချခဲ့ဘူး။ အဲဒီမှာ ပစ်ကြ ခတ်ကြတယ်။ မြောင်းမြလို မြို့တွေမှာ အထိကရုန်းတွေ ဖြစ်တယ်။ ဒီလို ဖြစ်ရပ်မျိုးတွေ အပြင် ဂျပန် ကင်ပေတိုင်က ဓားနဲ့ ခုတ်သတ် ဘက်နက်နဲ့ ထိုးသတ်လို့ သေရတဲ့ မြန်မာတွေလည်း အများကြီးရှိတယ်။ သူခိုး ဓားပြတွေက ဘီအိုင်အေ အယောင် ဆောင်ပြီး ရောင်တော်ပြန်နဲ့ ရော ကျိတ်လို့ ရွာလုံးကျွတ် ဒုက္ခပွေရတာတွေ ရှိတယ်။

ဒုတိယ ကမ္ဘာ စစ် အပြီး မြန်မာပြည်ဟာ ဖွတ်ဖွတ် ညက်ညက် ကြေ သွားတယ်။ ရေနံချောင်း၊ ချောက် တစ်ဝိုက်က ရေနံချက် စက်ရုံတွေ ရေနံသိုလှောင်ကန်တွေ ဒေါ်လာ ခြောက်သန်းတန် ဓာတ်အားပေး စက်ရုံကြီးတွေပါ သုံးစားလို့ မရတော့ဘူး။ ရထားလမ်း ကားလမ်းတွေ ပျက်စီး ကုန်တယ်။ ဧရာဝတီ မြစ်တစ်ကြောက အညာဆန် သင်္ဘောတွေ၊ ကုန်တင် သင်္ဘောတွေ၊ မြစ်ဝကျွန်းပေါ်သွား သင်္ဘောတွေ အကုန်မြုတ်ကုန်တယ်။ ရန်ကုန်း မန္တလေး တောင်ငူ မိတ္ထီလာ စတဲ့ မြို့ကြီးတွေ ပြာပုံဖြစ်ပြီး ဆီစက် ဆန်စက် သစ်စက် တွေ အကုန်လုံးနီးပါး ပျက်စီးကုန်တယ်။ ဂျပန်မဝင်ခင် အင်္ဂလိပ်က ဖျက်သွားတာနဲ့ ဂျပန်အဝင် ဗုံးကြဲတာနဲ့ ပေါင်းပြီး ပျက်စီး ကုန်တာ။ အဲဒီတော့ စစ်ပြီးခေတ် မြန်မာပြည်ဟာ စစ်မဖြစ်ခင် မြန်မာပြည် ဘာမှ မဆိုင်တော့ဘူး။ ဥစ္စာ ပစ္စည်း ဆုံးရှုံးမှုတွေသာမက သားကွဲ မယားကွဲ မိကွဲ ဖကွဲ ဖြစ်ရသူတွေ အများကြီးပဲ။

ဗြိတိသျှဝန်ကြီးချုပ် ဝင်စတင် (ခွေးဘီလူး) ချာချီကိုယ်တိုင်ကိုက ဗိုလ်ချုပ်အောင်ဆန်းကို စစ်ရာဇဝတ်ကောင် တစ်ဦး အနေနဲ့ သတ်မှတ်တာပဲ။ သွေးစွန်းနေတဲ့ လူသတ်သမားနဲ့ မဆွေးနွေးလိုဘူးလို့ ပြောခဲ့တာပဲ။ ကုလားသူကြီးကို ကွက်မြက်ခဲ့တဲ့ အတွက် ဗိုလ်ချုပ်ကို သူကြီးမိန်းမက အမှုဖွင့်ခဲ့တဲ့ အပေါ် သခင်ထွန်းအုပ် ကိုယ်တိုင် သက်သေလုပ်ခဲ့တာပဲ။

အဲဒါတွေ အတွက် ဗိုလ်ချုပ်မှာ တာဝန်ရှိသလား ဆိုရင် တာဝန်ရှိတယ်လို့ ပြောရမယ်။ သူကိုယ်တိုင်လည်း ဒေါ်မန် စမစ်ကို ရင်ဖွင့်ခဲ့တယ်။

ဒါပေမယ့် ဒါတွေဟာ အရေးကြီးလား ဆိုတော့ လွတ်လပ်ရေး ရဖို့ ကိုယ့်မင်းကိုယ့်ချင်းနဲ့ တိုင်းရင်းသားတွေ အကုန်လုံး စည်းစည်းလုံးလုံး နေနိုင်ဖို့က ပိုလို့ အရေးကြီးတယ် ဆိုတာကို ပြည်သူတွေက သိတယ်။ စစ်ဒဏ် အလူးအလဲ ခံခဲ့ရတဲ့ တိုင်းပြည်နဲ့ လူမျိုး မြန်မြန် အနာကျက်ပြီး တိုးတက်ရေး လမ်းကြောင်းပေါ် အမြန်ရောက်ဖို့ အရေးကြီးတယ် ဆိုတာ ပြည်သူတွေက သိတယ်။ ဒါကြောင့်မို့ ဗိုလ်ချုပ်ကို ခွင့်လွှတ်ကြတယ်။ မြန်မာ့ တပ်မတော် အပေါ် အငြိုးမထားခဲ့ ကြဘူး။ ပုဂ္ဂလိက ခံစားချက်တွေထက် တိုင်းပြည် အေးချမ်းပြီး ပြည်သူတွေ ကြီးပွါးဖို့က ပိုအရေးကြီးတယ်။ ဒါကြောင့် ဖြစ်ပြီးတာတွေကို သင်ပုန်းချေ ချေခဲ့ကြတာပဲ။

အဖိုးကြီးက ခံစားချက်နဲ့ လွှတ်ကနဲ ပြောလိုက်တဲ့ စကားဟာ အတော် တာသွားတယ်။ ဒါကို သဘောမပေါက်တဲ့ အခါ ခွေးအကြီး လှည်းနင်းသလို ဝူးဝူး ဝါးဝါး ချာလပါတ် ရမ်းကုန်တာ မြင်ရတော့ သနားမိတယ်။ အဓိကနဲ့ သာမညကို ခွဲခြား မြင်ကြည့်ဖို့ အဖိုးကြီးက ပြောသွားတာ ကို နားမလည် ရှာဘူး။

လူတိုင်းလူတိုင်း မိမိတို့ရဲ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်လို့ လေဖောလာတာ အနှစ် အစိတ် ကျော်ခဲ့ပြီ။ အခုလို သူ့ကို ဆန့်ကျင်လို့၊ သူ့အလိုမလိုက်လို့၊ သူနဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ ဆိုပြီး ဘယ်ပါတီဝင်မှ မဟုတ်တဲ့ ပြည်သူ တစ်ဦးကို ရန်သူလို့ သတ်မှတ်ပြီး ဖိနှိပ်ဖို့ ကြိုးစားလိုက်တာကြောင့် သူ အနှစ် အစိတ်ကျော် တစ်စိုက်မတ်မတ် လေဖောလာခဲ့တဲ့ လူ့အခွင့်အရေး ဆိုတာကြီးဟာ မြောင်းထဲရောက်သွားပြီ။ လူ့အခွင့်အရေးကို တကယ် လေးစားလို့ ပြောတာမဟုတ်၊ လူအထင်ကြီးခံချင်လို့ လူကြားကောင်းအောင် ပြောတာ ဖြစ်သွားပြီ။ သူပြောတဲ့ လူ့အခွင့်အရေး ဆိုတာကို သူကိုယ်တိုင်က ဖင်ကြား မညပ်ဖူးဆိုတာ ပြလိုက်ပြီ။ ကိုယ်တိုင် လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်လိုက်ပြီ။ သမိုင်းတွင်သွားပြီ။ ခဲလေသမျှ သဲရေကျပြီ။

တစ်သက်လုံး ဖုံးလာသမျှ တပ်ကုန်းက အဘ နဲ့တွေ့မှ ပေါ်ပြီ။


ရာဇ်ဓိရာဇာ
www.oppositeyes.inf

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive