မြန်မာနိုင်ငံမှာ လက်ရှိကောက်ယူနေတဲ့ သန်းခေါင်စာရင်းမှာ ယူအင်နဲ့ အနောက်နိုင်ငံကြီးများက အပြည့်အ၀ ကျောထောက်နောက်ခံ ပြုထားတဲ့ ဘင်္ဂါလီတွေက ရိုဟင်ဂျာလို့ ဖြေတဲ့အတွက် ထည့်သွင်းမကောက်ခံပဲ ချန်လှပ်ထားတာကို အလွန်စိုးရိမ်ပူပန်တယ်လို့ လူဦးရေဆိုင်ရာ ကုလအေဂျင်စီကပြောကြောင်းနဲ့ အစိုးရကို ကတိစကားမတည်သူအဖြစ် စွပ်စွဲကြောင်း အေဂျင်စီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အစိုးရဟာ သန်းခေါင်စာရင်းအတွက် နည်းပညာနဲ့ အကူအညီတွေ လိုအပ်တာကြောင့် တိုင်းရင်းသားစာရင်းမှာ ဘယ်တုန်းကမှ မပါခဲ့တဲ့ လူမျိုးကို ထည့်သွင်းမှတ်တမ်းတင်ဖို့၊ မြန်မာနိုင်ငံ အနှံ့အပြား ပဋိပက္ခမီး ကူးစက်လောင်ကျွမ်းစေခဲ့တဲ့ အရင်းအမြစ် အကြောင်းရင်းခံ လူမျိုးအမည်နာမကို မဖြစ်မနေ ထည့်သွင်းကောက်ခံဖို့ ယူအင်ရဲ့ တောင်းဆိုချက်ကို မလွဲမရှောင်သာ ခေါင်းညိတ်ခဲ့ရပုံ ရပါတယ်။
တစ်ဖက်မှာလည်း ဒီနာမည်ကို တရားဝင် ကျူးကျော်မယ့် ခြေတစ်လှမ်း ဖြစ်လာမှာ အလွန်စိုးရိမ်နေတဲ့ ရခိုင်ပြည်သူ တစ်ရပ်လုံးက သန်းခေါင်စာရင်းကို သပိတ်မှောက်ဖို့ အုံကြွတောင်းဆိုလာတဲ့အခါ အစိုးရဟာ ကိုယ့်ရဲ့ အဓိကတိုင်းရင်းသားလူမျိုးကြီးတော့ လုံးဝမပါဝင်ဘဲ လူမျိုးခြား တရားမ၀င် ဘင်္ဂါလီတော့ ပြည့်ပြည့်စုံစုံ ပါဝင်လာတယ်ဆိုရင် ပိုမိုဆိုးဝါးတဲ့ သန်းခေါင်စာရင်းရလဒ် ဖြစ်လာမှာကြောင့် တိုင်းရင်းသား ရခိုင်တွေကို အလျှော့ပေးလိုက်လျောပြီး ဘင်္ဂါလီဘက်ကို ကြပ်လိုက်ရတာလို့ ယူဆရပါတယ်။ ဒီလို ရိုဟင်ဂျာကို ဖြုတ်ပစ်လိုက်ရတာကိုလည်း ဘယ်ပြည်တွင်းအဖွဲ့အစည်း၊ လူမျိုး၊ ဘာသာ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကမှ ကန့်ကွက်ခဲ့တာ မရှိပါဘူး။ ဘက်မလိုက်ပဲ ရပ်တည်ရမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အမှန်တရားဘက်က ရပ်တည်တယ်လို့ ယူဆချင်စရာဖြစ်တဲ့ နိုင်ငံတကာ မီဒီယာတွေကပဲ ဆပ်စလူးစိန် ဖြစ်နေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ လ၀က ညွှန်ကြားရေးမှူးချုပ် ပြောစကားက ရှင်းပါတယ်။ ၂၀၁၂ ခုနှစ်ထိ အစဉ်အဆက် ကောက်ခံခဲ့တုန်းကလည်း ဘင်္ဂါလီလို့ပဲ ဖြေခဲ့တယ်။ သူတို့ကိုယ်တိုင် လက်ခံကိုင်ဆောင်ထားတဲ့ သက်သေခံ ကတ်ပြားတွေမှာလည်း ဘင်္ဂါလီလို့ပဲ ရေးသားမှတ်တမ်းတင်ထားတယ်ဆိုတော့ ရိုဟင်ဂျာဆိုတာ မိုးကျရွှေကိုယ်၊ မလွယ်ပေါက်က ခိုးဝင်လာတဲ့၊ ပြည်ပက တင်ပို့လိုက်တဲ့၊ ရည်ရွယ်ချက်ရှိရှိ ဖန်တီးလိုက်တဲ့ အမည်သစ်ဆိုတာ ထင်ရှားနေပါတယ်။ သန်းခေါင်စာရင်းကောက်တာလည်း ဒီတရားမ၀င်တဲ့ လူမျိုးကို တရားဝင်ဖြစ်ဖို့ ကြိုးပမ်းချက်အဖြစ် ၀ိုင်းဝန်းပံ့ပိုး ပူးပေါင်းကြံစည်ခဲ့ကြတာလားလို့ ယူဆချင်စရာပါ။ မြန်မာနိုင်ငံရဲ့ အဓိက တိုင်းရင်းသား လူမျိုးကြီးတစ်ခုလုံး သပိတ်မှောက်ချင် မှောက်ပါစေ၊ ရိုဟင်ဂျာဆိုတဲ့ မရှိသေးတဲ့အမည်ကိုတော့ ဖန်တီးမှကိုဖြစ်မယ်လို့ ခံယူချက်ထားရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးကိုလည်း သြချမိပါတယ်။

ဒီအေဂျင်စီသတင်းကို ရေးပို့တဲ့ မြန်မာလူမျိုး သတင်းထောက်က ရိုဟင်ဂျာတွေဟာ အစိုးရနဲ့ "အစွန်းရောက်အုပ်စုတွေ"က အခြာအမည်နဲ့ ခေါ်ဝေါ်ဖို့ ဖိအားပေးခြင်း ခံခဲ့ရပေမယ့် အလျှော့ပေး အညံ့ခံခဲ့ခြင်း မရှိကြောင်း ရေးသားပြီး ရခိုင်တစ်မျိုးသားလုံးကို အစွန်းရောက်အုပ်စုအဖြစ် စွပ်စွဲပုံဖော်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာလူမျိုးတွေရဲ့ ဒေသဆိုပြီး ရေးသားခဲ့ပေမယ့် သတင်းတစ်ပုဒ်လုံးမှာ ရခိုင်လူမျိုးဆိုတာ လုံးဝမပါဝင်အောင် သတိထား ရှောင်ကြဉ် ရေးသားခဲ့ပါတယ်။ ရခိုင်လူမျိုးလို့ အတိအကျ သုံးမယ့်အစား ဗုဒ္ဓဘာသာတွေလို့ပဲ လုံးပြီး သုံးစွဲခဲ့ပါတယ်။ ဒါတွင်မက လွန်ခဲ့တဲ့ နှစ်များအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအကြောင်း ရေးသားရာမှာ ဒီလူနည်းစုဘာသာဝင်တွေကို အကြမ်းဖက်တဲ့ ဗုဒ္ဓဘာသာလူအုပ်က သွေးထွက်သံယို တိုက်ခိုက်တဲ့အတွက် လူ ၂၈၀ လောက် သေဆုံးပြီး ၁၄၀၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်ဆိုပြီး သေဆုံးသူ၊ အိုးအိမ်မဲ့သူအားလုံးဟာ အပြစ်မဲ့တဲ့ ရိုဟင်ဂျာတွေ၊ သတ်ဖြတ်အကြမ်းဖက် ဖျက်ဆီးသူတွေ အားလုံးဟာ ဗုဒ္ဓဘာသာတွေဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်အောင် ရေးသားထားပါတယ်။

အဖြစ်မှန်ကို မြန်မာပြည်သူအားလုံး သိပြီးဖြစ်ပေမယ့် မသိသေးတဲ့ နိုင်ငံတကာ စာဖတ်ပရိသတ်အတွက်တော့ သူတို့လိုချင်တဲ့အကွက်ထဲ တန်းဝင်သွားအောင် ပါးပါးနပ်နပ် ပို့ပေးထားတာပါ။ အဲဒီမီဒီယာဟာ ဒုချီးရားတန်းဖြစ်ရပ်မှာ မဟုတ်မမှန်တဲ့၊ ရင်းမြစ်မခိုင်လုံတဲ့ သတင်းကို ရိုဟင်ဂျာလော်ဘီအဖွဲ့များကို ကိုးကားပြီး ကမ္ဘာအထိ ပွဲဆူသွားအောင် ဖြန့်ခဲ့တဲ့ မီဒီယာပါ။ အခုသတင်း တစ်ပုဒ်လုံးကိုလည်း ရိုဟင်ဂျာဘက် တစ်ဘက်တည်းက၊ အမြင်တစ်ခုတည်းကပဲ မျှတမှုကင်းမဲ့စွာ ဘက်လိုက်ရေးသားထားတာပါ။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကို ထည့်သွင်းကောက်ခံရင် တစ်ပြည်နယ်လုံး တစ်ညီတစ်ညွတ်တည်း သပိတ်မှောက်မယ်ဆိုတဲ့ သန်းခေါင်စာရင်း ကောက်ယူရေးကိစ္စအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့တဲ့ ရခိုင်တိုင်းရင်းသား လူမျိုးတစ်ရပ်လုံးရဲ့ ရပ်တည်ချက် သဘောထားကိုတော့ ဒီသတင်းမှာ လုံးဝဖော်ပြမထားပါဘူး။ လိုက်လည်းလိုက်တဲ့ လူသားချင်းစာနာတဲ့ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ သမာသမတ်ကျတဲ့ နိုင်ငံတကာ စတုတ္ထမဏ္ဍိုင်ပါပဲ။ မြန်မာနိုင်ငံကတော့ ရခိုင်တိုင်းရင်းသားပိုင် အနောက်ဘက် ကမ်းရိုးတန်းကို ဖဲ့ယူခွဲဝေပေးကမ်းဖို့ လက်ကြီးသမားများ ၀ိုင်းဝန်းလုပ်စားကြတဲ့ ခွင်အဖြစ် ဘယ်အချိန်အထိ အမဲဖျက်ခံနေရဦးမယ် မသိပါ။

(အောင်မြင်ထွန်း)

http://myanmar.wontharnu.com/

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive