From : ..the voice



စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့၌ အလုပ်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သူ အစ္စလာမ်ဘာသာဝင် အမျိုးသားကို စက်တင်ဘာလ ၄ ရက်တွင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသားကို ကန့်ဘလူမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ်ငါးနှစ်နှင့် ပုဒ်မ ၅၁၁ ဖြင့် ထောင်ဒဏ် ၂ နှစ်ကို သီးခြားစီကျခံစေရန် ချမှတ်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ယနေ့ မွန်းလွဲ ၃နာရီတွင် ပို့ဆောင်လိုက်ကြောင်း ကန့်ဘလူမြို့ခံတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းအမျိုးသားသည် ထန်းကုန်းမြို့တွင် နေထိုင်သူဖြစ်ပြီး ၄င်း၏မွေးစာရင်းအရ အသက် ၁၆ နှစ်နှင့် နှစ်လနီးပါးသာ ရှိသေးကြောင်း၊ ဉာဏ်ရည် ကောင်းစွာမပြည့်ဝသူ ဖြစ်သဖြင့် ခုနစ်တန်း အရောက်တွင် မိဘများက ကျောင်းဆက်မထား တော့ကြောင်း အစ္စလာမ်ဘာသာရေး ဆရာတစ်ဦးဖြစ်သူ ဦးရန်နိုင်က ပြောကြားသော်လည်း ဒေသခံအများစု ကမူ ၄င်းအမျိုးသားသည် သာမန်လူတစ်ဦးကဲ့သို့ ပြောဆို ဆက်သွယ်နိုင်ပြီး အသက် ၁၉ ခန့်ရှိပြီ ဖြစ်ကြောင်း ပြောကြားကြသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် သြဂုတ်လ ၂၄ ရက် နေ့က ထန်းကုန်းမြို့ရှိ အလုပ်မှ ပြန်လာသည့် အမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင် ဆန်းမင်းဦး(ခ) လွတ်ခမန်းက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ကို အကြောင်းပြု၍ အကြမ်းဖက် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ၄င်းအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကာ၊ သြဂုတ်လ ၂၈ ရက်နေ့တွင် အုတ်ဖိုကျေးရွာသားတစ်ဦး ဖြစ်သူ ဦးဆန်းချိုမှာ ရွှေဘိုမြို့နယ် ဆေးရုံတွင် သေဆုံးခဲ့သည်။

"ဖမ်းဆီးခံထားရတဲ့ ကျန်တဲ့သူတွေကိုတော့ စစ်ဆေးဆဲလို့ပဲ သိရတယ်။ သူတို့ကတော့ ရွှေဘိုအကျဉ်းထောင်မှာ၊ အခု ကောင်လေးကို ခုနစ်နှစ်ချလိုက်တာနဲ့ ပတ်သက်ပြီး ထူးထူးထွေထွေ ပြောစရာမရှိပါဘူး၊ ပြဿနာတစ်ခု အေးသွားတယ်လို့ပဲ မြင်ပါတယ်" ဟု အစ္စလာမ်ဘာသာဝင် ဦးမင်းကြည်ဦးက ပြောကြားသည်။

အဆိုပါ ထန်းကုန်းမြို့တွင် ၂၀၀၃ ခုနှစ်ကလည်း အမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မ ပြုကျင့်ခဲ့မှုဖြင့် ၄င်းတရားခံကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။


 .. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive