မြန်မာနိုင်ငံသားတိုင်း တန်ဖိုးထားဂုဏ်ယူရသည့် ရှေးဟောင်းမြို့တော်ပုဂံ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်နီးပါးကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်းမြို့တော် ပုဂံသည် မြန်မာနိုင်ငံသားများအတွက် ဂုဏ်ယူစရာအကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်မှာ ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံတွင် အဦးဆုံးမျိုးစေ့ချရာဖြစ်ပြီး ဒဏ္ဍာရီဆန်သော သမိုင်းကြောင်း၊ အံ့ဩဖွယ်ရာ ဗိသုကာလက်ရာများ၊ အနုပညာများမှာ နှောင်းလူသားတို့အတွက် လေ့လာသင်ယူစရာ မကုန်နိုင်အောင် ရှိနေသော ရှေးဟောင်းမြို့တော် ဖြစ်သည်။ မျက်မှောက်ကာလတွင် အံ့ဩစိတ်ပျက်စရာ ကြုံရလေလေ၊ အတိတ်က ဂုဏ်ယူစရာခေတ်ကာလများကို ပြန်တွေးသောအခါ ရှေးဟောင်းစေတီပုထိုးများ ပေါများလှသော ပုဂံက မပါမဖြစ်ပေ။

ထို့ကြောင့် မြန်မာများသာမက တစ်ကမ္ဘာလုံးမှ ခရီးသွားများ ရှေးဟောင်းမြို့တော်သို့ တကူးတက လာရောက်လေ့လာကြခြင်း ဖြစ်၏။

သို့သော် ယခုအခါ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တွင် စိန်ခေါ်မှုကြီးတစ်ခု ကြုံနေရပြီဖြစ်သည်။ ထိုအရာက ခရီးသွားများအတွက် ကြီးစွာသော စိတ်အနှောင့်အယှက်ဖြစ်စေပြီး ရှေးဟောင်းမြို့တော်၏ ထည်ဝါလှသော ပုံရိပ်ကို ထိခိုက်စေနိုင်သည်။

ရှေးလူတို့ ဝတ်ပြုဆုတောင်းမှုပြုရာ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေးအဆောက်အအုံများဖြစ်သည့် ပုဂံရှိစေတီပုထိုး ဂူကျောင်းအချို့သည် ယနေ့ခေတ်တွင်တော့ ချစ်တင်းနှောရာ နေရာတစ်ခု ဖြစ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်များအတွင်း 7Day က ပုဂံဒေသသို့ သွားရောက်စုံစမ်းလေ့လာရာတွင် အသုံးပြုပြီးသော ကွန်ဒုံးအများအပြားကို စေတီပုထိုးများနှင့် ဝတ်ကျောင်းတော်များတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။


(ရှေးဟောင်းမြို့တော် ပုဂံရှိ ချောင်ကျပြီး လူသူအရောက်အပေါက်နည်းသော စေတီပုထိုးအချို့ကို စုံတွဲအချို့ကို ချစ်တင်းနှောရာနေရာအဖြစ် အသုံးချနေသည်။ ရှေးဟောင်းစေတီပုထိုးအနီး စွန့်ပစ်ထားသော ကွန်ဒုံးအခွံများ/ဓာတ်ပုံ−ထွန်းခိုင်)

ဘုရားအမှတ် ၁၀၆၉ မှ စတင်ပြီး ၁၀၇၀ အထိ စေတီဝတ်ကျောင်းအများအပြား တစုတဝေးတည်းရှိရာ နေရာတစ်ခုတည်းတွင်ပင် အသုံးပြုပြီးသား ကွန်ဒုံးခုရေ ၁၀၀ ထက်မနည်း စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်။ အချို့မှာ ဟောင်းနွမ်းနေပြီး အချို့မှာ မကြာသေးမီရက်ပိုင်းအတွင်းကမှ စွန့်ပစ်ထားကြသည့်ပုံစံများဖြစ်သည်။

အလားတူပင် ချောင်ကျပြီး လူသူအရောက်အပေါက်နည်းရာ ပုဂံဘုရားအများအပြားတွင်လည်း အသုံးပြုပြီးသား ကွန်ဒုံးများ စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်။

အချို့သော ဘုရားပုထိုးများတွင် အတွင်းခံဘောင်းဘီများ၊ တစ်စစီခွဲထားသည့် ဘီယာပုလင်းခွံများ၊ မွေ့ရာဟောင်းများကိုလည်း စွန့်ပစ်ထားသည့် ကွန်ဒုံးများနှင့်အတူ တွေ့ရသည်။

အဆိုပါအဖြစ်အပျက်များသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေသည့် ပုဂံ၊ တစ်နှစ်တစ်နှစ် ကမ္ဘာလှည့်ခရီးသည် သိန်းချီလာရောက်လည်ပတ်နေသည့်ပုဂံ၊ မြန်မာနိုင်ငံ၏ အသည်းနှလုံးအဖြစ် တင်စားခေါ်ဝေါ်ကြသည့် ပုဂံဒေသအတွက် စိတ်ကသိကအောက်ဖြစ်စရာ စိန်ခေါ်မှုဖြစ်သည်။

ပျူမြို့ဟောင်းသုံးမြို့သည် မြန်မာတွင် ယူနစ်စကို၏ ပထမဆုံး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရပြီး နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ပုဂံအပါအဝင် ယဉ်ကျေးမှုမြို့ဟောင်းအချို့ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းနိုင်ရန် မြန်မာအစိုးရက ကြိုးစားလျက်ရှိသည်။

ယင်းကဲ့သို့သော အခြေအနေမျိုးတွင် ပုဂံဘုရားပုထိုးများ၌ ချစ်တင်းနှောသည့်ကိစ္စများ၊ စွန့်ပစ်ကွန်ဒုံးများမှာ အတားအဆီးတစ်ခုဖြစ်လာနိုင်ကြောင်း ပုဂံဒေသတွင် ရှေးဟောင်းသုတေသနပညာရှင်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်ကြိုင်ကပြောသည်။

‘‘အခုလည်း ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO တင်သွင်းဖို့ လုပ်နေတယ်။ ဒါတွေရှိရင် မကောင်းဘူးပေါ့’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးအောင်ကြိုင်က မှတ်ချက်ပေးသည်။

ပညာရှင်များ၏ အဆိုအရ ပုဂံခေတ်ကောင်းစဉ်ကာလများဖြစ်သော ၇ ရာစုမှ ၁၃ ရာစုအထိ နှစ်ပေါင်း ၆၀၀ ကျော် (အချို့ကား ၇ ရာစုထက် စောနိုင်သည်ဟု ဆိုသည်) အတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများတည်ရှိရာ ပုဂံဒေသသည် ကမ္ဘာလှည့်ခရီးသွားများအကြား သွားရောက်လည်ပတ်ရန် တစ်နေ့တခြား စိတ်ဝင်စားမှုမြင့်တက်လာသည့် ဒေသတစ်ခုလည်းဖြစ်သည်။

ရာစုနှစ်ပေါင်းများစွာ မပြုပြင်ဘဲထားသဖြင့် ထိခိုက်ပျက်စီးမှုများ၊ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ မူလလက်ရာများ ထိန်းသိမ်းခြင်းမဟုတ်ဘဲ တပ်မတော်အစိုးရလက်ထက်တွင် အသစ်ပြန်လည်ပြုပြင်ခြင်းကဲ့သို့သော လူတို့ကြောင့် ရှေးဟောင်းလက်ရာများ ပျက်စီးမှုများရှိခဲ့သည့်တိုင်အောင် ပုဂံဒေသသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်နေဆဲဖြစ်သည်။

ကမ္ဘာတစ်ဝန်း စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့်ကြားမှပင် အစိုးရသစ်လက်ထက်တွင် ပုဂုံဒေသသို့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ တရိပ်ရိပ်တက်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသည် နှစ်သိန်းခန့် လာရောက်ခဲ့သည်။ အဆိုပါအရေအတွက်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွားစုစုပေါင်း၏ ၁၀ ပုံတစ်ပုံခန့်ဖြစ်သည်။ ယင်းစာရင်းဇယားအရ ကမ္ဘာလှည့်ခရီးသည် ၁၀ ဦးလာတိုင်း တစ်ဦးမှာ ပုဂံကိုသွားနေခြင်းဖြစ်သည်။

ပုဂံဒေသသို့ လာရောက်ကြသည့် ခရီးသည်အရေအတွက်သည် တစ်နှစ်လျှင် ၅၀ ရာခိုင်နှုန်း ထပ်မံတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ယခုနှစ်တွင် ခရီးသွားသုံးသိန်းအထိ လာရောက်မည်ဟု မှန်းထားကြသည်။

အဆိုပါနိုင်ငံခြားသားခရီးသွားများကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရာပေါင်းများစွာ အလုပ်ဖြစ်ခဲ့ပြီး ထောင်သောင်းချီသော နိုင်ငံသားများ အလုပ်အကိုင်အခွင့်အရေးများ ရလျက်ရှိသည်။

ခရီးသွားများကြောင့် နိုင်ငံအတွက်လည်း ဝင်ငွေဖြောင့်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဇုန်ဝင်ကြေးတစ်ခုတည်းပင် ဒေါ်လာသုံးသန်းနီးပါး ရရှိခဲ့သည်။ ယင်းပမာဏသည် ကမ္ဘာလှည့်ခရီးသည်များအတွက် မဖြစ်မနေပေးဆောင်ရသည့် ဇုန်ဝင်ကြေးတစ်ခုတည်းအတွက်ဖြစ်ပြီး ခရီးသွားများ၏ အသုံးစရိတ်များ ထည့်သွင်းတွက်ချက်ပါက ယင်းပမာဏထက် များစွာပိုမည်ဖြစ်သည်။

မီးခိုးမထွက်သည့်စက်ရုံအဖြစ် နှစ်ပေါင်းများစွာကြာအောင် မြန်မာနိုင်ငံအတွက် အကျိုးပြုခဲ့သည့် ပုဂံခရီးသွားလုပ်ငန်းအတွက်လည်း စွန့်ပစ်ကွန်ဒုံးများနှင့် ဘုရားစေတီများအကြား ချစ်တင်းနှောမှုများမှာ အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်လျက်ရှိသည်။

‘‘Package Toure (ကြိုတင်သတ်မှတ်ထားတဲ့အစီအစဉ်နဲ့ လာသည့်ခရီးသွား)ဆိုရင် ပြဿနာမရှိဘူး။ နာမည်ကြီးတဲ့ဘုရားတွေကို လိုက်ပို့ပေးရုံပဲ။ တခြားဘုရားတွေကို သွားချင်တဲ့ခရီးသွားတွေဆိုရင်တော့ ရှောင်ပြီးပို့ပေးရတာပေါ့’’ဟု ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောသည်။

အဆိုပါမြင်ကွင်းများကို နာမည်ကျော်ကြားသည့် ဘုရားများသို့ သွားရောက်လည်ပတ်သည့် ခရီးသွားများ ရှောင်လွဲနိုင်မည်ဖြစ်သော်လည်း စက်ဘီး၊ ဆိုင်ကယ်များဖြင့် ဘုရားတိုင်းနီးပါး သွားရောက်လည်ပတ်ကြသည့် ခရီးသွားများအတွက်တော့ ထိပ်တိုက်တွေ့မြင်ရမည်မှာမလွဲ။

ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံခြားသားခရီးသွားများ အရောက်အပေါက်များလာသည့် မထင်မရှားဘုရားများတွင် စွန့်ပစ်ထားသည့် ကွန်ဒုံးများ၊ အသုံးအဆောင်ပစ္စည်းများကို ကမ္ဘာလှည့်ခရီးသွားများမတွေ့စေရန် မြင်းလှည်းမောင်းသူများက ကိုယ်ပိုင်အစီအစဉ်ဖြင့် ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ပုဂံအခြေစိုက် ခရီးသွားလမ်းညွှန်များက ပြောသည်။

ပုဂံဒေသရှိ ဘုရားပုထိုးများတွင် ချစ်တင်းနှောခြင်းက ယခုမှစသည်တော့မဟုတ်။ ကာလရှည်ကြာ မကုဘဲထားသည့် ဝေဒနာတစ်ခုသည် ရောဂါရင့်မာလာသကဲ့သို့ပင် ယခင်ကတည်းကရှိခဲ့သည့် ယင်းဓလေ့သည် ယခုအခါတွင် ပိုမိုများပြားလာခြင်းသာဖြစ်သည်။

7Day မှ တွေ့ဆုံမေးမြန်းခဲ့သူတစ်ဦးက ဘုရားများတွင် ချစ်တင်းနှောနေခြင်းကို ၁၉၆၀ ဝန်းကျင်ကတည်းက မြင်တွေ့ဖူးကြောင်း ပြောသည်။ ထိုကာလထက်စောသည့် အချိန်ကတည်းက ယင်းအပြုအမူသည် ပုဂံဒေသတွင် ရှိနိုင်ကြောင်း ၎င်းကပြောသည်။

လာရောက်ချစ်တင်းနှောကြသူများထဲတွင် ပုဂံမြို့နှင့်အနီးတစ်ဝိုက်မှ ဒေသခံများ လူငယ်သဘာဝ ပျော်ပါးကြသည်များရှိသလို အခကြေးငွေပေးကာ ပျော်ပါးကြသူများလည်းရှိကြောင်း ဒေသခံများကပြောသည်။ တစ်ခါတစ်ရံတွင် နိုင်ငံခြားသားခရီးသွားအချို့လည်း ပါဝင်ကြောင်း ၎င်းတို့ကပြောသည်။

7Day မှ တွေ့ဆုံမေးမြန်းခဲ့သူများထဲတွင် ပုဂံဒေသနှင့်အနီးတစ်ဝိုက်မှ ဒေသခံလူငယ်များလည်း ပါဝင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် ကိုယ်တိုင်ချစ်တင်းနှောဖူးသူများ၊ အခြားသူများ ချစ်တင်းနှောသည်ကို တွေ့မြင်ခဲ့ဖူးသူများ ပါဝင်သည်။

၎င်းတို့၏ ပြောစကားများအရ ပုဂံဒေသသည် ရန်ကုန်အပါအဝင် အခြားမြို့များကဲ့သို့ လူငယ်များတွေ့ဆုံရန် ပန်းခြံ၊ ရုပ်ရှင်ရုံကဲ့သို့သော အပန်းဖြေနိုင်သည့် နေရာများမရှိခြင်းကြောင့် ချောင်ကျသည့် ဘုရားစေတီများသည် လူငယ်များ၊ သမီးရည်းစားစုံတွဲများ အချိန်းအချက်ပြုလုပ်သည့် တစ်ခုတည်းသော နေရာများဖြစ်လာသည်ဟု ဆိုသည်။

‘‘မြို့က အရမ်းကျဉ်းတော့ လူငယ်တွေချိန်းတွေ့ရင် သတင်းက ချက်ချင်းပြန့်သွားတယ်။ ရန်ကုန်လို ပန်းခြံတွေ၊ ဘာတွေလို လွတ်လွတ်လပ်လပ်တွေ့ဖို့လည်း အဆင်မပြေဘူး။ ဒီက ဟိုတယ်တွေ၊ တည်းခိုခန်းတွေကျတော့လည်း ဒီဒေသခံတွေပဲ အလုပ်လုပ်နေကြတော့ မျက်နှာသိတွေမို့ ဘယ်သူမှမသွားကြဘူး။ အဲဒါကြောင့် ချိန်းတွေ့ရင် ဘုရားပဲသွားနေကြတယ်’’ဟု အမည်မဖော်လိုသည့် အသက်(၂၅)နှစ်ခန့်အရွယ် ပုဂံမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တစ်နယ်တစ်ကျေးမှ လာရောက်သူများနှင့် စာဖတ်သူတို့အကြားတွင် အထူးအဆန်းသဖွယ် ဖြစ်နေသော်လည်း ဒေသခံအချို့တို့အဖို့တော့ နှစ်ရှည်လများကြုံတွေ့နေရသည့် အထက်ပါအဖြစ်အပျက်များက အထူးအဆန်းမဟုတ်တော့။

ဘုရားပုထိုးများတွင် ချစ်တင်းနှောနေသည့် ဖြစ်စဉ်များ တွေ့ပါက ဟန့်တားခြောက်လှန့်ခြင်းမျိုးထက် စောင့်ကြည့်ကြခြင်း၊ အဝေးသို့ထွက်သွားခြင်းမျိုးဖြင့်သာ တုံ့ပြန်မှုများက ပိုများကြောင်း ပုဂံဒေသတွင် နှစ်ပေါင်း ၂၀ နီးပါး ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသည့် ဦးကျော်ဆွေကပြောသည်။

‘‘စုံတွဲတွေက အဖော်တွေနဲ့ လာတာလည်းရှိတယ်။ လာဟန့်တဲ့သူက တစ်ယောက်တည်းလာလို့ရှိရင် အန္တရာယ်ပြုလွှတ်တာတွေလည်းရှိတယ်’’ဟု ဧည့်လမ်းညွှန်ဦးကျော်ဆွေက ပြောသည်။

ခေတ်အဆက်ဆက် အာဏာပိုင်များကလည်း ယင်းပြဿနာကို တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။ ရှေးဟောင်းသုတေသနဦးစီးဌာနမှ အရာရှိများ၊ ဒေသခံရဲတပ်ဖွဲ့ဝင်များက ဘုရားပုထိုးများသို့ သွားရောက်စစ်ဆေး၊ စောင့်ကြည့်ခြင်းဖြင့် ယင်းပြဿနာကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ဖူးကြောင်း ရှေးဟောင်းသုတေသနအရာရှိဟောင်းအချို့က ပြောသည်။

သို့သော်လည်း စေတီပုထိုးများ၊ ဝတ်ပြုဆုတောင်းကျောင်းများ ထောင်နှင့်ချီပြီးတည်ရှိသည့် ပုဂံဒေသတွင် နေရာတိုင်း၊ အချိန်တိုင်းတော့ မည်သူမျှစောင့်မကြည့်နိုင်။ ၁၉၆၈ က ကောက်ယူထားသည့် စာရင်းများအရ ပုဂံဘုရားအရေအတွက်သည် ၂၂၁၇ ဆူရှိသည့်အတွက် ယင်းနေရာများကို အခါမလပ်စောင့်ကြည့်ရန် ၈ နာရီတစ်ဆိုင်း တာဝန်ယူမည့် ဝန်ထမ်းပေါင်း ၆,၆၀၀ ကျော် လိုအပ်မည် ဖြစ်သည်။

လက်ညှိုးထိုးမလွဲ နေရာမလပ်ရှိနေသည့် ပုဂံစေတီပုထိုးများအတွင်း ယင်းအပြုအမူမျိုး ပပျောက်သွားရန် ပညာပေးစည်းရုံးသည့် လှုံ့ဆော်မှုတစ်ရပ်ပြုလုပ်ခြင်းက အထိရောက်ဆုံးဖြစ်မည်ဟု ယူဆကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုကပြောသည်။

‘‘ပညာပေးလှုံ့ဆော်ရေးအစီအစဉ် လုပ်မှရမယ်။ နေရာကကျယ်လွန်းတော့ ပညာပေးလှုံ့ဆော်ရေးအစီအစဉ်လုပ်တာ အကောင်းဆုံးပဲ’’ဟု ဦးဇော်ဝင်းချိုကပြောသည်။

ပုဂံဒေသတွင် အဆိုပါအပြုအမူမျိုးပပျောက်ရန် အပါအဝင် ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)တစ်ခု ဖွဲ့စည်းပြီး ဖြေရှင်းရန်ကြိုးစားနေကြောင်း ပုဂံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးအောင်ကြိုင်က ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁,၀၀၀ ခန့်ကတည်းက မြို့ပြနိုင်ငံအဖြစ် ဖွံ့ဖြိုးနေသည့် ပုဂံသည် စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များနှင့် လူလုပ်အဖျက်အဆီးများကို ကြံ့ကြံ့ခံရင်း တစ်ချိန်က သူ၏ကျော်ကြားမှုနှင့် ဂုဏ်ပကာသနတို့ကို ပြန်လည်ရရှိရန် အခွင့်အရေးတစ်ခုလမ်းပွင့်လာပြီ ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပွင့်လင်းမှုနှင့်အတူ သမိုင်းတွင် မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသည့် အရေအတွက်မျိုးဖြင့် ကမ္ဘာ့နိုင်ငံအနှံ့မှ ခရီးသွားများသည် ပုဂံ၏ခံ့ညားထည်ဝါမှုကို လာရောက်ကြည့်ရှုနေကြသည်။

ကမ္ဘာက စိတ်ဝင်စားသည်မှာ ရှေးမြန်မာတို့၏ ခမ်းနားပုံများသာ ဖြစ်လိမ့်မည်။ အသုံးပြုပြီးသား ကွန်ဒုံးများ၊ စွန့်ပစ်အတွင်းခံများ၊ တစ်စစီကွဲကြေနေသည့် ဘီယာပုလင်းခွံများနှင့် မွေ့ရာဟောင်းများကို ကြည့်ရှုရန်အတွက်တော့ မိုင်ပေါင်းထောင်ချီကာ လေယာဉ်စီးပြီး မည်သူမျှလာလိမ့်တော့မည်မဟုတ်။

အဆိုပါစိန်ခေါ်မှုကို မြန်မြန်ဆန်ဆန် အဖြေရှာရမည်ဖြစ်သည်။


ဓာတ်ပုံ−ငြိမ်းချမ်း
7Day Daily









0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive