Proportional Representation (PR) စနစ်ဆိုတာ မဲဆန္ဒနယ်တစ်နယ်တွင် ၀င်ရောက်အရွေးခံသူ ကိုယ်စားလှယ်လောင်းများအနက် မဲအများဆုံးရရှိသူကိုယ်စားလှယ်လောင်းကို အနိုင်ပေးပြီး လွှတ်တော်သို့ကိုယ်စားလှယ်အဖြစ် မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်စေလွှတ်သည့် စနစ်မျိုးမဟုတ်ဘဲ၊ မဲဆန္ဒနယ်ကြီးတစ်ခုလုံး(ဒေသ/ပြည်နယ်/တိုင်း/နိုင်ငံ)အတွက် ရွေးကောက်ပွဲမှာပါဝင်တဲ့ ပါတီတွေရရှိတဲ့ မဲရရှိမူ့ ရာခိုင်နူန်းပေါ်မူတည်ပြီး လွှတ်တော်တွင်းကိုယ်စားလှယ်နေရာတွေကို ပါတီတွေကအချိုးကျနေရာ ခွဲဝေယူကြရတဲ့စနစ်ဖြစ်ပါတယ်။ မဲပေးခြင်း နှင့် မဲရေတွက်ပုံစနစ် အလွန် ရှုပ်ထွေးပြီး၊ မဲမသမာမှုများ ပိုမိုပေါ်ပေါက်နိုင်ကာ၊ ဆန္ဒမဲပေးမဲ့ ပြည်သူတွေနဲ့ မဲရုံတာဝန်ယူသည့်ဝန်ထမ်းများကိုပါ စနစ်တကျ ပညာပေးသင်ကြားမှူ လုပ်နိုင်မှသာ အောင်မြင်နိုင်တဲ့ ရွေးကောက်ပွဲစနစ်မျိုးလည်းဖြစ်ပါတယ်။

PR စနစ်မှာ မူကွဲအချို့ရှိပေမဲ့ ယေဘူယျအားဖြင့် ပြည်သူတွေက ပါတီတွေကိုဆန္ဒမဲဖြင့် ရွေးချယ်ပြီး၊ ပါတီတွေက မိမိတို့ရရှိတဲ့ မဲရာခိုင်နူန်းအလိုက် အချိုးကျခွဲတမ်းဖြင့် ကိုယ်စားလှယ်တွေကို လွှတ်တော်သို့ ရွေးချယ်စေလွှတ်ကြခြင်းဖြစ်ပါတယ်

မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲတွေ အလဟသမဖြစ်ခြင်း နှင့် ပါတီကြီး၊ ပါတီငယ် စုံလင်စွာ လွှတ်တော်အတွင်း ရောက်ရှိနိုင်ခြင်းကို PR စနစ်ရဲ့ ကောင်းကွက်လို့ ဆိုကြပေမဲ့၊ ဒီမိုကရေစီအသွင်ကူးပြောင်းစ စပ်ကူးမတ်ကူး ကာလသာရှိသေးတဲ့၊ ဘာသာရေး လူမျိုးရေး ပဠိပက္ခပေါင်းစုံကို ပြေလည်အောင် မဖြေရှင်းနိုင်သေးတဲ၊့ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိပြီး မငြိမ်းချမ်းသေးတဲ့၊ ကိုယ်ကျိုးကြည့် အာဏာရူးနိုင်ငံရေးသမားတွေပေါများတဲ့၊ တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံသားဖြစ်နေကြသော တိုင်းတစ်ပါးသားလူမျိုးခြားတွေများတဲ့၊ ရွေးကောက်ပွဲတွေနဲ့ ထိတွေ့ယဉ်ပါးမှူနည်းသေးတဲ့၊ ခေတ်မှီစက်ကိရိယာတွေ အသုံးပြုပြီး မဲပေးနိုင်ခြင်း ရေတွက်နိုင်ခြင်း မရှိသေးတဲ့ ကျွန်တော်တို့လို နိုင်ငံမျိုးအတွက်တော့ သူ့ရဲ့ကောင်းကွက်ကပင်လျှင် ဆိုးကွက်ကြီးကို ဖြစ်သွားစေမှာပါ။

PR စနစ်ရဲ့ဆိုးကျိုးသက်ရောက်မှူကိုတော့ တိုင်းရင်းသားတွေက ပိုပြီးခံစားကြရမှာပါ။ အခုလက်ရှိ FPTP (First Past The Post) စနစ်ကျင့်သုံးတဲ့ အနေအထားမှာတောင် တိုင်းရင်းသားများ၏ လိုအပ်ချက်များနဲ့တန်းတူညီမျှတဲ့ အခွင့်အရေးရရှိမှူအတွက် တောင်းဆိုချက်အားလုံးလိုလို လွှတ်တော်များ၌ ထောက်ခံသူနည်းပါးပြီး ပယ်ချခံနေရတာပါ။

PR စနစ်သာကျင့်သုံးမယ်ဆိုရင်တော့ တိုင်းရင်းသားပါတီများက ကိုယ့်ပြည်နယ် ကိုယ့်ဒေသတွင် ဆန္ဒမဲအများစု ရပေမဲ့ ဆန္ဒမဲအထိုက်အလျှောက်ရသော ယင်းဒေသတွင်ဝင်ပြိုင်သည့် အခြားပါတီများကိုပါ အချိုးအစားအလိုက် နေရာခွဲပေးလိုက်ရမှာပါ။ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အရေအတွက် ယခုထက်ပိုမို နည်းပါးသွားပြီး၊ လွှတ်တော်များသည် တိုင်းရင်းသားများအတွက် လုံးဝအကျိုးမရှိသော ဗလာနတ္ထိနေရာကြီးသာ ဖြစ်သွားပေလိမ့်မည်။

ပြည်နယ်အစိုးရအဖွဲ့များတွင်လဲ ဒေသခံတိုင်းရင်းသားများပါဝင်နိုင်မှု လျှော့နည်းသွားပြီး၊ ဒေသခံတိုင်းရင်းသားများကို ကိုယ်စားမပြုတော့ဘဲ၊ ဒေသအကျိုးစီးပွါးဖော်ဆောင်လိုမှူ လျှော့နည်းသော ပြည်ထောင်စုအစိုးရနှင့် ထူးမခြားနားအဖွဲ့အစည်းတစ်ခု ဖြစ်သွားပေလိမ့်မည်။

တိုင်းရင်းသားများ တန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ ပြည်ထောင်စုအစိုးရ၏ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းရင်းသားပြည်နယ်အစိုးရများနှင့် အာဏာသုံးရပ်ခွဲဝေကျင့်သုံးရေး၊ ပြည်နယ်တွင်းမှ ထွက်ရှိသော မြေပေါ်မြေအောက် သံယဇာတများ ခွဲဝေသုံးစွဲရေး၊ ပြည်နယ်တွင်းနှင့်ထိစပ်နယ်စပ်ကုန်သွယ်ရေးများမှ ရရှိသည့် အကျိုးအမြတ်များ၊ အခွန်အခများအား အချိုးကျ ခွဲဝေရေး စသည့် ဖက်ဒရယ်ပြည်ထောင်စု ဆိုင်ရာကိစ္စရပ်များလဲ လေမှာအရုပ်ရေးသလို ဖြစ်သွားပေလိမ့်မည်။

တိုင်းရင်းသားပြည်နယ်များရှိ လွှတ်တော်များ နှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ပြည်မမှပါတီများ နေရာပိုရရှိလာမည့်အပြင်၊ တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံသားဖြစ်နေကြသော တိုင်းတစ်ပါးသားလူမျိုးခြားပါတီများလည်း မဲရရှိမှူအချိုးအစားအလိုက် နေရာရလာပေလိမ့်မည်။ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် များတွင်သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ တွင်သော်လည်းကောင်း တိုင်းတစ်ပါးသားလူမျိုးခြားပါတီများ နေရာရလာပေလိမ့်မည်။ တိုင်းတစ်ပါးသားလူမျိုးခြားပါတီများတွင် သူတို့၏မူရင်းနိုင်ငံ အကျိုးစီးပွါးကို ကာကွယ်လိုသူများ အပါအဝင် အကြမ်းဖက်နှင့်အစွန်းရောက်ဝါဒီများလည်း ပါလာနိင်ပေရာ အမျိုး ဘာသာ သာသနာ အတွက်သော်လည်းကောင်း၊ နိုင်ငံတော် လုံခြုံမှူဆိုင်ရာ နှင့် နယ်စပ်ပြသာနာများကို ကိုင်တွယ်ဖြေရှင်းရာ၌ပါ မတင်မကျဖြစ်မှူများ၊ ဆုံးရှုံးမှူများ ဖြစ်လာနိုင်ပေသည်။

ထို့ပြင် လွှတ်တော်တွင်း ပါတီအလွန်များပြားလွန်းသဖြင့် ခိုင်မာသောဥပဒေများ ပေါ်ထွန်းနိုင်ရန်ကြန့်ကြာခြင်း၊ ယတိပြတ် ဆွေးနွေးအတည်ပြုဆုံးဖြတ်ချက်များ ရရှိနိုင်ရန်ခဲယဉ်းခြင်း တို့ဖြစ်လာနိုင်ပေသည်။

ပြည်ထောင်စုအစိုရဖွဲ့စည်းရာတွင်လည်း လွှတ်တော်တွင်းပါတီတစ်ခုထဲက လုံလောက်သော ကိုယ်စားလှယ် ပမာဏ မရရှိနိုင်သဖြင့် အမြဲတမ်း ညွန့်ပေါင်းအစိုးရဖွဲ့ရခြင်း။ ပါတီအများအပြားနှင့်ညှိနှိုင်းရသဖြင့် အစိုရဖွဲ့စည်းရန်အချိန်ကြန့်ကြာခြင်း၊ အစိုးရဖွဲ့မတည်မငြိမ်ဖြစ်ပြီး ပါတီများအလိုကျ အပြောင်းအလဲပြုလုပ်ပေးရခြင်း၊ အမှန်တစ်ကယ် အရည်အချင်းမရှိသော်လည်း ပါတီတစ်ခုချင်းစီ၏ ထောက်ခံမှူကြောင့် အစိုးရအဖွဲ့အတွင်းနေရာပေးထားရခြင်း၊ နိုင်ငံတည်ဆောက်ရေးအတွက် ခိုင်မာပြတ်သားသော ပေါ်လစီများ၊ စီမံကိန်းများ ချမှတ်နိုင်ရန်ခဲယဉ်းခြင်းတို့ ဖြစ်လာနိုင်ပေသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒမဲဖြင့် လွှတ်တော်ကိုယ်စားလှယ်ကိုသော်လည်းကောင်း၊ ပါတီကိုသော်လည်းကောင်း မကြိုက်၍၊ အရည်အသွေး၊ အရည်အချင်း မရှိ၍၊ မိမိတို့တွက် တာဝန်ခံမှုမရှိ၍၊ အကျိုးမပြု၍ နိုင်ငံရေးစင်မြင့်မှ လုံးလုံးလျားလျား ဖယ်ရှားပစ်နိုင်ရန်လည်း PR စနစ်တွင် မဖြစ်နိုင်ပေ။ ပါတီတွေက နည်းနည်း များများ ရရှိတဲ့ မဲရာခိုင်နူန်းအလိုက် အချိုးကျခွဲတမ်းဖြင့် ကိုယ်စားလှယ်နေရာရနေခြင်းကြောင့်ပင်ဖြစ်သည်။

အချိန်အခါမသင့်ဘဲ ဤ PR စနစ်ကိုအလျင်စလို အသက်သွင်းပုံဖော်နိုင်ရန် ကြိုးစားလိုက်ခြင်းသည် သာတူညီမျှစနစ်ဖြင့် အေးအတူပူအမျှ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုကြသော တိုင်းရင်းသားများကို အတင်းချောင်ပိတ်ပြီး ထွက်ပေါက်အနေဖြင့် ပြည်ထောင်စုမှခွဲထွက်ခွင့်များ တောင်းဆိုလာကြသည်အထိ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် တမင်များဖန်တီးလေသလား သို့တည်းမဟုတ် မိမိတို့ထိုင်ခုံနေရာပျောက်မှာ အလွန်အမင်း အစိုးရိမ်လွန်ကဲပြီး တိုင်းပြည်မျက်နှာမကြည့်ဘဲ မထူးဇာတ်များ ခင်းလေရော့သလား ဆိုသည်ကိုကား ဖန်တီးသူမောင်ရှင်များတွင်သာ အဖြေရှိပေလိမ့်မည်။

အချုပ်အားဖြင့်ဆိုရသော် လက်ရှိအနေအထားအရ ဤ PR စနစ်၏ဆိုးရွားသောဒဏ်ကို ကောင်းကောင်းကြီး လှိမ့်ပိန့်ခံစားကြရမည့်သူများကား တိုင်းရင်းသားများသာ ဖြစ်ပြီး၊ ထိပ်ဆုံးမှ အလူးအလဲ ခံစားကြရမည့်သူများကား ရခိုင်ပြည်နယ် နှင့် ရခိုင်သူ၊ ရခိုင်သားများပင် ဖြစ်ပါကြောင်း။

“အတ္တာဟိအတ္တနောနာထော”
ဇင်မောင်ရဲ

မှီငြမ်း။ ။ Electoral System Design: the New International IDEA Handbook နှင့် တွေ့သမျှ၊ မြင်သမျှ အားလုံး။

Coral Arakan News

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive