သင်္ကန်းကို အကြောင်းပြုပြီး စိတ်မချမ်းမြေ့စရာတွေ မြင်တွေ့ကြားသိနေရတာမို့ သင်္ကန်းနဲ့ ပတ်သက်ပြီး ပြောပြချင်တာလေးတွေ ရှိလာပါတယ်။ အခုနောက်ပိုင်းမှာ အနုပညာ အသိုင်းအဝိုင်းက သင်္ကန်းကို မရိုမသေ လုပ်တာတွေ မြင်လာတွေ့လာရတာ စိပ်လာပါတယ်။ မရိုမသေ လုပ်တယ် ဆိုတာက ကိုရင်အစစ် ရဟန်းအစစ် မဟုတ်ပါဘဲ သင်္ကန်းကို ဝတ်ရုံပြီး သရုပ်ဆောင်နေကြတဲ့ ပြကွက်တွေကို ဆိုလိုတာပါ။ ပြီးခဲ့တဲ့ သင်္ကြန်တွင်းမှာ ဆိုရင်လည်း လူပုဂ္ဂိုလ်တချို့ သင်္ကန်းကို ဝတ်ရုံပြီး သံချပ်ထိုးနေကြတဲ့ ဓာတ်ပုံတွေကို Facebook မှာ တွေ့လိုက်ရပါတယ်။

သင်္ကန်းကို ပါဠိလို သုံးနှုန်းရာမှာ အရဟတ္တဓဇ၊ ကာသာဝ၊ စီဝရဆိုတဲ့ ပါဠိပုဒ် သုံးပုဒ်က အသုံးများပြီး ထင်ရှားပါတယ်။ ဒီပါဠိသုံးပုဒ်ကို မြန်မာပြန်မယ်ဆိုရင် ရဟန္တာတို့၏ တံခွန်အောင်လံသဖွယ် ဖြစ်သော သင်္ကန်း၊ ဖန်ရည်ဆိုးသော သင်္ကန်း၊ ရသေ့တို့၏ သင်္ကန်းထက်မြတ်သော သင်္ကန်းလို့ အနက်အဓိပ္ပာယ် ထွက်ရှိပါတယ်။ ရဟန္တာဖြစ်ပြီ ဆိုတာနဲ့ လူဝတ်ကြောင်ဘဝနဲ့ နေလို့ မရတော့ပါဘူး။ ရဟန္တာပုဂ္ဂိုလ်ရဲ့ ဂုဏ်ဒြပ်ကို သင်္ကန်းကသာလျှင် ခံယူနိုင်ပါတယ်။ ကေသရာဇာ ခြင်္သေ့မင်းရဲ့ အဆီသည် သိင်္ဂီရွှေခွက်နဲ့သာ ထည့်ထားလို့ရတဲ့ သဘောပါပဲ။ ဒါကြောင့် သင်္ကန်းဆိုတာဟာ အလွန်အင်မတန်မှကို မြင့်မြတ်ပြီး ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ တံခွန်အောင်လံ ဖြစ်ပါတယ်။

သာသနာတော် အစောပိုင်းကာလမှာ သင်္ကန်းနဲ့ ပတ်သက်ပြီး ဘုရားရှင်က စနစ်တကျ စည်းကမ်း သတ်မှတ်ခြင်း မပြုသေးပါဘူး။ နောင်အခါမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ များပြားလာပြီး သင်္ကန်းကို ကိုယ်နှစ်သက်တဲ့ အရောင်အသွေးများ ဆေးဆိုးကြ၊ ချုပ်ချင်သလို ချုပ်ဝတ်ကြတာကြောင့် ရှင်တော်မြတ်ဘုရားက သင်္ကန်းရောင် သင်္ကန်းကို ဆေးဆိုးရာမှာ သုံးစွဲရမယ့် သစ်ခေါက် သင်္ကန်းချုပ်လုပ်ပုံ ဒီဇိုင်းတွေကို စနစ်တကျ သိက္ခာပုဒ် ပညတ်ပြီး စည်းကမ်းများ သတ်မှတ်ပေးခဲ့ပါတယ်။ သင်္ကန်းရဲ့အရောင် သင်္ကန်းဒီဇိုင်းတို့မှာ အနက်အဓိပ္ပာယ်တွေ အများအပြား ရှိပါတယ်။ အဲဒီအနက်အဓိပ္ပာယ် အများအပြားထဲက ထင်ရှားတဲ့ မှတ်သားရလွယ်တဲ့ သင်္ကန်းဒီဇိုင်းရဲ့ အနက်အဓိပ္ပာယ်နဲ့ သင်္ကန်းဒီဇိုင်း ဖြစ်ပေါ်လာပုံကို ပြောပြချင်ပါတယ်။

ဗိမ္ဗိသာရမင်းကြီး အုပ်ချုပ်တော်မူတဲ့ မဂဓတိုင်းဟာ ဘုရားရှင် လက်ထက်တော် အခါတုန်းက အလွန်အင်မတန် ဖွံ့ဖြိုးတိုးတက်သော တိုင်းနိုင်ငံတစ်ခုပါ။ မဂဓတိုင်းဟာ စစ်အင်အား အကြီးမားဆုံး တိုင်းနိုင်ငံတစ်ခု ဖြစ်သလို လယ်ယာစိုက်ပျိုးရေးစနစ် ပိုင်းမှာလည်းပဲ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး စည်းစနစ် အင်မတန်ကျသော တိုင်းနိုင်ငံဖြစ်ပါတယ်။ မဂဓတိုင်းရဲ့ လယ်ကွက်တွေဟာ လေးထောင့်ပုံစံများ ဖြစ်ပြီး အဆိုပါ လယ်ကွက်များဆီသို့ တာတမံများမှ နေပြီး တူးမြောင်းများဖြင့် ရေသွယ်ကာ စိုက်ပျိုးသောစနစ်ဖြင့် စိုက်ပျိုးကြပါတယ်။ ဘုရားရှင်လက်ထက်တော်က တခြားသော တိုင်းနိုင်ငံများလည်း မြစ်ရေကို သွယ်တန်းပြီး လယ်ယာတို့ကို စိုက်ပျိုးကြပေမယ့် မဂဓတိုင်းလောက်တော့ စနစ်တကျ မရှိကြပါဘူး။ မိုးမရွာတဲ့အခါမှသာ တက်သုတ်ရိုက်ပြီး မြစ်ရေတင် စိုက်ကြတာမျိုးပါ။

တစ်ခါတုန်းက ရှင်တော်မြတ်ဘုရားဟာ နောက်ပါ ရဟန်းသံဃာတို့နဲ့အတူ မဂဓတိုင်းမှာ ဒေသစာရီ လှည့်လည်ကြွချီတော်မူရင်း မဂဓတိုင်း လယ်ကွက်များကို ညွှန်ပြတော်မူကာ “ချစ်သားအာနန္ဒာ၊ မဂဓတိုင်း လယ်ကွက်များရဲ့ ပုံစံအတိုင်း သင်္ကန်းကို ချုပ်လုပ်နိုင်ပါမည်လော” လို့ မေးမြန်းတော်မူပါတယ်။ အရှင်အာနန္ဒာ မထေရ်မြတ်ကလည်း “ချုပ်လုပ်နိုင်ပါတယ်ဘုရား” လို့ ပြန်လည် လျှောက်ထားလိုက်ပါတယ်။ အရှင်အာနန္ဒာ မထေရ်မြတ်ဟာ မဂဓတိုင်းရဲ့ လယ်ကွက်ပုံစံအတိုင်း လယ်ကွက်များ ရေသွင်းတူးမြောင်းများ စသဖြင့် သင်္ကန်းကို ပုံဖော်ချုပ်လုပ်ပြီး ရှင်တော်မြတ်ဘုရားကို သွားရောက် ဆက်ကပ် ပြသပါတယ်။ ရှင်တော်မြတ်ဘုရားဟာ အရှင်အာနန္ဒာ မထေရ်မြတ် ချုပ်လုပ်ထားတဲ့ သင်္ကန်းကို စေ့စေ့စပ်စပ် ကြည့်ရှုတော်မူပြီး အရှင်အာနန္ဒာမထေရ်မြတ်ကို ချီးကျူးတော်မူကာ “ရဟန်းသာမဏေအားလုံး သင်္ကန်းကို ဒီပုံစံအတိုင်း ချုပ်လုပ် ဝတ်ရုံကြရမယ်” လို့ စည်းကမ်း ချမှတ်တော်မူခဲ့ပါတယ်။ ထိုအခါကစလို့ သင်္ကန်းပုံစံ ဒီဇိုင်းဟာ ယနေ့အချိန်အထိ မပြောင်းမလဲ အတည်ဖြစ်ခဲ့ပါတယ်။

ယနေ့ခေတ် ရဟန်းတော်များ ဝတ်ရုံ သုံးစွဲနေကြတဲ့ သင်္ကန်းပုံစံ ဒီဇိုင်းဟာ အရှင်အာနန္ဒာ မထေရ်မြတ်ရဲ့ ဒီဇိုင်းဆိုရင်လည်း မမှားပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဘုရားရှင်ရဲ့ အကြံဉာဏ်တော်ကို အရှင်အာနန္ဒာမထေရ်မြတ်က အကောင်အထည် ဖော်ထားခြင်း ဖြစ်ပါတယ်။ ရှင်တော်မြတ်ဘုရားက ရဟန်းတော်များ ဝတ်ရုံ သုံးစွဲကြရတဲ့ သင်္ကန်းကို မဂဓတိုင်းလယ်ကွက် ပုံစံအတိုင်း ချုပ်လုပ်ခိုင်းခြင်းရဲ့ နောက်ကွယ်မှာ အနက်အဓိပ္ပာယ်များ ကိန်းအောင်းနေပါတယ်။ မဂဓတိုင်းရဲ့ လယ်ကွက်များဟာ မျိုးစေ့များ ကြဲချစိုက်ပျိုးရန်အတွက် လယ်ယာမြေကောင်းများ ဖြစ်သလို မဂဓတိုင်းရဲ့ လယ်ကွက်ပုံစံ ချုပ်လုပ်ထားသော ဖန်ရည်ဆိုး အဝတ်သင်္ကန်းကို ဝတ်ရုံသုံးစွဲနေကြတဲ့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသည်လည်းပဲ ကိလေသာ ဖန်ရည်များကို ထွေးအန်နိုင်ရန် ကြိုးစားနေသောသူများ၊ ထွေးအန်နေဆဲသူများ၊ ထွေးအန်ပြီးသောသူများ ဖြစ်ပြီး ကိုယ်ကျင့်သီလ စင်ကြယ်သောကြောင့် သံသရာ ခရီးသွားများအနေနှင့် ကုသိုလ်ကောင်းမှု မျိုးစေ့များ ကြဲချ စိုက်ပျိုးရန်အတွက် လယ်ယာမြေကောင်းများ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကို သင်္ကန်းဝတ်ထားတာကို မြင်တာနဲ့ သိရှိ နားလည်နိုင်စေရန်အတွက် သင်္ကန်းကို မဂဓတိုင်းရဲ့ လယ်ကွက်ပုံစံအတိုင်း ရှင်တော်မြတ်ဘုရားက ချုပ်လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဓမ္မပဒပါဠိတော် ယမကဝဂ်ဒေဝဒတ္တ ဝတ္ထုမှာ “ဣနြေ္ဒတို့ကို ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်း မရှိသော၊ ကိလေသာဖန်ရည် မကင်းဘဲလျက် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းကို ဝတ်သောသူသည် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းနှင့် မထိုက်တန်။ ဣနြေ္ဒတို့ကို ဆုံးမခြင်းရှိ၍ မှန်ကန်စွာ ပြောဆိုခြင်း ရှိသော၊ ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းနှင့် ထိုက်တန်၏” လို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရားရှင်လက်ထက်တော် အခါတုန်းက ဆွေကြီးမျိုးကြီးမှ တိမ်ကောလာသော အမျိုးကောင်းသား တစ်ယောက်ဟာ နူးညံ့သိမ်မွေ့ နုနယ်သူ ဖြစ်တာကြောင့် “ငါသည်ကား နုနယ်သူဖြစ်၏။ မရသေးသော စည်းစိမ်ဥစ္စာတို့ကို ရရှိစိမ့်သောငှါ လည်းကောင်း၊ ရရှိပြီးသော စည်းစိမ်ဥစ္စာတို့ကိုလည်း တိုးပွားလာအောင် ပြုလုပ်ခြင်းငှါ လည်းကောင်း မစွမ်းနိုင်။ ငါသည် အဘယ်နည်းဖြင့် မပင်ပန်းဘဲ ချမ်းသာစွာ အသက်မွေးရပါအံ့နည်း” လို့ ကြံစည် စဉ်းစားပါတယ်။ ထို့နောက် “သာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ဤရဟန်းတို့သည် ကောင်းသော အလေ့အကျင့် ရှိကုန်၏။ မွန်မြတ်သော ဘောဇဉ်တို့ကို စားသောက်၍ လေမတိုက်သော အိပ်ရာနေရာတို့၌ အိပ်ရကုန်၏။ ငါသည် ကိုယ်တိုင် သပိတ်သင်္ကန်းကို စီမံ၍ ဆံမုတ်ဆိတ်တို့ကို ပယ်လျက် ဖန်ရည်ဆိုးသော အဝတ်သင်္ကန်းတို့ကို ဝတ်ရုံပြီးလျှင် ရဟန်းတို့နေထိုင်ရာ ကျောင်းအရံသို့ သွား၍ ရဟန်းတို့နှင့်အတူ ပေါင်းသင်းနေထိုင်ရမူ ကောင်းလေစွ” လို့ ထပ်မံကြံစည်မိပြီး အကြံအစည်ကို အကောင်အထည်ဖော်ပြီး ကျောင်းအရံသို့ သွားရောက်ကာ ကျောင်းနေရဟန်းတို့ကို ရှိခိုးကန်တော့ပါတယ်။

ထိုအခါ ကျောင်းနေရဟန်းတို့က “င့ါရှင် သင်သည် အဘယ်မျှ ဝါရပြီနည်း” လို့ မေးမြန်းတဲ့အခါမှာ “ငါ့ရှင်တို့ ဤအဘယ်မျှ ဝါရပြီနည်း ဆိုသည်ကား အဘယ်ကို ဆိုလိုပါသနည်း” လို့ ပြန်လည် မေးမြန်းလိုက်ပါတယ်။ ဒါနဲ့ ကျောင်းနေရဟန်းတို့က “ငါ့ရှင် သင်၏ ဥပဇ္ဈာယ်ဆရာကား အဘယ်သူနည်း” လို့ ထပ်မံ မေးမြန်းတဲ့အခါမှာ “ငါ့ရှင်တို့ ဥပဇ္ဈာယ် ဆရာဆိုသည်ကား အဘယ်ကို ဆိုပါသနည်း” လို့ ပြန်လည် မေးမြန်းပြန်ပါတယ်။ ရဟန်းချင်းတွေ့ဆုံတိုင်း မဖြစ်မနေ မေးမြန်း ဖြေကြားရမယ့် မေးခွန်းနှစ်ခုလုံးကို ဖြေကြားဖို့ နေနေသာသာ မေးခွန်းကိုတောင်မှ နားမလည် ဖြစ်နေတာကြောင့် ကျောင်းနေရဟန်းတို့ဟာ ဝိနည်းအရာမှာ ဧတဒဂ် ရရှိထားတဲ့ အရှင်ဥပါလိ မထေရ်မြတ်ကို “ငါ့ရှင်ဥပါလိ တိုက်တွန်းပါ၏။ ဤရဟန်းကို မေးစိစစ်ပါလော့” လို့ တိုက်တွန်း ပြောဆိုကြပါတယ်။ အရှင်ဥပါလိမထေရ်မြတ်က မေးစိစစ်တဲ့အခါမှာ ဝမ်းရေး အခက်အခဲကြောင့် ကိုယ့်ဘာသာ သင်္ကန်းပတ်လာတဲ့သူက အရှင်ဥပါလိမထေရ်မြတ်ကို ဖြစ်ကြောင်း ကုန်စင် ပြောပြပါတယ်။ အရှင်ဥပါလိ မထေရ်မြတ်ကလည်း တခြားရဟန်းတော်များကိုလည်း အကြောင်းစုံ ပြန်လည် လျှောက်ထားပါတယ်။ အကြောင်းစုံကို သိရှိလိုက်ကြရတဲ့ ရဟန်းတော်များဟာ ထိုအကြောင်းစုံကို ရှင်တော်မြတ်ဘုရားကို ပြန်လည် လျှောက်ထားကြပါတယ်။

ရဟန်းတော်များရဲ့ လျှောက်ထားချက်ကို ကြားသိရပြီးတဲ့အခါမှာ ရှင်တော်မြတ်ဘုရားက “ရဟန်းတို့ ပေါင်းသင်းမှုကို ခိုးသောသူသည် ပဉ္စင်းမဖြစ်။ ပဉ္စင်းခံ မပေးအပ်။ ပဉ္စင်းခံပေးမိသည် ရှိသော် (အသွင်ကို) ဖျက်ရမည်” လို့ သိက္ခာပုဒ် ပညတ်တော် မူလိုက်ပါတယ်။

အသွင်ခိုးသူ ဆိုတာက ရဟန်းအစစ်လည်းမဟုတ် ကိုရင်အစစ်လည်း မဟုတ်ပါဘဲ မိမိဘာသာ သင်္ကန်းကို ဝတ်ရုံသူကို ဆိုလိုတာပါ။ အသွင်ခိုးသူဟာ ဘုရားအမှူးရှိတဲ့ ရဟန္တာအပါး တစ်သောင်းနဲ့ သိမ်ထဲမှာ ရဟန်းခံအပ် ပါသော်လည်း ဒီဘဝမှာတော့ ရဟန်းမဖြစ်တော့ပါဘူး။ ရဟန်းတော်များကလည်း အသွင်ခိုးသူကို ပဉ္စင်းခံ (ရဟန်းခံ) မပေးအပ်ပါဘူး။ အသွင်ခိုးခဲ့ဖူးသူ မှန်းမသိလို့ ရဟန်းခံ ပေးမိရင်တောင်မှ သိရှိတဲ့အချိန်မှာ သိသိချင်း လူထွက်ခိုင်းရပါမယ်။ ဥပမာ-လူတစ်ယောက်က အကြောင်းကြောင်းကြောင့် သင်္ကန်းကို ဝတ်ရုံပြီး ရဟန်းအဖြစ် ကိုရင်အဖြစ် တစ်ခဏလေးဖြစ်ဖြစ် ဟန်ဆောင်ဖူးတယ် ဆိုပါတော့။ သူဟာ နောင်တစ်ချိန်မှာ အိမ်ထောင်ကျ သားသမီးတွေရပြီး အသက်ကြီးရင့်တဲ့ အခါမှာ ဒုလ္လဘရဟန်း ဝတ်ချင်လို့ ကျောင်းသွားပြီး ရဟန်းခံပေးဖို့ ရဟန်းတော်များကို လျှောက်ထားတယ် ဆိုပါစို့။ ရဟန်းတော်များဟာ ဒီလူက အသွင်ခိုးခဲ့ဖူးသူ ဆိုတာ မသိလို့ ရဟန်းခံပေးလိုက်ကြတယ် ဆိုပါစို့။ အဲဒီသူဟာ ရဟန်းမဖြစ်ပါဘူး။ ရဟန်းတော်များကလည်း မသိလို့ ရဟန်းခံပေးလိုက်ပေမယ့် သိတာနဲ့ တစ်ပြိုင်နက် သူ့ကို လူထွက်ခိုင်းရပါမယ်။

တကယ်တော့ ရဟန်းအစစ် မဟုတ်ပါဘဲ၊ ကိုရင်အစစ် မဟုတ်ပါဘဲ သင်္ကန်းဝတ်ရုံခြင်းဟာ အရမ်းအပြစ်ကြီးပါတယ်။ ရဟန်းတစ်ပါးဟာ မေထုန်မှီဝဲခြင်း၊ သူတစ်ပါး ဥစ္စာခိုးယူခြင်း၊ လူ့အသက်သတ်ခြင်း၊ ဈာန်မဂ်ဖိုလ် မရရှိပါဘဲ ရရှိနေတယ်လို့ လိမ်ညာပြောဆိုခြင်းဆိုတဲ့ အပြစ်လေးခုထဲက တစ်ခုခုကို ကျူးလွန်မိရင် ပါရာဇိက ကျပါတယ်။ ပါရာဇိက ကျသူဟာ ဒီဘဝမှာတော့ ရဟန်းအဖြစ်ကို မရရှိနိုင်တော့ပါဘူး။ ဒါပေမဲ့ ပါရာဇိက ကျသူဟာ ကိုရင်အဖြစ်နဲ့ သာသနာ့ဝန်ကို ထမ်းဆောင်ပြီး သာသနာ့ဘောင်မှာ နေလို့ရပါသေးတယ်။ အသွင်ခိုးသူကတော့ ဒီဘဝမှာ ရဟန်းအဖြစ်ရော ကိုရင်အဖြစ်ကိုပါ မရရှိနိုင်တော့ပါဘူး။ ဒါကြောင့် အသွင်ခိုးတဲ့ အပြစ်ဟာ ပါရာဇိက ကျတာထက်တောင်မှ ဆိုးဝါးပါသေးတယ်။

ဒီနေရာမှာ တပည့်တော်တို့က ဘုရားလက်ထက်တော်က အသွင်ခိုးသူလို ရဟန်းယောင်ဆောင်ပြီး ဒကာဒကာမများကို လိမ်ညာစားဖို့ သင်္ကန်းကို ဝတ်တာ မဟုတ်ပါဘူး။ ဇာတ်ဝင်ခန်းအရ အခြေအနေအချိန် အခါအရ သင်္ကန်းကို ဝတ်ရတာပါလို့ စောဒက တက်ချင်ကြလိမ့်မယ် ထင်ပါတယ်။ ဝိနည်းတော်အရ ကိုရင်အစစ် မဟုတ်ဘဲ ရဟန်းအစစ် မဟုတ်ဘဲ ဘယ်လိုလူမှ ဘယ်လို အကြောင်းကြောင်းကြောင့်မှ သင်္ကန်းကို မဝတ်ရုံကောင်းပါဘူး။ သင်္ကန်းကို ဝတ်ရုံမိတာနဲ့ အသွင်ခိုးသူ စာရင်းထဲ အကျုံးဝင်သွားပါတယ်။ တကယ်တော့ သင်္ကန်းဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပါ။ ဒါကြောင့် သင်္ကန်းကို မထေမဲ့မြင် မပြုသင့်ပါဘူး။ ဆိုင်ရာ သာသနာရေး အရာရှိတွေကလည်း ဒီလိုကိစ္စတွေကို ကြပ်မတ်သင့်ပါတယ်။ သင်္ကန်းဆိုတာ ဘုရားရှင်ရဲ့ အရေတော်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ကိုရင်အစစ် မဟုတ်ပါဘဲ၊ ရဟန်းအစစ် မဟုတ်ပါဘဲ သင်္ကန်းကို ဝတ်ရုံနေခြင်းများ ရှောင်ကြဉ်ကြပါလို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။

Written by  မိုးသု (မန္တလေး)

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive