ဇွန် ၎
-------------------------
ပုဏ္ဏားကျွန်းမြို့နယ်သည် ရခိုင်ပြည် (၁၇) မြို့နယ်တွင် အညစ်ပတ်ဆုံးနှင့် အကောက်ခွန် အကြမ်းဆုံး မြို့နယ်တစ်ခုဖြစ်ကြောင်း မြို့ခံလူထုများက ပြောသည်။

“လမ်းကြိုလမ်းကြားထဲဝင်ပြီး ဈေးရောင်းနေကြတဲ့ ပျံကျဈေးသည်တွေဆီက တနေ့ကို (၁၀၀) ဆိုတော့ တစ်နှစ်ကို ၃၆၀၀၀ ကျပ် ဖြစ်သွားတယ်။ ဈေးဆိုင်ခန်းတွေကိုကျတော့ တစ်နှစ်တွက် ၅၀၀၀ ပေးရတယ်။ ဒါက တရားမျှတမှု မရှိဘူး။ ဟိုက သိန်းကို ရာနဲ့ချီပြီးတော့ စီးပွားရေးလုပ်နေကြတာလေ။ ကျမတို့က ဒီနေ့ရတာ မနက်ဖြန်တွက် အရင်းတောင် သိပ်မကျန်ဘူး” ဟု ပျံကျဈေးသည် ဒေါ်ထားထားဦးက ပြောသည်။

မြို့နယ် စည်ပင်သာယာရေးကော်မတီသည် မြို့တွင်း လမ်းပန်း ဆက်သွယ်ရေး ယဉ်ကြောရှုပ်ထွေးမှု၊ ရေနုတ်မြောင်းလုံးဝ မရှိမှု၊ မိုးရာသီတွင် မြို့ ရေလျှံမှုတို့အပေါ် တစုံတရာ ဆောင်ရွက်ပေးခြင်းများ မရှိဘဲ ယခုကဲ့သို့ မတရား အခွန်ကောက်ခံနေခြင်းအပေါ် ဒေသခံများက စိတ်ပျက်နေကြကြောင်း သိရသည်။

“ဆိပ်ကမ်း ကပ်လာတဲ့ ဘုတ်၊ စက်လှေတွေဆီကနေ တစ်စီးကို ၅၀၀ ကနေ ၁၀၀၀ ထိ တောင်းတယ်။ ဆန် အိတ်တင်ရင်လည်း တစ်အိတ်ကို ၁၀၀ နှုန်း သူတို့ကို ဘာမဆိုင်ညာမဆိုင် ပေးရတယ်။ မြို့ထဲမှာ လမ်းပိတ်တာတွေ၊ ကုန်တင်ကုန်ချ ပြုလုပ်ဖို့ နေရာ မရှိတာတွေ၊ ရေလျှံတာကို ဖြေရှင်းဖို့ ရေနုတ်မြောင်း တူးပေးဖို့ စတဲ့ ကိစ္စတွေကို သူတို့နဲ့ မဆိုင်သလို ပြုမူနေတာ စိတ်ပျက်စရာ ကောင်းပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုမြင့်ဝင်းလှိုင်က ပြောသည်။

သက်ဆိုင်ရာ ဌာနများအနေဖြင့် အကောက်ခွန် တိုးမြှင့်ကောက်ခံရန် တစ်ခုတည်းအပေါ် အာရုံပြုခြင်းထက် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သပ်ရပ်မှုများရှိစေရန်တို့ကိုလည်း ဆောင်ရွက်သင့်ကြောင်း ဒေသခံများက အကြံပြု ပြောကြားသည်။

Development News Journal

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive