ကျိုက်ထီးဆောင်းဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တပညာဒီပထံသို့ ၃၁-၅-၂ဝ၁၄ ရက်စွဲဖြင့် တင်ပြသော ဓမ္မစေတီ ခေါင်းလောင်းေ တ်ာကြီးဆယ်ယူရေးကို လုပ်ဆောင်နေသည့် ဟိန္ဒူဘာသာဝင် စင်ကာပူနိုင်ငံသားပညာရှင်နှစ်ဦး၏အစီရင်ခံစာကို ကျွန်တော်ဖတ်မိသော အခါ ကျေနပ်ပီတိအဟုန်ဖြင့် ကြက်သီး ဖြန်းဖြန်းထ၊ ဝမ်းမြောက်ဂုဏ်ယူစိတ်တွေ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာမိသည်။

ကျိုက်ထီးဆောင်းဆရာတော်ကြီး၏လမ်းညွှန်ဦးဆောင်မှုဖြင့် ရှာဖွေဖော်ဆောင်နေသော ဗုဒ္ဓဘာသာဝင်တို့ နှစ်ကာလ ပရိစ္ဆေဒကြာမြင့်စွာ မျှော်လင့် စောင့်စားနေကြသော ဓမ္မစေတီခေါင်းလောင်းတော်ကြီး တည်ရှိရာနေရာဌာနကို တွေ့ရှိခဲ့ပါချေပြီ။ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် မြန်မာပြည်သူအပေါင်းတို့၏ နှလုံးသားဝယ် နက်ရှိုင်းစွာ တန်ဖိုးထား တည်ရှိသော အမွေအနှစ်ကြီးတစ်ခု ဖြစ်၏။ အထူးသဖြင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဆက်စပ် နှီးနွှယ်နေသောအရာဖြစ်သဖြင့်လည်း တတမ်းတတ စောင့်စားမျှော်လင့် နေကြရသော ရတနာတစ်ဆူဖြစ်၏။ ထို့ပြင် တိုင်းတစ်ပါးသားတို့ လုယက် ယူငင်သွားကြကာ၊ မြန်မာ့ရေပိုင်နက် မြစ်ရေပြင်တွင်း၌ နစ်မြုပ်ပျောက်ဆုံးခဲ့ သည်ဖြစ်၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိ ကြသူတို့အတွက် အမျိုးဘာသာ သာသနာ နှင့် ဆက်စပ်နေသည်ဖြစ်သောကြောင့် တန်ဖိုးဖြတ်ခြင်းငှာ မစွမ်းနိုင်သော ပြည်သူ့နှလုံးသည်းပွတ်ကြီး ဖြစ်နေ သည်မှာ မဆန်းလှချေ။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ၁၄ ရာစုနှစ်တွင် ဓမ္မစေတီမင်းကြီးကသွန်းလုပ်ကာ ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းခဲ့သည်။ သို့သော် ၁၆ ရာစု ကာလတွင် ဤခေါ င်းလောင်းတော်ကြီးကို ပေါ်တူဂီလူမျိုး ဒီဗရစ်တို(ငဇင်ကာ) က ရွှေတိဂုံစေတီတော်ပေါ်မှ လုယက်ယူဆောင်ကာ ဖောင်ဖြင့်သယ်ယူစဉ် ရန်ကုန်မြစ်နှင့် သန် လျင်မြို့ကြား မြစ်သုံးခုဆုံရာတွင် နစ်မြုပ်သွားခဲ့ကြောင်း အဆိုရှိ၏။ သို့ဖြင့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသွန်းလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၅၃ဝ ကျော် ကြာညောင်းခဲ့ ကာ ရေထဲတွင် နစ်မြုပ်ပျောက်ကွယ်ခဲ့သည်မှာလည်း နှစ်ပေါင်း ၄ဝဝ ကျော်ခဲ့ပြီ။ ဤသမိုင်းဝင်ခေါင်းလောင်းတော်ကြီး ပြန်လည်ရရှိရေးအတွက် လူမျိုးပေါင်းစုံ၊ အဖွဲ့ အ စည်းပေါင်းစုံတို့က ရည်ရွယ်ချက်မျိုးစုံဖြင့် ရှာဖွေခဲ့ကြသည်။ ရှာဖွေကြရာတွင်လည်း သမားရိုးကျ မြန်မာ့အစဉ်အလာနည်းများအပြင် Sonar System ဖြစ်သော Law Larce HD57 Structure Scan Star Fish Side Scan အဆင့်မြင့်နည်းပညာဖြင့် ရှာဖွေခြင်းများပါ ပြုလုပ်ခဲ့ကြ၏။

ထို့အပြင် ‘ပဲ့တင်သံလှိုင်းထုတ်လွှင့်တိုင်းတာခြင်း’၊ ‘သုံးဘက်မြင်မြေလွှာတိုင်းတာခြင်း’၊ ‘မြေပြင်ကို ထွင်းဖောက်သည့်ရေဒါစနစ်’ စသည့် ခေတ်မီနည်းပညာနှင့် သိပ္ပံဆိုင်ရာ နည်းလမ်းပေါင်းစုံနှင့်လည်း ရှာဖွေခဲ့ကြ၏။ သို့သော် တွေ့ဖို့နီးလာပြီ၊ တွေ့တော့မည်ဆိုသော ကောလာဟလသတင်းမျိုးစုံ ထွက်ပေါ်လာကာ နောက်ဆုံးတွင် အဖျားရှူး သွားကြတာများ၏။ ရှာဖွေကြရာတွင် မြစ်တွင်း ရှိ သံဓာတ်အနည်းအများပမာဏကို Land Sat နာဆာ ဂြိုဟ်တုဖြင့် ကြည့်ရှုစမ်းသပ်ခြင်းနည်းများအထိ သုံးစွဲကြသည်ဟု ကြားဖူးသည်။

ခေါင်းလောင်းတော်ကြီး နစ်မြုပ်ပျောက်ကွယ်ခဲ့သည်မှာ ရာစုနှစ်လေးစု ကျော်ကြာခဲ့သည့်အပြင် အမျိုးမျိုးအဖုံဖုံ၊ နည်းပေါင်းစုံစွာ အကြိမ်ကြိမ် ရှာခဲ့ကြသော်လည်း တကယ် တမ်းတွင် မတွေ့ခဲ့ကြ။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့် ပတ်သက်၍ အယူအဆ၊ ဝိဝါဒပေါင်းစုံလည်း ပေါ်ထွက်လာ၏။ အထူးသဖြင့် ယခုနောက်ပိုင်း တွင် အောက်ပါအချက် ၅ ချက်ကို တစ်နည်းနည်း ကောက်ချက်ချကာ ဆွေးနွေးငြင်းခုံသံတွေ ပိုမိုစီညံလာ၏။

(၁) ဓမ္မစေတီ ခေါင်းလောင်းကြီးဆိုတာ တကယ်ပဲ ရှိခဲ့ရဲ့လား။
(၂) သယ်ဆောင်သွားစဉ် နစ်မြုပ်တယ်ဆိုတာရော ဟုတ်ရဲ့လား။
(၃) နစ်တယ်ဆိုရင်လည်း ရေအောက်မှာ မရှိတော့ဘူး။ မြစ်ကြောင်းပြောင်းလဲမှု ကြောင့် နုန်းတွေအောက်၊ မြေကြီးအောက်မှာ မြုပ်သွားပြီလား။
(၄) ဒီဗရစ်တိုက လက်နက်သွန်းလုပ်ဖို့ ယူသွားတာဆိုရင် ခေါင်းလောင်းကြီးကို အလုံးလိုက်ဘယ်သယ်သွားပါ့မလဲ။ ချိုးဖဲ့ ဖျက်ဆီး အစိတ်စိတ်အမွှာမွှာ ခွဲပစ်သွားမှာပေါ့။
(၅) တန်ချိန် ၃ဝဝနီးပါး (ပိဿာ ၁၈ဝဝဝ) ရှိတာ မဖြစ်နိုင်ဘူး။ အဲဒီခေတ်က ဒီလောက်အလေးချိန်ရှိတဲ့ပစ္စည်းမျိုးကိုသယ်နိုင်တဲ့ သင်္ဘောလည်း မရှိသေးဘူး။

ခရစ်နှစ် ၁၄၇၆ တွင် သွန်းလုပ်ခဲ့သည့် ဤဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် မြန်မာ့ရှေးဟောင်း ခေါင်းလောင်းတော်ကြီးများထဲတွင် ရှေးအကျဆုံးဖြစ်၏။ ထို့ပြင် Gasparo Balbi ၏ ခရစ်သက္ကရာဇ် ၁၅၈၃ ဒဂုံရောက်မှတ်တမ်းအဆိုအရ ဤခေါင်းလောင်းတော်တွင် စာပေအထောက်အထားများစွာ ရေးထွင်းထားသည်ဟု သိရ၏။ သို့ဆိုလျှင် ဤခေါင်းလောင်းတော်ကြီးသည် သမိုင်းတန်ဖိုးမဖြတ်နိုင်အောင်ပင်ရှိမည်။ အနုပညာလက်ရာ တန်ဖိုး၊ ယဉ်ကျေးမှု အမွေအနှစ် (ပန်းတဉ်းလက်ရာ) အနေဖြင့် လည်း အထောက်အထားများစွာရနိုင်သည်။ ငါးရာစုခေတ် မြန်မာ့သမိုင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းအထောက်အထားလည်း များစွာရနိုင်မည်။

ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ ဓမ္မစေတီခေါင်းလောင်းတော်ကြီး ရှာဖွေရေးတွင် ကုန်ကျမှုအဝဝကို ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌဒေါက်တာခင်ရွှေ က လှူဒါန်းခဲ့ သည်။ ဒေါ် လာသန်းချီပြီးမည်မျှကုန်ကုန်၊ စိုက်ထုတ်လှူဒါန်းမည်ဟု ဒေါက်တာခင်ရွှေက ပြောကြားခဲ့သည်။ ခေါင်းလောင်းတော်ကြီး ရှာဖွေရေးအတွက် ရန်ကုန် တိုင်း အစိုးရ အဖွဲ့သို့ အသိပေးတင်ပြခဲ့ကာ၊ ခွင့်ပြုချက် ရရှိခဲ့ပြီး ဖြစ်သည်။

ကျိုက်ထီးဆောင်းဆရာတော်ကြီးက ဓမ္မစေတီခေါင်းလောင်းတော်ကြီးတည်ရှိနိုင်မည့်နေရာအဖြစ် ကုန်းတွင်း ပိုင်းတစ်နေရာနှင့် ရေနက်ပိုင်းသုံးနေရာ ကို ညွှန်ကြား ပြသခဲ့ သည်။ ထိုနေရာများတွင် ဆရာတော်ကြီး တာဝန်ပေးအပ်ထားသော တပည့်သာဝကများက ဝိဇ္ဇာနည်း၊ သိပ္ပံနည်းမျိုးစုံသုံး၍ ရှာဖွေကြသည်။ စင်ကာပူနိုင်ငံအခြေစိုက် Rockwell Collins Ltd., မှ ပညာရှင်များကလည်းပူးပေါင်းရှာဖွေကြ၏။ Geoacoutics Geo Pulse Sub Bottom စနစ် Sonar Acquistic and Processing စနစ် စသောနည်းပညာဆိုင်ရာ ပစ္စည်းပစ္စယများနှင့် ဆရာတော်ကြီး ညွှန်ပြထားသော နေရာများတွင် ရှာဖွေကြသည်။ ၁၈-၅-၂ဝ၁၄ မှ ၂၆-၅-၂ဝ၁၄ အတွင်း ၉ ရက်တိုင်တိုင် စူးစမ်းရှာဖွေကြရင်းနှင့် ရေအောက် တစ်နေရာ၌ ဓမ္မစေတီခေါင်းလောင်းတော်ကြီးဟု ယုံကြည်ယူဆနိုင်ဖွယ် အထောက် အထားတစ်ခုကို တွေ့ရှိကြ၏။

မိုးတွင်းကာလအလွန်၊ ရာသီဥတုကောင်းမွန်သော အချိန်၊ ရေယာဉ်များ အသွားအလာနည်းပါးသောကာလများတွင် အသေးစိတ် ထပ်မံရှာဖွေရန်သာရှိတော့သည်ဟု Sub-Bottom Profiler Survey Report (31-5-2014) အစီရင်ခံစာတွင် ဖော်ပြထား၏။ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း ဆုံအနီးတွင် ရှာဖွေကြခြင်းဖြစ်ကာလာ မည့်ပွင့် လင်းရာသီတွင် အတည်ပြုလုပ်ငန်းများ ဆောင်ရွက်ရန်သာ ကျန်တော့၏။

ထူးခြားသည်မှာကျိုက်ထီးဆောင်း ဆရာတော်ကြီး အကြီးအမှူးပြုသော သံဃာတော်အရှင်မြတ်များ မြစ်လယ်တွင် ပဌာန်းဒေသနာများ ရွတ်ဖတ် သရဇ္ဈယ် တော် မူကြ စဉ်၊ ကျောက်ချထားသော စီဗီတွဲကြီးက တစ်ပတ်လည်ထွက်သွား သည်ကိုကြုံကြရ၏။ ယခုခေါင်းလောင်း တော်ကြီး ရှာဖွေတွေ့ရှိနိုင်မည့် နေရာ သည် ထိုစီဗီ တွဲကြီး ရေ ထဲတွင် ဦးလှည့် သွားရာနေရာပင်ဖြစ်ပြီး ခေါင်းလောင်း တော်ကြီးတည်ရာအရပ်ကို လက်ညှိုးညွှန်ပြနေသကဲ့သို့ ဖြစ်နေ၏။ ယခုတွေ့ ရှိသောနေရာသည် ယခင် က ခေါင်း လောင်းတော်ကြီးရှာဖွေခဲ့ကြရာနေရာ တစ်ခုမှမဟုတ်။ ထို့ပြင် ရှာဖွေရာတွင်ပါဝင်သူ နိုင်ငံခြားပညာရှင် ခေါင်းဆောင်ကလည်း ၎င်း၏ အစီရင်ခံ စာ နောက်ဆုံး စာမျက်နှာတွင် အောက်ပါအတိုင်းသစ္စာပြုတိုင် တည်ထားသည်ကိုလည်း ဖတ်ရှုရ၏။

”ကျွန်ုပ်သည် စကန္ဒဘုရားရှင်ကို ကြည်ညိုအားထားသော တပည့်သာဝကတစ်ဦးဖြစ်သည်နှင့်အညီ စကန္ဒဗောဓိသတ္တ ဘုရားရှင်ထံမှ တန်ခိုးစွမ်းပကားနှင့် အကူအညီ အထောက်အပံ့ကို တောင်းခံအပ်ပါသည်။ ယခု ရှာဖွေတွေ့ရှိထားသောအရာသည် အမှန်တကယ် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး သက်သေသာဓက စင်စစ်ဖြစ်ရ ပါစေသား။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် အမွေအနှစ်ဖြစ်သော ဤခေါင်းလောင်းတော်ကြီးကို ရှာဖွေခွင့်ပြုသည့်အတွက်လည်း ကျေးဇူးများစွာတင်သည့် အပြင်၊ တန်ခိုးတော်အနန္တ စွမ်းပကားများကြောင့် အသေးစိတ်ရှာဖွေ ဖွင့်ဖော်နိုင်ရပါစေ အရှင်မြတ်ဘုရား”

ဤဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ သိက္ခာ၊ အဓိဋ္ဌာန်စွမ်းပကားများကြောင့် ဆရာတော်ကြီး ညွှန်ပြ သည့်နေရာတွင် ခေတ်အမီဆုံး သိပ္ပံနည်းပညာများဖြင့်ရှာဖွေခဲ့ရာ ယခုနောက်ဆုံးသိရှိရသော မင်္ဂလာသတင်းကောင်းအရ ဆိုလျှင် မြန်မာပြည် သူများအတွက် ငြိမ်းချမ်း မှုနှင့် အောင်မြင်မှုများကို ဆောင်ကြဉ်းလာနိုင်မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ပြန်လည်ပေါ်ထွန်းလာရန် ပိုမိုနီးကပ်လာပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ် ပါ သည်။

ဟိန်းလတ်

Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive