![]() |
| ရခိုင်ပြည်နယ်လုံးဆိုင်ရာ ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကို ဒီထက် ကျယ်ပြန့်အောင် ဖွဲ့စည်းသွားဖို့ သဘောတူခဲ့ကြ |
စစ်တွေမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အစည်းအဝေး ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားပြီ ဖြစ်ပြီး ဆုံးဖြတ်ချက် ၁၂ချက် ချမှတ်နိုင်ခဲ့ပါတယ်။
အဲဒီထဲက အရေးကြီးဆုံး အချက်၎ချက် ဖြစ်တဲ့ ၈၂ခုနှစ် ဥပဒေကို အစိုးရက အကောင်အထည် ဖေါ်ပေးဖို့၊ သယံဇာတ သုံးစွဲမှုနဲ့ ပတ်သက်လို့ ကျောက်ဖြူ ညီလာခံမှာ တောင်းဆိုထားတဲ့ အတိုင်း ဆောင်ရွက်ပေးဖို့၊ ရခိုင်ပြည်နယ် ပင်လယ်ပြင်နဲ့ မောင်တော နယ်စပ်တွေမှာ လုံခြုံမှု ရှိအောင် လုပ်ပေးဖို့နဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေအတွက် စက်မှုဇုံတွေမှာ အလုပ်တွေ ဖန်တီးပေးဖို့ စတဲ့ အချက်တွေကို နိုင်ငံတော် အစိုးရထံ တင်ပြ တောင်းဆိုသွားမယ်လို့ အဲဒီအဖွဲ့ရဲ့ နာယက ဆရာတော် ဦးစန္ဒာဝါရ ကပြောပါတယ်။
အခု ပြုလုပ်တဲ့ သံဃာတော်တွေရဲ့ အစည်းအဝေးဟာ ဒုတိယ အကြိမ် ဖြစ်ပြီး ပထမ အကြိမ်ကိုတော့ စစ်တွေမြို့ မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ အရေးအခင်းတုန်းက ပြုလုပ်ခဲ့ပါတယ်။
အဲဒီတုန်းက ရဟန်းတော်တွေကို စည်းကမ်းထိန်းသိမ်းရေးအတွက် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ လူမူရေး လုပ်ငန်းတွေ အပါအဝင် သာရေး နာရေး လုပ်ငန်းတွေကို စည်းကမ်း စနစ်တကျနဲ့ ဦးဆောင် လှုပ်ရှားခဲ့တဲ့ အတွက် လူထုရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
အခု ပြုလုပ်တဲ့ အစည်းအဝေးကို ရခိုင်ပြည်နယ် အနှံ့က ရဟန်းတော် အပါး ၇၀ နီးပါး တက်ရောက်ခဲ့ပြီး ဒီအဖွဲ့ကို ဒီထက် ကျယ်ပြန့်အောင် ဖွဲ့စည်းသွားဖို့ကိုလည်း တက်ရောက်လာတဲ့ ရဟန်းတော်တွေက သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

0 comments