ပြည်၊ မဇ္ဈိမ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ မှတ်တမ်းများစစ်ဆေးခြင်းနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် စာရင်းများကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ရဲဝန်ထမ်းများက တောင်းယူ ကြည့်ရှုခြင်းများသည် ရပ်ရွာ တည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က မေလ ၃ဝ ရက်တွင် ပြောသည်။

"ဒီလိုဟောပြောမှုတွေက လှုံ့ဆော်ရာ ဖြစ်သွားမလား။ မဖြစ်ဘူးလား။ ကိုယ့်အယူအဆနဲ့ ကိုယ် ထုတ်ဖော်ပြောတာလား။ ကိုယ့်အယူအဆနဲ့ ကိုယ် ပြင်းပြင်းထန်ထန် stronging ပြောတာ ပြသနာမရှိပါဘူး။ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဖျက်စီးအောင် လုပ်တာတွေလည်းရှိမယ်" ဟု ဦးရဲထွဋ်ကဆိုသည်။

မေလ ၃ဝရက် ညနေ(၄)နာရီက ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြည်မြို့ခံ သတင်းသမားများ နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများကို ပြည်ထဲရေးဌာနက ဥပဒေ နှင့် ညီမညီစစ်ဆေးနေခြင်း လက်မှတ်ထိုးစာရင်းများ တောင်းယူနေခြင်းများကို အစိုးရက မည်သို့ဖြေရှင်းမည်" ကို သတင်းထောက်တစ်ဦးက မေးမြန်းခြင်းကို ဦးရဲထွဋ်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းတွေ့ဆုံပွဲတွင် "SB (သတင်းတပ်ဖွဲ့)နှင့် နယ်မြေခံရဲတပ်ဖွဲ့များက နေ့စဉ်လက်မှတ်ထိုးစာရင်းများကို တောင်းယူခဲ့ရာ မပေးလိုက်ကြောင်းနှင့် လက်မှတ်ထိုးစာရင်းများ တောင်းယူခြင်းကို သမ္မတရုံးက ညွှန်ကြားချက် ပေးထားပါသလား" ဟု ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဒင်က မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းချက်ကိုဦးရဲထွဋ်က "ကျွန်တော်တို့က ဒါတွေပိတ်ပင်တားဆီးဖို့မရှိပါဘူး။ သဘောတူတဲ့လူနဲ့ မတူတဲ့လူကြား ပြသနာမဖြစ်အောင် အခြေအနေ စောင့်ကြည့်တာပဲ ရှိတယ်။ တောင်းတာက သူ့သဘောနဲ့သူ တောင်းတာ ဖြစ်ပါလိမ့်မယ်။ ပေးချင်တယ်ဆိုလည်းရတယ်။ မပေးချင်လည်း ရတယ်။ ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုကို ပြည်သူကိုလည်း အသိပေးရမယ့်အတူတူ မထူးပါဘူးဆိုပြီး ပေးလိုက်လည်းရတယ်" ဟုပြန်ဖြေသည်။

ရဲဝန်ထမ်းများသည် အစီရင်ခံစာတွင် ပြည့်စုံစေလိုသည့် သဘောဖြင့် သတင်းအချက်အလက် ပိုမိုရယူခြင်းဖြစ်နိုင်ပြီး သန်းကောင်စာရင်း မဟုတ်သည့် အတွက် တစ်နေ့ မည်မျှ လက်မှတ်ထိုးသည်ကို ရယူရန်မလိုကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။

ပြည်မြို့ပေါ် ရဲ စခန်း(၃)ခု နှင့် နယ်ရဲစခန်းများဖြစ်သော ပေါင်းတလည်၊ ဝက်ထီးကန် ရဲစခန်းများသည် NLD ရပ်ကျေးရုံးများကို နေ့စဉ်လက်မှတ်ထိုးသူ အရေအတွက် လက်မှတ်ထိုးသူအမည် နေရပ်လိပ်စာ၊ ရာထူး၊ အဖွဲ့အစည်း စသည်တို့ကို တောင်းခံထားကြောင်းလည်း ပြည်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး မြင့်သန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သတ်ပြီး သမ္မတကြီး၏ သဘောထားမည်သို့ရှိသည်ကို မဇ္ဈိမသတင်းဌာနက မေးမြန်းရာ "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေကော လွှတ်တော်ကော သဘောတူရင် ပြင်နိုင်ပါတယ်။ ပြင်တဲ့အတိုင်း သူလက်ခံပါတယ်လို့ သမ္မတကြီးက အရင်စပြောခဲ့တာ "ဟု ပြောသည်။

ရေခဲ(ပြည်)
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive