ချင်းမိုင်၊ မဇ္ဈိမ။ ။ မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ အာရှပစိဖိတ် အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများ ဖိုရမ် (Asia-Pacific Feminist Forum) တွင် မြန်မာနိုင်ငံက အမျိုးသမီးများက ထည့်သွင်း ဆွေးနွေးမည်ဟု Gender quality Network ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။

မေလ ၃ဝ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Impress Hotel တွင် စတင်ကျင်းပနေသော အာရှဖိစိတ်ဖိတ် နိုင်ငံပေါင်း ၃ဝ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေသော ဖိုရမ်တွင် အဆိုပါ မျိုးစောင့်ဥပဒေအား အလုပ်ရုံဆွေးနွေးပွဲတခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

“ကျွန်မတို့ကတော့ အဓိက မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး regional မှာ ရှိနေတဲ့ အမျိုးသမီးကွန်ယက်တွေနဲ့ ချိတ်ဆက်မယ်လို့ ယူဆတဲ့အတွက်ကြောင့် ကျွန်မတို့ လာတာပါ။ ကျွန်မတို့က ဒီမှာ မြန်မာပြည်မှာရှိတဲ့ women movementကို နယ်မြေဒေသနဲ့ဆိုင်တဲ့ သူတို့တွေကရော ဘယ်လို ကူညီပံ့ပိုးပေးလို့ ရမလဲ။ အဲဒါကို လာပြီးချိတ်တာပါ”ဟု မမေစံပယ်ဖြူက ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ Gender quality network မှ ကိုယ်စားလှယ် ၄ ဦး၊ မြန်မာလူငယ် ညီလာခံမှ လူငယ် မသဉ္ဇာရွှန်းလဲ့ရည်၊ အခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားနှင့် ကိုယ်စားလှယ် ၄ ဦး တက်ရောက်နေပြီး WLB မှ မဌေးဌေးတို့က အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် များပြားနေသော်လည်း မှန်ကန်သော သတင်းအချက်အလက်များ ရယူခွင့် မရှိခြင်း၊ အမျိုးသမီးအခွင့်အရေး ဆွေးနွေးပွဲကျင်းပမှုကိုလည်း အစိုးရ၏ အကန့်အသတ်များ ရှိနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

“တရက်မှာ ကလေးတယောက်နှုန်း အဓမ္မပြုကျင့်ခံရတယ်။ ဒါပေမဲ့ အမျိုးသမီး ချိုးဖောက်ခံရမှုတခုကို သုသေတန လုပ်ဖို့ လုပ်ခွင့် မရှိဘူးဆိုတော့ ပြောဖို့ ခက်တယ်။ အခုဆို မီဒီယာတွေမှာ အရမ်းပေါ်လာပြီ။ မီဒီယာမှာ ဘယ်သူ့ကို အဓမ္မပြုကျင့် လိုက်ပါပြီဆိုတာပဲ ရှိတယ်။ ဒါပေမဲ့ ဘယ်လို အရေးယူလိုက်ပါတယ်ဆိုတာ မရှိဘူး။ အခု မျိုးစောင့် ဥပဒေကို ဘာသာရေး အရောင်ပြပြီးတော့ နိုင်ငံရေး လှည့်ကွက်ကြီးလို့ဘဲ ယူဆတယ်။ ဒါက မိန်းမတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရတဲ့ လှည့်ကွက်ဖြစ်နေလို့ ကျွန်မတို့ လက်မခံနိုင်ဘူး”ဟု အခရာမျိုးသမီးအဖွဲ့မှ မထားထားက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများမှ ဆွေးနွေးပွဲ ကျင်းပရေးကို သက်ဆိုင်ရာ မြို့နယ်သို့ တလကြိုတင်ခွင့်ပြုချက် တောင်းခံရခြင်း၊ ဆွေးနွေးပွဲတွင် သုံးမည့်စကားလုံးများ၊ သွားမည့် လူဦးရေ ကန့်သတ်မှုများ ရှိသလို၊ ကျင်းပမည့် နေရာဟိုတယ်များကိုလည်း ခွင့်ပြုချက် ကြိုတင်တောင်းခံရသည်ဟု ၎င်းက ဆိုသည်။

မေလ ၃ဝ ရက်က ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံနယ်စပ်တလျှောက်မှ တိုင်းရင်းသား အမျိုးသမီး ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဒေါ်တင်တင်ညိုက မြန်မာအမျိုးသမီးများ၏ လှုပ်ရှားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသမီးများ ပါဝင်လာရန်၊ နိုင်ငံရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာခြင်းဖြင့် တရားမျှတမှုများ၊ အကြမ်းဖက် တွန်းအားပေးသည့် ဥပဒေများ တားဆီးနိုင်မည် စသည့် အချက်များကို ပြောဆိုခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက မဇ္စျိမကို ပြောသည်။

“ကျွန်မတို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အခြေအနေ အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ ပြည်တွင်း ပြည်ပ အမျိုးသမီးတွေ ကြားမှာ စုစည်းနိုင်ခဲ့တဲ့ အနေအထားတွေကနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ချမှတ်လာနိုင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြောတယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြမ်းဖက်မှု အကုန်လုံးကို လုံးဝ ကျွန်မတို့ လက်မခံဘူး။ ဆန့်ကျင်သွားမယ်။ အဲဒီမှာ အဓမ္မပြုကျင့်မှုတွေ အဓိကထားလုပ်ဆောင်သွားဖို့ရှိတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း လယ်ယာမြေသိမ်းခံရမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုများရှိနေမှုများကို တစ်နိုင်ငံချင်း လုပ်ဆောင်ပါက ဆောင်မြင်မှုမရှိသဖြင့် အာရှပစိဖိတ် လှုပ်ရှားမှု အမျိုးသမီးများ အနေဖြင့် ဦးဆောင် လုပ်ဆောင်ရန် အကြံပြု ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ အာရှပစိတ်ဖိတ် အမျိုးသမီးများ လှုပ်ရှားမှု ဖိုရမ်ကို မေလ ၃ဝရက်မှ ဇွန်လ ၁ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး နိုင်ငံပေါင်း ၃ဝ ကျော်မှ ကိုယ်စားလှယ် ၂ဝဝ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

Written by ဖနိဒါ
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive