( သည်တစ်ပို့စ်တော့ ၀သီအတိုင်း ခပ်ကြမ်းကြမ်း နှိပ်ထည့်လိုက်တယ်...ဖတ်ကြည့်လို့ စိတ်အနှောင့်အယှက်ဖြစ်မယ်ထင်ရင်လည်း ကျော်သာကျော်သွားကြပေရော့... )
သည်တစ်သက်တော့ သည်ကိစ္စတွေအကြောင်း မပြောတော့ဘူးလို့ သံန္နိဋ္ဌာန်ချထားပေမင့် အူထဲက ကလိကလိနဲ့ ဖြစ်ပါများတော့လည်း မပြောဘဲကို မနေနိုင်တော့ဘူး ကိုယ့်လူရေ။ သောက်ညင်ကတ်ချင်တဲ့လူကတ် ဆဲချင်တဲ့လူလည်း ဆဲကြပေရော့။
တကတည်းဗျာ မနက်မိုးလင်းကတည်းက ဟိုနားကြည့်လည်း လူ့ဖင်ခေါင်းကျယ်၊ သည်နားကြည့်လည်း လူ့ဖင်ခေါင်းကျယ်တွေနဲ့ချည်း တွေ့နေရတာ ကြာတော့လည်း မြင်ပြင်းကို ကတ်လာရော။ နိုင်ငံရေးသမားလို့ ခေါင်းစဉ်တပ်ပြီး သည်နေ့ကမ္ဘာပေါ်မှာ ဘယ်လိုနိုင်ငံရေးစနစ်တွေ ပေါ်ခဲ့မှန်း၊ ရှိနေမှန်းလည်း မသိ။ ကိုယ်ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဘယ်နှစ်မျိုးရှိမှန်း နားမလည်။ ထွက်သမျှဂျာနယ်တွေ ၀ယ်ဖတ်။ ဘာနိုင်ငံရေး ပါရဂူမှမဟုတ်တဲ့ ဂျာနယ်လစ် လက်တောက်လောက်လေးတွေ ရေးထားတာတွေအပေါ် အခြေခံပြီး လေကြီးမိုးကြီးပြော။ နားကိုညည်းရော။ သည်ဘက်တင်မဟုတ်ဘူး။ နှစ်ဖက်လုံး ထို့နည်းလည်းကောင်းချည်းပဲ။ ဟိုဘက်ကပြောရင်လည်း သည်ဘက်မကောင်းကြောင်း၊ သည်ဘက်ကပြောရင်လည်း ဟိုဘက်မကောင်းကြောင်း။ တိုင်းပြည်အတွက် ဘယ်လို အလုပ်အကျွေးပြုမယ်ဆိုတဲ့စကားသံတွေကို မစားရ၀ခမန်း ကြားချင်ပါတယ်ဆိုတဲ့ ဦးဟန်ကြည်ခမျာ သင်းတို့ပြောတဲ့ သောက်တင်းတွေချည်း ထိုင်နားထောင်ရင်း လူလည်း အောက်တန်းကျမှန်းမသိ ကျလိုက်လာနေတော့တာ စိတ်ကုန်ရော။
လာဦးမယ် ကျုပ်တို့ဗိုလ်ချုပ်အကြောင်း။ နေစမ်းပါဦး။ ခင်ဗျားတို့ ကျုပ်တို့လေးစားကြတဲ့ သည်ဗိုလ်ချုပ်အောင်ဆန်းဆိုတာ “ ဖာသည်တိုင်းပြည် ” ဆိုတဲ့ စကားတစ်ခွန်းပဲတတ်ပြီး “ ပဲပြုတ်နဲ့ နံပြား ” ချည်း ဘုဉ်းပေးသွားတာလား။ ဗိုလ်ချုပ်ကို ချစ်ရင်လည်း သူ့စကားတွေ သူ့မိန့်ခွန်းတွေ သူ့လုပ်ရပ်တွေကို လေ့လာကြပါတော့လား။ တစ်ခါလာလည်း ဖာသည်တိုင်းပြည်။ နောက်တစ်ယောက်လာလည်း ဖာသည်တိုင်းပြည်။ သင်းတို့လုပ်ပုံနဲ့ ကျုပ်တို့ဗိုလ်ချုပ်ခမျာ ပါးစပ်က ဖာစကားကလွဲပြီး ကျန်တာမပြောတတ်တဲ့လူကြီးကို ဖြစ်လို့။ ထွမ်...
ဒါက နိုင်ငံရေးပဲ ရှိသေးတာ။ လာဦးမယ် ဘာသာရေး။ လူတွေကြည့်လိုက်ရင် ကိုယ့်ဘုရားကို ဖက်အိပ်နေကြတဲ့အတိုင်း ပြောလိုက်ကြရင် လေကြီးမိုးကြီး။ သူရို့ပဲ ဆိုင်ရာဆိုင်ရာ သုဂတိတွေကို သွားကြတော့မယ့်အတိုင်း။ သူရို့လိုမှ အာပေါင်အာရင်းသန်သန် မပြောတဲ့လူတွေပဲ ငရဲသွားဖို့ လက်မှတ်ဖြတ်ပြီးသားတွေကျလို့။ တကတည်းဗျာ။ ဟိုဘက်ရော သည်ဘက်ရော ရှိရှိသမျှအကုန်လုံး ကိုယ့်ဖင်ကချေးတော့ ပြောင်အောင်ကုန်းဖို့ စိတ်မကူးဘူး။ အသံကောင်းဟစ်ဖို့ချည်း တာစူနေတာ စိတ်ကိုကုန်ရော။ ကိုယ်ကိုးကွယ်နေတဲ့ ဘုရားတွေအကြောင်းပဲ ဂဃနဏသိအောင် လေ့လာကြစမ်းပါဦး။ ကိုယ်ကိုးကွယ်တဲ့ ဘာသာဝင် စစ်စစ်ဖြစ်ဖို့ပဲ ပထမဦးစားပေးအနေနဲ့ ကြိုးစားကြစမ်းပါဦး။ ကိုယ့်ဘာသာရဲ့ ငရဲကလွတ်ဖို့သာ ၀ါယမစိုက်စမ်းပါဦး။ လူထူထူရှိရင် ဆိုင်ရာဆိုင်ရာ ဘာသာတရားတွေအကြောင်း အသံကောင်းဟစ်ပြီး ဘာသာရေးသူရဲကောင်းဖြစ်လိုဖြစ်ငြားနဲ့ ဖင်ခေါင်းကျယ်ကျယ်ပြနေတာ အူယားလာပြီ။
မထူးဘူး ချဲလက်စနဲ့ ဆက်ချဲတော့မယ်။ မီးမီးတို့က ဘွဲ့ရပါ။ သားသားတို့က ဘွဲ့ရပါ။ သည်ဘွဲ့နဲ့တန်တဲ့ အလုပ်မရပါဘူး။ ချဉ်ပေါင်ရွက်ရောင်းစားရပါတယ်။ ဂျာနယ်ရောင်းစားရပါတယ်။ ရထားတဲ့ ဘွဲ့နဲ့ မတန်မရာတွေ လုပ်စားနေရပါတယ်တွေ ဘာတွေနဲ့ မျက်ရည်ခံထိုးတာကလည်း တစ်မှောင့်။ နေစမ်းပါဦး မီးမီးတို့ သားသားတို့ ရထားတဲ့ ဘွဲ့လက်မှတ်ကြီးနဲ့ ထိုက်တန်တဲ့ ပညာတွေရော သင်ခဲ့ကြလို့လား။ ဦးဟန်ကြည်လည်း မန်းလေးတက္ကသိုလ်နား နေလာခဲ့တဲ့လူပါဗျာ။ ကိုယ်တိုင်လည်း ဆေးကျောင်းတက်ခဲ့ပါရဲ့။ ကျုပ်တို့ဆေးကျောင်းသားတောင်မှ စာမေးပွဲဖင်နားကပ်မှ ဖုတ်ပူမီးတိုက် စာကြည့်ပြီး အောင်လာကြတာ တစ်ရာမှာ ခုနစ်ဆယ့်ငါးယောက်။ ခင်ဗျားတို့ တက္ကသိုလ်တွေမှာ ဖဲရိုက်၊ ဖိုးရှူ၊ ဖာလိုက်၊ ဖွန်ကြောင်တာကလွဲပြီး ဘယ်စာတွေများ အားသွန်ခွန်စိုက် ကြိုးစားတော်မူခဲ့သလဲဆိုတာ မေးစမ်းပါရစေဦး။
ထပ်မေးပါဦးမယ်။ ဘွဲ့ရတဲ့လူက ချဉ်ပေါင်ရွက်ရောင်းမစားရဘူးလို့ဘယ်ဘုရားက ဟောတော်မူခဲ့သတုန်းဗျ။
ချဉ်ပေါင်ရွက်ရောင်းတဲ့အလုပ်ဆိုတာ စာမတတ်၊ ပေမတတ်၊ အောက်တန်းစားတွေ လုပ်စားတဲ့အလုပ်လို့ သတ်မှတ်ချင်တဲ့ သဘောလား မောင်ရင်တို့။ ထွမ်။ အောက်တန်းကျလိုက်လေ။ ပညာလေး မတောက်တခေါက်နဲ့ တစ်ဖက်သားကို နှိမ်ချင်သေးတာကိုး။ ချဉ်ပေါင်ရွက်သည်ရဲ့ ၀ီရိယနဲ့ ဇွဲကို သင်းတို့မို့ အထင်သေးပလေတယ်။ သည်စိတ်ဓာတ်နဲ့ သည်တစ်သက် လူဖြစ်ဖို့ဝေး၊ နွားမဖြစ်အောင်သာ ဆုတောင်း။ ဟေ့...ပညာတတ် ချဉ်ပေါင်ရွက်ရောင်းတော့ ကျန်းမာရေးနဲ့ ညီတဲ့ ချဉ်ပေါင်ရွက်တွေ မဖြစ်ဘူးလား။ ကိုယ့်ပညာ ကိုယ့်စိတ်ဓာတ်နဲ့ အရင်းတည်ပြီး ချဉ်ပေါင်ရွက်ရောင်းတဲ့အလုပ်ကို အောင်မြင်ဖြစ်ထွန်းအောင် မလုပ်နိုင်ဘူးလား။ စဉ်းစား။ တကတည်းဗျာ။ ဘွဲ့လက်မှတ်ကလေး ကိုင်ထားတာကိုများ အိုင်ယာလန်ထီ ပေါက်မဲလက်မှတ်ကြီး ကိုင်ထားတယ် အောက်မေ့တော်မူနေတာကိုး။ သူများနိုင်ငံလည်း ကြည့်တော်မူကြဦး။ ခင်ဗျားတို့လို ဖင်ခေါင်းကျယ်ရဲ့လားဆိုတာ သိရအောင်။
တစ်ခါလာလည်း အစိုးရမကောင်းဘူး ဟိုပါတီမကောင်းဘူး ဟိုလူမကောင်းဘူး သည်လူမကောင်းဘူး အဘိုးကြီးမကောင်းဘူး အဘွားကြီး အသုံးမကျဘူးနဲ့ လက်ညိုးချည်းထဲ ထိုးတော်မူနေကြ။ ဘယ်သူက ဘာဖြစ် ဟိုလူက ဟ၀ှာပြုဆိုတဲ့ ဆင်ခြေဆင်လက် ဆင့်ဖင်ခေါင်းတွေ လုပ်နေကြ ။ မကောင်းဘူးလို့ ကိုယ်ထင်တဲ့ သတ္တ၀ါတွေကို ဘေးချိတ်ထားလိုက်စမ်းပါ။ ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားလိုက်စမ်းပါ။ ဖြူစင်အောင် နေလိုက်စမ်းပါ။ ထူးချွန်အောင် သွေးနေလိုက်စမ်းပါ။ ထက်မြက်အောင် မွေးမြူနေလိုက်စမ်းပါ။ တစ်ချိန်ကျလို့ ကိုယ့်ခေတ်ရောက်လာရင် ကိုယ်ရှေ့တန်းကနေ တိုင်းပြည်ကို အကျိုးပြုနိုင်အောင် ကိုယ့်ကိုယ်ကို ဖြည့်နေစမ်းပါ။ အခွင့်အရေးမရသေးရင်လည်း ကိုယ့်မှာအရည်အချင်းရှိတော့ ကိုယ်ငတ်မသေဘူးပေါ့။ ဟုတ်ဘူးလား။ အခုတော့ မဟုတ်ဘူး။ လေကြီးမိုးကြီးနဲ့တင် အတော်အချိန်ကုန်နေပြီ။
သူရို့ကို ကြည့်နေရတာ မြန်မာပြည်က မီဒီယာသမားတွေ အနုပညာသားတွေကို ထိုင်ကြည့်နေရသလို အကုသိုလ်တုံးတွေချည်း။ ဟိုခေတ်တုန်းက ဆင်ဆာပိတ်လို့ ဘာပိတ်လို့ ညာပိတ်လို့ဆိုတဲ့ ဆင်ခြေဆင်လက် ဆင့်ဖင်ခေါင်းတွေ တွင်တွင်သုံးပြီး ညာတာပါတေးလုပ်ပြီး ချောင်သလိုနေ။ ဟော ဆင်ဆာဖွင့်ပေးလိုက်ပဟဲ့လည်းဆိုရော ရိုက်လိုက်တဲ့ ညှီစော်နံကား၊ မင်းသမီးဆိုတဲ့ ဖွတ်ကြားမလေးတွေကလည်း ၀တ်လိုက်တာမှ ဖင်ဟောင်းလောင်း။ ဟ ဖွင့်ပြီလေ။ လုပ်ကြပါတော့လား အနုပညာအရည်အသွေးတွေ ပြကြပါတော့လားဆိုတော့ သူလုပ်မှာလိုလို ငါလုပ်မှာလိုလိုနဲ့ ယောင်တောင်ပေါင်တောင်လုပ်နေရော။
ကျုပ်တို့လူမျိုးဟာလေ ပြောရင်လည်းမကြိုက်ဘူး၊ လုပ်ရင်လည်း သောက်တလွဲ။ ချိုချိုပြောတော့ ဖင်ကြားတောင် လေမသွားဘူး။ မာမာပြောတော့စိတ်ဆိုးရော။ အင်း ရှိသေးတယ်။ မြှောက်ပေးရင်တော့ ဟ၀ှာတက်အောင် ကပါလေရော။ သူများယောင်လို့မှ ကိုယ်လိုက်မယောင်ရပြန်ရင်လည်း နေမထိ ထိုင်မသာနဲ့ ဖင်ကြားခဲညပ်ရော။ ဗိုလ်ချုပ်အောင်ဆန်းက ခပ်ရိုင်းရိုင်းပြောတော့ သဘောကျသတဲ့။ ကျယ်ပြန်ပြီ ဖင်ခေါင်းက။ တကယ်လို့ ဗိုလ်ချုပ်သာ သည်နေ့ထိ သက်ရှိထင်ရှားရှိကြည့်။ ဗိုလ်ချုပ်ပါးစပ်က သည်လို ခပ်ကြမ်းကြမ်းစကားတွေချည်း ထွက်ကြည့်။ သည်ဘဲကြီးကလဲ နေ့ရှိသရွေ့ ကြိမ်းမောင်းနေတော့တာပဲလို့ ဒေါကန်ပြီး သူပုန်ထကြမှာ ကျုပ်တို့လူမျိုး။
ပြောပါပကောလား...ကျုပ်တို့လူမျိုးက စိတ်ထဲမှာ တကယ်မရှိဘဲနဲ့ လေကြီးမိုးကြီး သိပ်ပြောတတ်တယ်လို့... ဖင်ခေါင်းသိပ်ကျယ်ပါတယ်လို့...။ ။
( ဟန်ကြည် )
၂၄.၅.၂၀၁၄ ( စနေနေ့ )

0 comments