ထိုင်းနိုင်ငံ၏ (၁၂) ကြိမ်မြောက် အာဏာသိမ်းခြင်းသည် စင်စစ်အားဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာ အာဏာသည် မည်သူ့လက်တွင် ရှိနေသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ်က ထိုင်းဘုရင် ဘူမိဘော၏ ခွင့်ပြုချက်ဖြင့် အာဏာသိမ်းခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခြင်းမှာ ထိုအချက်ကို ပေါ်လွင်ထင်ရှားစေသည်။

လက်ရှိ အာဏာသိမ်းခြင်းသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်က အရွေးကောက်ခံ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထံမှ သိမ်းယူပြီးနောက် အရွေးကောက်ခံ အစိုးရထံမှ ဒုတိယအကြိမ်မြောက် သိမ်းယူခြင်းလည်း ဖြစ်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရအဖွဲ့ကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခြင်းမှာ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ ရေစီးကြောင်း တည့်တည့်ကြီး နောက်ပြန်သွားခြင်း ဖြစ်သည်။

ကုန်ခဲ့သည့် အနှစ်ငါးဆယ်ခန့်ကို ပြန်ကြည့်လျှင် ထိုင်းနိုင်ငံသည် ဒေသတွင်း နိုင်ငံများအကြား ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပထမဦးဆုံး စတင်ခဲ့သည့် နိုင်ငံဖြစ်သည့်အပြင် ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ဒီမိုကရေစီ အပြောင်းအလဲ မတိုင်မီ ကာလအထိ ဒီမိုကရေစီ အကျဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။

ထိုင်းစစ်တပ်သည် အိမ်နီးချင်း နိုင်ငံများထက်စာလျှင် အမေရိကန် ပြည်ထောင်စုအပြင် အနောက်နိုင်ငံများနှင့် အထိအတွေ့ အများဆုံး၊ ထိုနိုင်ငံများသို့ စစ်တပ်အရာရှိများ ပညာသင် စေလွှတ်မှု အများဆုံး နိုင်ငံတစ်ခုလည်း ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ကမ္ဘာပေါ်တွင် စစ်တပ်က အကြိမ်အများဆုံး အာဏာသိမ်းသည့် နိုင်ငံလည်း ဖြစ်နေသည်။

လက်ရှိ အာဏာသိမ်းခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိသည့်အနက် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံးမှာ ထိုင်းစီးပွားရေး လောကကို ကြီးစိုးထားသည့် ဘုရင့်ဆွေတော် မျိုးတော်များ၊ စစ်တပ် အကြီးအကဲဟောင်းများ၊ ၎င်းတို့နှင့် နီးစပ်သူ လက်တစ်ဆုပ်စာ အီလစ်များ၏ နိုင်ငံရေးလောဘ ဖြစ်သည်။

စစ်အာဏာသိမ်းသည့် အဆင့်သို့ မရောက်မီ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းသည့် အချိန်တွင် ဆူသက်သောင်ဆူဘန် ခေါင်းဆောင်သော ယင်းလပ်အစိုးရ ဆန့်ကျင်သူအုပ်စု (ရှပ်ဝါ)နှင့် ဂျာတူပွန် ပရွန်ပင်န် ခေါင်းဆောင်သော ယင်းလပ်အစိုးရ ထောက်ခံသူ အုပ်စု (ရှပ်နီ) တို့ကို စစ်တပ်က မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးစေခဲ့ရာ နှစ်ဖက်အကြား စေ့စပ်ညှိနှိုင်း မရခဲ့ပေ။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းလပ်အစိုးရ ထောက်ခံသူ ဂျာတူပွန်က လူထုဆန္ဒခံယူပွဲ ကျင်းပပေးရန် သို့မဟုတ် ရွေးကောက်ပွဲ ကျင်းပရန်နှင့် လူထုဆန္ဒခံယူပွဲ သို့မဟုတ် ရွေးကောက်ပွဲက ထွက်ပေါ်လာသော ထိုင်းပြည်သူလူထု၏ သဘောဆန္ဒ ဆုံးဖြတ်သည့်အတိုင်း လက်ခံရန် အသင့်ရှိကြောင်း ပြောဆိုခဲ့သော်လည်း ယင်းလပ်အစိုးရ ဆန့်ကျင်သူ အုပ်စုကမူ ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲ မလုပ်ခင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ပေးရန်ကိုသာ တောင်းဆိုခဲ့သည်။ ယင်း သဘောထား နှစ်ရပ်အကြား မည်သို့မျှ စေ့စပ်ညှိနှိုင်း မရသောကြောင့် ဘုရင့်ခွင့်ပြုမိန့်ဖြင့် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်း ဖြစ်သည်။

ရှပ်နီနှင့် ရှပ်ဝါတို့၏ လိုလားချက်နှင့် တောင်းဆိုမှု နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင်ပင် မည်သည့်အုပ်စုက တရားနည်းလမ်းကျသည်၊ ဓမ္မဓိဋ္ဌာန်ကျသည်၊ ကျိုးကြောင်း ဆီလျော်သည် သို့မဟုတ် တရားဝင် ဖြစ်သည်ကို သိနိုင်သည်။ ယင်းလပ် အစိုးရတွင် အားနည်းချက်၊ လိုအပ်ချက်၊ မှားယွင်းမှုနှင့် အလွဲသုံးစားမှုများ ရှိနေနိုင်သော်လည်း ထိုင်းပြည်သူ အများစု၏ ဆန္ဒမဲဖြင့် ရွေးကောက်ခံရပြီး အုပ်ချုပ်ရေးတာဝန်ကို ယူထားသည့် အစိုးရတစ်ရပ်ကို စစ်တပ်က အာဏာသိမ်းသည့် နည်းဖြင့် ဖြုတ်ချခြင်းမှာ မည်သို့မျှ လက်ခံနိုင်စရာ မရှိပေ။

အခြေခံ ထိုင်းပြည်သူ အများစုက သဘောမတူသည့် အာဏာသိမ်းမှုသည် စင်စစ်အားဖြင့် ထိုင်းပြည်သူ တစ်ရပ်လုံးက ရိုသေလေးစားသည့် ဘုရင် ဘူမိဘောအဒူရာဒက်၏ သြဇာကိုမှီကာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအာဏာနှင့် စီးပွားရေး လုပ်ပိုင်ခွင့် အများစုကို ချုပ်ကိုင်လိုသူ ထိုင်းအီလစ်များနှင့် လူလတ်တန်းစားနှင့် အခြေခံ ထိုင်းပြည်သူများအကြား ဓနဥစ္စာခွဲဝေမှု အချိုးမမျှ ဖြစ်နေခြင်း ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါမူ ထိုင်းဘုရင်၏ အမိန့်အာဏာနှင့် အီလစ်များ၏ သြဇာသက်ရောက်မှု ရှိနေသော လက်ရှိ ထိုင်းစစ်တပ် အကြီးအကဲများ၏ အာဏာသိမ်းမှုသည် အခြေခံ ထိုင်းပြည်သူလူထု၏ ဘဝအခြေအနေ၊ ဆန္ဒသဘောထားတို့ကို လျစ်လျူရှုရာ ရောက်ပြီး ထိုင်းဒီမိုကရေစီ မျက်နှာစာကို အိုးမဲသုတ်လိုက်ခြင်းပင် ဖြစ်ကြောင်း သင်ခန်းစာ ယူရပေမည်။

http://www.oppositeyes.info 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive