ဟနွိုင်း၊ ဘေဂျင်း
တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စီးအား ဗီယက်နမ်ရေတပ်သင်္ဘောပေါ်မှ တွေ့ရစဉ် (Nguyen Minh/File/REUTERS)
တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား အငြင်း ပွားမှုများ ဖြစ်နေသော တောင်တရုတ်ပင်လယ် ရေနံတူးစင်အနီးတွင် ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စီးသည် တရုတ်သင်္ဘောနှင့် တိုက်မိခဲ့ပြီး နစ်မြုပ်သွားခဲ့သည် ဟု နှစ်နိုင်ငံသတင်းများတွင် ဖော်ပြသည်။
မေလ ၂၇ ရက်တွင်ဖြစ်သော ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် အပြစ်တင်လျက်ရှိသည်။
ဗီယက်နမ်ငါးဖမ်းသင်္ဘောသည် အတိုက်မခံရမီ ၎င်းကို တရုတ်သင်္ဘောအစီး ၄၀ က ၀ိုင်းထားခဲ့သည်ဟု ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
သို့သော် ဗီယက်နမ်သင်္ဘောသည် တရုတ်သင်္ဘောကို ၀င်တိုက်ခဲ့ပြီးနောက် မှောက်သွားခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနဆင်ဟွာက ဖော်ပြသည်။
ဗီယက်နမ်သင်္ဘောနစ်မြုပ်မှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများကို မြင့်တက်စေနိုင်သည်ဟု ဘီဘီစီသတင်းဌာနမှ မာတင်ပေးရှန့်က ပြောသည်။
ဗီယက်နမ်ငါးဖမ်းသင်္ဘောနစ်မြုပ်မှုသည် တရုတ်နှင့် ဗီယက်နမ်တို့အကြား အပြင်းအထန် တင်းမာမှုများဖြစ်စေခဲ့သည့် Haiyang Shiyou 981 ရေနံတူးစင်မှ ရေမိုင် ၁၇ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မေလဆန်းတွင် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ရေပိုင်နက်တွင် ရေနံတူးစင် ဆောက်လုပ်ခဲ့ရာမှ နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့၍ တရုတ်နိုင်ငံသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
ဗီယက်နမ်လွှတ်တော်အမတ်များသည် တရုတ်နိုင်ငံအား ရေနံတူးစင်တည်ဆောက်မှုနှင့် ဗီယက်နမ်သင်္ဘောများကို တိုက်ခိုက်မှုတို့ဖြင့် နိုင်ငံတကာ တရားရုံးတစ်ခု၌ တရားစွဲရန် ပြင်ဆင် နေသည်ဟု ဗီယက်နမ် မီဒီယာ များက ဖော်ပြကြသည်။
တရုတ်အစိုးရသည် ဗီယက်နမ်အပြင် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ တိုင်ပေတို့နှင့်လည်း တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။
—Ref: BBC, AFP

http://www.7daydaily.com
0 comments