တပ်မတော်ဆိုတာက နိုင်ငံတော်ကာကွယ်ရေးနဲ့နိုင်ငံသားတွေအတွက် ထမ်းဆောင်ပေးရတဲ့ နိုင်ငံ အတွက်အရေးပါလှတဲ့ Institution ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာတော့ တပ်မတော်က သမိုင်းကြောင်း အရ နိုင်ငံရေးနယ်ပယ်ထဲမှာပါ တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး နောက်လည်းနှစ်ကာလတော်တော်ကြာကြာ ရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။ ဘယ်လောက်ကြာအောင် နိုင်ငံရေးနယ်ပယ်ထဲ တပ်ရဲ့ပါဝင် ပတ်သက်မှုရှိနေဦးမယ်ဆိုတာကို ဘယ်သူကမှအတိအကျ ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိသလို တပ်အနေနဲ့ လည်း နိုင်ငံရေးအခြေအနေ တိုးတက်ဖြစ်ထွန်းဖြစ်ထွန်းမှုပေါ်မှာပဲ စဉ်းစားချင့်ချိန်ပြီး လျှော့ချသွားမဲ့ သဘောရှိပါတယ်။ Time Frame သတ်မှတ်ပြီးဆုံးဖြတ်ထားတာမျိုး တပ်ဘက်မှလည်း ရှိပုံမရပါဘူး။ တပ်ဘက်နဲ့အရပ်ဘက် တွေးခေါ်မြော်မြင်ပုံစံက လုံးဝကွဲပြားခြားနားပြီးတော့ မြန်မာနိုင်ငံအတွက် စိုးရိမ် သောကရှိကြပုံချင်းလည်း မတူညီကြပါဘူး။

ဒီလိုမတူကွဲပြားမှုဖြစ်ပေါ်နေခြင်းဟာ လွန်စွာမှသဘာဝကျလှပြီး သဘာဝကျကျ မတူကွဲပြားခြင်း အပေါ် နှစ်ဖက်ပိုမိုနားလည်မှုရှိရေး ကြိုးပမ်းနိုင်ရင် ပြဿနာတွေပိုနည်းသွားမှာဖြစ်ပါတယ်။ လွှတ်တော် ထဲက ၂၅ % နဲ့ တခြားနိုင်ငံရေးဆိုင်ရာ Position တချို့ကို တပ်မတော်ကရယူထားတာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံရေးအရ ရယူထားသမျှပါဝါတွေအားလုံးကို ဖြည်းဖြည်းချင်းလျှော့ချပြီး ပရော်ဖက်ရှင် နယ် တပ်မတော်အဖြစ် တပ်ရဲ့မူလတာဝန်များကိုပဲ ထမ်းဆောင်မယ်ဆိုတဲ့အကြောင်းကို တပ်မတော် ခေါင်းဆောင်များကရော လက်ရှိအာဏာရပါတီကပါ အလွတ်သဘော ကတိက၀တ်များပေးထားပါတယ်။

ဒီမိုကရေစီစနစ်မှာ အတိုက်အခံဆိုတာ အစိုးရကို အတိုက်အခံပြုပါတယ်။ (ရန်ပြုခြင်းမဟုတ်) မြန်မာ့နိုင်ငံရေးမှာတော့ ဒီမိုကရေစီမဖြစ်ထွန်းသေးတာကြောင့် အတိုက်အခံဆိုတဲ့ သဘောတရားက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းမှာ ပိုမိုရှုတ်ထွေးတဲ့ အဓိပ္ပာယ်များရှိနေပါတယ်။ ဒီမိုကရေစီတည် ဆောက်ရေးအတွက် အာဏာရှင်များကို အတိုက်အခံပြု(တော်လှန်)ခဲ့ရာကနေ အခုလွှတ်တော်တွင်း အတိုက်အခံအဖြစ်ရော ဒီမိုကရေစီတည်ဆောက်ရေးအတွက် တော်လှန်ရေးအသွင်ဆောင်တဲ့ အတိုက် အခံအဖြစ်ပါ တစ်စိတ်တစ်ပိုင်းဖြစ်နေပါသေးတယ်။

အတိုက်အခံတို့အနေနဲ့ စဉ်းစားသင့်တာက တပ်မတော်ကို အတိုက်အခံပြုခြင်းနဲ့ အာဏာရပါတီကို အတိုက်အခံပြုခြင်းတို့ ရောထွေးနေတယ်ဆိုတဲ့အချက်ပါပဲ။ အာဏာရပါတီနဲ့ လက်ရှိအစိုးရတို့ကို တပ်က လူဟောင်းတွေက ဦးဆောင်နေတာဖြစ်လေတော့ တပ်နဲ့အာဏာရပါတီကို ရောထွေးမြင်နေတာလည်း မှားတယ်လို့ယူဆဖို့ခက်ပါတယ်။ ဒါပေမဲ့ လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ဆိုရင်တော့ အကောင်းဆုံးမဟာ ဗျူဟာများချမှတ်နိုင်ဖို့ အခြေအနေအရပ်ရပ်ကို ပကတိအတိုင်း ရှုမြင်နိုင်ဖို့ အားထုတ်ကြရမယ်ဖြစ်ပါတယ်။ နိုင်ငံတော်(အချုပ်အခြာအာဏာ)တည်တံ့ခိုင်မာရေးဖြစ်ပြီး အာဏာရပါတီရဲ့ အကျိုးစီးပွားကတော့ နိုင်ငံတော်အာဏာနဲ့ နိုင်ငံတော်ကို စီမံခန့်ခွဲခွင့်ကို ထိန်းထားနိုင်ရေးဖြစ်ပါတယ်။

ဒီလိုပြောတဲ့အခါ အငြင်းပွားစရာတွေရှိပေမဲ့ အခြေခံဥပဒေကို စေ့စေ့ငုငုလေ့လာပြီး အစွဲနဲ့ ခံစားချက်ကင်းကင်းသုံးသပ်ရင် ဒီအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ အတိုက်အခံတို့အနေနဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးကို အဓိကအာရုံစိုက်လုပ်ကိုင်နေတယ်လို့သုံးသပ်ရပြီး ဒီလိုပြင်ဆင်နိုင်ရေးအတွက် တပ်ကိုအာရုံစိုက်ပြီး အတိုက်အခံပြု (နိုင်ငံရေးကနေဖယ်ထုတ်ဖို့ကြိုးစား) နေတာတွေ့ရပါတယ်။ ၂၀၁၅ ရဲ့ ဒီဘက်ပိုင်းမှာတော့ အကြီးမားဆုံးမဟာဗျူဟာအမှားဖြစ်နေပါတယ်။

တပ်မတော်အနေနဲ့ လွှတ်တော်တွင်းမှာရှိနေခြင်းဟာ နိုင်ငံရေးလမ်းကြောင်း မယိမ်းမယိုင်ရှိနေရေး ဒီမိုကရေစီလမ်းကြောင်းကို အတိမ်းအစောင်းမရှိ အခိုင်အမာတည်ဆောက်နိုင်ရေးလို့ဆိုထားပြီး လောလောဆယ်အခြေအနေမှာလည်း ဒီအတိုင်းကိုက်ညီနေတာတွေ့ရပါတယ်။ (၂၀၁၀ မတိုင်မီကာလ များနဲ့ရောထွေးပြီး မစဉ်းစားမိဖို့လိုပါတယ်။) နိုင်ငံတော်အာဏာကို တပ်ကရယူထားခြင်းမဟုတ်ဘဲ အာဏာရပါတီကသာ ရယူထားခြင်းဖြစ်ပါတယ်။ အာဏာရပါတီအနေနဲ့ အရေးကြီးတဲ့ပါတီညီလာခံမှာ ပုဒ်မ ၅၉ ကို အတတ်နိုင်ဆုံး ပြင်ဆင်ပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်ထားခဲ့ကြပေမဲ့ အခုအခါမှာ အာဏာရ ပါတီဝင်များစီစဉ်တဲ့ ပုဒ်မ ၅၉ မပြင်ဆင်ရေး ဆန္ဒပြခြင်းဟာ နိုင်ငံသားတို့ရဲ့ အခွင့်အရေးဆိုပေမဲ့ ပါတီများ အနေနဲ့ကတော့ မူဝါဒများဟာ လွန်စွာမှအရေးပါတာဖြစ်တဲ့အတွက် ပါတီဝင်များလုပ်သမျှ ကိုင်သမျှဟာ မူဝါဒများနဲ့ညီညွတ်နေဖို့ မဖြစ်မနေလိုအပ်တာဖြစ်ပါတယ်။ ပါတီကအတိုင်းအတာတခုထိ ပြင်ဆင်ဖို့စဉ်း စားထားပေမဲ့ ပါတီဝင်များကပဲ မပြင်ဖို့ဆန္ဒပြတယ်ဆိုတာ အလွန်ကြီးမားတဲ့ မူဝါဒဆိုင်ရာလွဲချော်မှုကြီး ဖြစ်ပြီး လူထုရဲ့ရှိရင်းစွဲအမြင်မကြည်လင်မှုကို တိုးပွားစေမှာဖြစ်ပါတယ်။ (အတိုက်အခံပါတီက အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့ပြီး အခုအချိန်ထိလည်း ပြင်ဆင်ရေးကို တောက်လျှောက်လုပ်ကိုင်နေခြင်းဟာ အလုပ်ဖြစ်တာမဖြစ်တာ တစ်ကဏ္ဍထားပြီးကြည့်ရင် ရှေ့နောက် ညီညွတ်တာတွေ့ရပါတယ်။) အခြေခံဥပဒေပြင်ဆင်ရေး အာဏာရပါတီရဲ့ ဆန္ဒပြပွဲတွေဟာ အကြောင်းမဲ့ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ အချိန်တန်လို့ပြင်ဆင်ရေးကို လွှတ်တော်က ဆုံးဖြတ်တဲ့အခါမှာ တစ်စုံ တစ်ရာသက်ရောက်မှုရှိမှာဖြစ်ပါတယ်။ အာဏာရပါတီက ညှိနှိုင်းတိုင်ပင်ပြီး အကြမ်းဖျင်းအနေနဲ့ သဘောတူထားသလို ပုဒ်မ ၅၉ ကို ပြင်ဆင်ပေးမယ်ဆိုရင်တောင်မှ လူထုခေါင်းဆောင်အနေနဲ့ အလွယ် တကူ သမ္မတရာထူးဝင်ရောက်ယှဉ်ပြိုင်ဖို့မလွယ်ကူသေးဘဲ အခက်အခဲတွေရှိနေသေးတာဖြစ်ပါတယ်။ အခုလက်ရှိအာဏာရပါတီရဲ့ ခြေလှမ်းများကိုလေ့လာသုံးသပ်မယ်ဆိုရင် ပုဒ်မ ၅၉ ကို ပြင်ဆင်ပေးမဲ့အနေ အထား သေချာပေါက်ရှိတယ်လို့ လုံးဝယူဆစရာမရှိတော့တာတွေ့ရပါတယ်။ ပုဒ်မ ၄၃၆ မှာပါတဲ့ ၇၅ % ကျော်ဆိုတဲ့အချက်ကို ၇၅ %အောက်အထိ ပြင်ဆင်နိုင်ခဲ့ရင်တောင်မှ လောလောဆယ်အခြေအနေမှာ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ကိုက်ညီအောင် ပြင်ဆင်ဖို့လုံးဝမဖြစ်နိုင်သေးပါဘူး။

အခြေခံဥပဒေအရ တပ်က နိုင်ငံရေးထဲပါဝင်ပတ်သက်နေပြီး ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီမှုမရှိ သေးတာကြောင့် အတိုက်အခံတို့အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး (တပ်ရဲ့ဆုံးဖြတ်ပိုင်ခွင့် အသာစီး ယူမှုကိုလျှော့ချနိုင်ရေး)ကို အာရုံစိုက်လုပ်ကိုင်ကြိုးပမ်းဆောင်ရွက်နေတာတွေ့ရပြီး ဒါဟာလောလောဆယ် ပကတိအခြေအနေအရ အောင်မြင်ဖို့မလွယ်ကူရုံမက မဟာဗျူဟာလည်း လွဲမှားနေပါတယ်။ တပ်က အဓိကဆုံးဖြတ်ခွင့်ကို ရယူထားတယ်လို့ယူဆထားချက်ဟာ အပေါ်ယံကြည့်ရင်မှန်သလိုရှိပေမဲ့ သေသေ ချာချာလေ့လာသုံးသပ်လိုက်ရင် မှားနေတာတွေ့ရပါလိမ့်မယ်။ တပ်က လွှတ်တော်တွင်းမှာရှိနေခြင်းဟာ ဒီမိုကရေစီအရ စံလွဲမှုဖြစ်တာကြောင့် လွှတ်တော်တွင်းက တပ်ရဲ့ကဏ္ဍကို သီးခြားသဘောရှုမြင်မှုကြောင့် ဒီယူဆချက်တွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီမဖြစ်ထွန်းခင်မှာ တပ်မတော်အနေနဲ့ နိုင်ငံရေး စနစ်ခိုင်မာအောင် တည်ဆောက်ရေးတာဝန်ကို ၀ိုင်းဝန်းထမ်းဆောင်နေတယ်လို့ (ကျန်တဲ့ကိစ္စတွေကို ခဏထားပြီး) အကောင်းဘက်က ရှုမြင်ကြည့်မယ်ဆိုရင် အဖြေကတစ်မျိုးထွက်လာပါလိမ့်မယ်။ အဓိက ဆုံးဖြတ်ခွင့်ကိုရယူထားတယ်ဆိုတာထက်စာရင် ဆုံးဖြတ်ခွင့်တစ်စိတ်တစ်ပိုင်းကို ရယူထားခြင်းလို့ပြောမှ မှန်ပါလိမ့်မယ်။ ပုဒ်မ ၅၉ ပြင်ဆင်ရေးကိစ္စနဲ့ ဥပမာပေး ရှင်းလင်းဖော်ပြချင်ပါတယ်။ ပုဒ်မ ၅၉ ပြင်ဆင်ရေး ကို မကြာခင် လွှတ်တော်တွင်းမှာ ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။ ပြင်ဆင်ရေး ဆုံးဖြတ်ဖို့ မဲခွဲကြတဲ့ အချိန်ကိုရောက်လာရင် တပ်ကကိုယ်စားလှယ်အားလုံး (၂၅ %)က ပြင်ဆင်ရေးထောက်ခံပေးလိုက်ပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၅၀ % က ကန့်ကွက်လိုက်မယ်ဆိုရင်လည်း ပြင်ဆင်လို့ဘယ်လိုမှမရနိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်တွေက် မပြင်ဆင်ရေးဆန္ဒပြနေကြတာကို ထည့်သွင်းစဉ်းစားဖို့လိုသလို ပြည်ခိုင်ဖြိုး ပါတီတွင်း သဘောထားကွဲလွဲမှုများကိုလည်း တည့်တွက်ဖို့လိုပါတယ်။ တပ်မတော်အနေနဲ့ လူထုအကျိုး စီးပွားကိုကြည့်ပြီး (လွှတ်တော်တွင်းမှာ)ရပ်တည်ခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးတာကိုလည်း ထည့်တွက်ရပါမယ်။ ပြင်ဆင်ရေးအတွက် တပ်မတော်ကကန့်ကွက်မှာကို စိတ်မပူကြဖို့လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အခိုင်အမာပြောဆိုထားတာရှိပါတယ်။ အတိုက်အခံတို့အာရုံစိုက်သင့်တာဟာ အာဏာရပါတီသာဖြစ်ပါတယ်။ တပ်မတော်မဟုတ်ပါ။ တပ်မတော်ကိုလွှတ်တော်တွင်းကနေ ၂၀၁၅ မတိုင် ခင်ဖယ်ထုတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်သလို ဖယ်ထုတ်ဖို့လည်းမကြိုးစားသင့်ပါဘူး။ ပြင်ဆင်ရေးအတွက် တပ်မတော်ရဲ့ထောက်ခံမှုကို အတိုက်အခံတို့ရရှိခဲ့ရင်တောင်မှ လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့်အတွက် အမတ်နေရာအများစုကို မရရှိသေးဘဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို ပိုမိုအာရုံစိုက်သင့်ကြောင်း ယူဆချက်များ ပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။

တပ်မတော်အကြောင်းစဉ်းစားတဲ့အခါမှာ လက်ရှိတပ်မတော်ဟာ မျိုးဆက်သစ်ဖြစ်တယ်ဆိုတာ လည်း ထည့်သွင်းစဉ်းစားရပါမယ်။ တပ်ချုပ်ကိုယ်တိုင်က မျိုးဆက်သစ်ဖြစ်ပါတယ်။ အ တိုက်အခံအနေနဲ့ တပ်ကိုစည်းရုံးရေးအသွင်ဆောင်ပြီး ပြောဆိုဆက်ဆံလုပ်ကိုင်မယ်ဆိုရင် ပိုပြီးတော့အကျိုးများပါလိမ့်မယ်။ အရင်တပ်ခေါင်းဆောင်ဟောင်းတွေရဲ့ သြဇာသက်ရောက်မှုတစ်ချို့ ရှိကောင်းရှိနေနိုင်ပေမဲ့ လက်ရှိတပ်ကို အရင်တပ်ခေါင်းဆောင်ဟောင်းများနဲ့ ရောထွေးမရှုမြင်မိအောင် လူထုကရော အတိုက်အခံကပါ ကြိုးစား မယ်ဆိုင်ရင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းဟာ ပိုမိုထိရောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ တပ်မတော် ဘက်ကလည်း ပြုပြင်ပြောင်းလဲရေးကိး အရှိန်မြှင့်ဆောင်ရွက်ပေးဖို့လိုအပ်သလို လူထုနဲ့အတိုက်အခံတို့ ကလည်း တပ်မတော်ရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲများနဲ့ ဖြေလျှော့မှုများကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ တပ်မတော်နဲ့လူထုဟာ လွတ်လပ်ရေးရယူစဉ်ကာလတုန်းကလိုပဲ တစ်သားတည်းဖြစ်သွားမှ သာ မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် စိတ်အေးရမှာဖြစ်ပြီး ဒီလိုဖြစ်ဖို့ နှစ်ဖက်စလုံးက အားထုတ်ဖို့လို ပါမယ်။

အတိုက်အခံတို့အနေနဲ့ ဒီမိုကရေစီအပြည့်အ၀ဖြစ်ထွန်းရေးကို စဉ်းစားရာမှာ တပ်မတော်က နိုင်ငံရေးထဲပါနေတယ်ဆိုတဲ့ တစ်ချက်တည်းကိုပဲကြည့်ပြီး စဉ်းစားမဲ့အစား အစစယိုယွင်းပျက်စီးနေတဲ့ တိုင်းပြည်အခြေအနေကိုပါ ထည့်စဉ်းစားဖို့ပါ။ လူထုရဲ့အသိပညာရေချိန်မြင့်မားဖိုး၊ စည်းကမ်းနဲ့စာရိတ္တ တိုးတက်ကောင်းမွန်ဖို့စတဲ့အချက်တွေကို မဖြစ်မနေထည့်သွင်းစဉ်းစားရပါမယ်။ (အတိုက်အခံခေါင်း ဆောင်ကို ထောက်ခံခြင်းက Political Culture မြင့်မားခြင်း၊ လူထုရဲ့နိုင်ငံရေးအသိအမြင် ကြွယ်ဝခြင်း ကြောင့်မဟုတ်ဘဲ အာဏာရှင်များကို ရွံမုန်းမှုနဲ့လွတ်လပ်ရေးရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ရဲ့ မျိုးဆက်ကိုအားကိုးယုံကြည်မှုတို့ကြောင့်သာဖြစ်ပြီး အာဏာရှင်စနစ်ရှိခဲ့တဲ့နိုင်ငံတိုင်းမှာ ဒါမျိုးဖြစ်တတ် ပါတယ်။ လူထုတစ်ရပ်လုံးကိုရော နိုင်ငံရေးပါတီများပါ နိုင်ငံရေးအသိပညာဆိုင်ရာ အခြေခံကောင်းများကို မဖြစ်မနေတည်ဆောက်ဖို့လိုပါမယ်။) Institution များကိုလည်း အခိုင်အမာအသားတကျ ကြိုးပမ်းတည် ဆောက်ပြီး ဒီမိုကရေစီလည်း သေချာပေါက်ပီပြင်လာပါလိမ့်မယ်။ တပ်အနေနဲ့လည်း နောက်ထပ် ဆယ်စု နှစ်တွေနဲ့ချီပြီး နိုင်ငံရေးနယ်ပယ်ထဲမှာ မပြောင်းမလဲ (၂၅ % ကို ဖြည်းဖြည်းချင်းမလျှော့ချဘဲ) နေလို့မရ ပါဘူး။ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မှာဖြစ်လို့ အားလုံးမဟုတ်ရင်တောင်မှ တဖြည်းဖြည်းလျှော့ချ ရမှာဖြစ်ပါတယ်။

အတိုက်အခံတို့အတွက်လက်တွေ့ကျတဲ့နိုင်ငံရေးဟာ ၂၀၁၅ မတိုင်ခင်မှာ တပ်ရဲ့လွှတ်တော်တွင်း ဆုံးဖြတ်ခွင့်ကို လျှော့ချဖို့ကြိုးပမ်းရေးမဟုတ်ဘဲ လွှတ်တော်တွင်းမှာရှိတဲ့ အာဏာရပါတီရဲ့ ဆုံးဖြတ်ခွင့်ကို လျှော့ချရေးသာဖြစ်ပါတယ်။ တပ်ကို လွှတ်တော်ထဲကနေဖယ်ထုတ်ဖို့ လောလောဆယ်မှာ လုံးဝမဖြစ်နိုင် ပေမဲ့ အာဏာရပါတီကိုတော့ ဖယ်ထုတ်ဖို့က (အာရုံစိုက်ပြီးကြိုးစားလုပ်ကိုင်မယ်ဆိုရင်) လုံးဝဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။

ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် လုပ်နိုင်ကိုင်နိုင်ဖို့ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိရေးသည်သာ အတိုက်အခံတို့အတွက် အကောင်းဆုံး နိုင်ငံရေးဖြစ်ပါလိမ့်မယ် ။ ။

ပိုက်တင်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive