From : .. ရဲဘော် မောင်သောင်း



နံပါတ် (၂) အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပညာ ညံ့ဖျင်းမှုကြောင့် မယုံကြည်ရခြင်းဖြစ်ပါတယ်။ ဒေါ်စုကို ကြီးမားသော လူအုပ်ကြီးများဖြင့် ထောက်ခံခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၂၆ နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့် လူထုအင်အားကို အသုံးချပြီး နိုင်ငံရေးအရွေ့တစ်ခုကို ဖန်တီးနိုင်တဲ့ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်မှာ မရှိခဲ့ပါဘူး။


ပြည်သူတွေ တခဲနက်ထောက်ခံတဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဒေါ်စုဘက်က ဘာမှအကောင်အထည် မဖော်နိုင်ခဲ့ပဲ အကြောင်းပြချက်တွေပဲ ပေးခဲ့ပါတယ်။ နောက်ဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဖွဲ့ပြီး အဖျားရှူးသွားပါတယ်။ လူထုရဲ့ဆန္ဒမဲတွေကို ဒေါ်စု မဆုတ်ကိုင်ခဲ့ပဲ ၂၀၀၈ အခြေခံဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရှိပြီးသားပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ပြည်သူ့ထောက်ခံမဲတွေ သဲထဲရေသွန်ဖြစ်သွားရပြီး NCUB နဲ့ NCGUB တို့ ဖျက်သိမ်းခဲ့ရပါတယ်။


၂၀၀၈ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပကတည်းက ကန့်ကွက်ဖို့ NLD က ပြောခဲ့ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ဖို့ ဒေါ်စုကို သွားမေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ခိုင်းပဲ သပိတ်မှောက်ခိုင်းခဲ့ပြီး မကြာခင်မှာ ရွှေဂုံတိုင်ကြေညာစာတမ်း ထွက်ကာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ရောက်တော့ ဂငယ်ကွေ့ကွေ့ပြီး ၂၀၀၈ အခြေခံဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အပြင် အခြေခံဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်ကြီးထဲမှာ  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မိန့်မိန့်ကြီး ဝင်ထိုင်သွားပြန်ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကတိသုံးရပ်ပေးခဲ့ပြီး ၂၀၁၄ နောက်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မယ်အချိန်ထိ ကတိတွေ အကောင်အထည် မဖော်နိုင်သေးပါဘူး။


စာသားမပြင်လျှင် ကျမ်းမကျိန်ဘူးဆိုပြီး အရွေ့တစ်ခုကို ဖန်တီးခဲ့ပါတယ်။ နောက်တော့လည်း ထုံးစံအတိုင်း ရှုံ့ချည်နှပ်ချည်နဲ့ အဖျားရှူးသွားခဲ့ပြန်ပါတယ်။ ခြေဥမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မဝင်ဘူးဆိုပြီး အသံကျယ်ကျယ် အော်ခဲ့ပြန်ပေမယ့်လည်း နောက်တော့ ကိုယ့်တံတွေး ကိုယ်ပြန်မျိုကာ အခြေခံဥပဒေ မပြင်နိုင်ခင် ဒီနှစ်ကုန် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်နေရာအပြည့် ဝင်ဖို့ ဆုံးဖြတ်ပြန်ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အခြေခံဥပဒေကို လွှတ်တော်တွင်းမှ ပြင်၍ မဖြစ်နိုင် ဟု ဒေါ်အောင်ဆန်း စုကြည် အမြဲပြောခဲ့ပါတယ်၊ ပြည်ပကနေ အစိုးရကို ဖိအားတွေပေးခိုင်း ပါတယ်။ ဒါပေမယ့် အခုထိ လွှတ်တော်တွင်း ကပင် ပြင်မယ်လို့ ဆိုပြန်ပါတယ်။ အကြမ်းမဖက် အနုနည်းကို လက်ကိုင်ထားပြီး တရားဥပဒေ စိုးမိုးရေး ရှေ့တမ်းတင်မယ် ပြောခဲ့ပါတယ်။ အခုတစ်ခါ မင်းမဲ့စရိုက်ဆူပူဖို့ အရိပ်အမြွတ်ပြောပြန်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ ဒုတိယပင်လုံက အရေးအကြီးဆုံးလို့ ဆိုခဲ့ဖူးတယ်။ နောက်တော့ ထုံးစံအတိုင်း အဖျားရှူးသွားတာပါပဲ။

ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ၁၉၈၈ မြန်မာနိုင်ငံကို ပြန်ရောက် လာချိန် (သူမအသက် အသက် ၄၃ အရွယ်အထိ) နိုင်ငံရေးကို စိတ်မဝင်စားခဲ့ကြောင်း ဦးဝင်းတင် တစ်လ ပြည့်အခမ်းအနားမှာ ဝန်ခံသွားပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး စလုပ်ကတည်းက ယခု ၂၆ နှစ်တိုင်သည် အထိ ထိရောက်တဲ့ နိုင်ငံရေးအရွေ့ တစ်ခုတောင် ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ခဲ့ပါဘူး။ လုပ်ဆောင်သမျှက လမ်းတစ်ဝက်မှာ ရပ်ရင်ရပ်၊ မရပ်ရင် လမ်းကြောင်း ပြောင်း၊ မပြောင်းရင် ဂငယ်ကွေ့နဲ့ နောက်ကြောင်းပြန်လှည့် သွားရတာ ချည်းပါပဲ။ အဲလိုပုဂ္ဂိုလ်မျိုးကို နိုင်ငံတော် အာဏာတွေ ပုံအပ်ပေးဖို့ တပ်မတော်က ဘယ်လိုယုံကြည်ရပါမလဲ။

(ဆက်လက်ဖော်ပြမည်)

အပိုင်း (၁) ကို  http://www.myanmarexpress.net/2014/05/blog-post_8551.html တွင် ဖတ်ရှုနိုင်ပါသည်။


.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive