အထက်ဖော်ပြပါစာသည် မိတ်ဆွေတစ်ဦးမှ အမျိုးသားရေးလှုပ်ရှားသူများအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် ဆန့်ကျင်ဖက်အုပ်စုများအား ပြန်လည်ချေပသည့် စာထဲမှ တစ်ပိုင်းတစကောက်နုတ်ချက်တစ်ခု ဖြစ်သည်။ အဆိုပါကောက်နုတ်ချက်တွင် ပါရှိသည့် ၎င်းမိတ်ဆွေ၏ အမျိုးသားရေးအပေါ် ရှုမြင်သော အမြင်အား ဖတ်ရှုပြီးနောက်ပိုင်း မိမိ၏အတွေးထဲတွင် စဉ်းစားစရာတချို့ပေါ်လာသည်။ မည်သို့သောအရာကို အမျိုးသားရေးအသိစိတ်ဓာတ်ဟု ခေါ်ပါသနည်း။ အမျိုးသားရေး အသိစိတ်ဓာတ်တွင် မည်သို့သော လက္ခဏာရပ်တို့ ပါရှိရန် လိုအပ်ပါသနည်း။ 
ကျယ်ဝန်း၍ နက်ရှိုင်းလှသည့် ထိုအရာအား မိမိ၏ သေးငယ်လှသည့် ဆင်ခြင်ဥာဏ်ဖြင့် ဘောင်မခတ်လိုသော်လည်း ဆိုရေးရှိ၍ ဆိုအပ်သည့်အတိုင်း တွေးတော သုံးသပ်ခွင့်ပြုစေလိုပါသည်။ အထက်ပါစာသားနှင့် ခပ်ဆင်ဆင်တူညီသည့် သြ၀ါဒတစ်ခုအား မြန်မာနိုင်ငံမှ လတ်တလော ကမ္ဘာကျော်သွားသည့် သံဃာတော်တစ်ပါး ပလ္လင်ထက်မှ မြွက်ကြားဖူးခဲ့သည်။ မိမိ၏ မိတ်ဆွေသည်လည်း အနှီသြ၀ါဒအား စုတုပြု၍ ဤစာအားရေးသားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
အမျိုးသားရေးအသိစိတ်ဓာတ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အကျင့်စရိုက်၊ဂုဏ်သိက္ခာအပေါ်တွင် မူတည်၏၊မတည်၏ ဟူသောအချက်သည် ဒွိဟဖြစ်ဖွယ်ကောင်းလှပေသည်။ အမျိုးသားရေးဟု ဆိုလိုက်သည်နှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအား ကိုယ်စားမပြုပဲ လူ့အဖွဲ့အစည်းတစ်ရပ်အား ကိုယ်စားပြုသည့် ၀ိသေသတစ်ရပ်အဖြစ် လူတိုင်းနားလည်ထားကြသည်။ သို့သော် မည်ကဲ့သို့သော အမျိုးသားရေးဖြစ်သနည်းတည်းဟူသော အဆင့်အတန်းခွဲခြားမှုသည် အနှီလူ့အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထား၊ ဂုဏ်သိက္ခာ၊ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်စသည့် အချက်အလက်ပေါင်းများစွာအပေါ်တွင် မူတည်နေပေလိမ့်မည်။ လူ ဟူသောသတ္တ၀ါသည် တူရာစုတတ်သည့် သဘာဝရှိသည် မဟုတ်ပါလား။
အမျိုးသားရေးဖြင့် စုစည်းအပ်သည့် အစုအဖွဲ့တစ်ခုတွင် အမျိုးသားရေးအသိစိတ်ဓာတ်သည် သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ပြဌာန်းချက်ကိုယ်စီဖြင့် တည်ရှိနေပေလိမ့်မည်။ သို့သော် မည်သို့သော ပြဌာန်းချက်မျိုးဖြစ်သနည်း ဟူသောအချက်သည် အဆိုပါအဖွဲ့အစည်း၏ အမျိုးသားရေးစိတ်ဓာတ် အဆင့်အတန်းပင် ဖြစ်သည်။ မည်သို့နှိုင်းယှဉ်ခွဲခြားပါမည်နည်း။
မြန်မာနိုင်ငံ၌ အမျိုးသားရေးသမားဟု ဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်အများစု လုပ်ဆောင်နေသည့် အမျိုးသားရေးအဖွဲ့အစည်းများအား ပြေးမြင်ကြပေလိမ့်မည်။ သို့သော် ၎င်းအဖွဲ့အစည်းများ၏ ဆန့်ကျင်ဖက်ဖြစ်သော တိုင်းရင်းသားဖြစ်ခွင့် ရရှိရေးလုပ်ဆောင်နေကြသည့် မူဆလင်အဖွဲ့အစည်းများအား မည်သူမျှ အမျိုးသားရေးအဖြစ် အသိအမှတ်မပြုကြချေ။ ထို့အပြင် ဘာသာရေးလွတ်လပ်ခွင့် ခေါင်းစဉ်ဖြင့် ကြိုးပမ်းနေကြသည့် တောင်ပေါ်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်များ၏ လုပ်ဆောင်ချက်များအားလည်း အမျိုးသားရေးအဖြစ် အသိအမှတ်ပြုရန် မည်သူမျှ မစဉ်းစားကြချေ။ အထက်ဖော်ပြပါ အုပ်စုသုံးမျိုးစလုံးသည် ဘာသာရေးအခြေခံသည့် အတ္တဗဟိုပြု အမျိုးသားရေးလှုပ်ရှားမှုများပင် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းက အဆင့်အတန်းပိုမြင့်သနည်း။ မိမိအနေဖြင့် မဆုံးဖြတ်လိုပေ။
နောက်ထပ်အစုအဖွဲ့တစ်ခုအနေဖြင့် တင်ပြရလျှင် ဘာသာရေးအခြေမခံသည့် အတ္တဗဟိုပြု လူမျိုးရေး အဖွဲ့အစည်းတို့သည်လည်း အမျိုးသားရေးအစုအဖွဲ့တွင် ပါဝင်သည်။ မိမိလူမျိုးအခွင့်အရေးအတွက် တဖက်လူမျိုးအား ဆန့်ကျင်ခြင်း၊ ဆန့်ကျင်လာသည့် လူမျိုးအား ထိန်းချုပ်ရန် ကြိုးပမ်းခြင်း အစရှိသည်တို့သည်လည်း အမျိုးသားရေးနာမည်တပ်၍ လုပ်ဆောင်လျှက် ရှိနေကြသည်။ တပ်မတော်သည် အမျိုးသားရေးကို သစ္စာမဖောက်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည့် ကြွေးကြော်သံများသည် အထက်ပါအချက်အား သက်သေခံလျှက် ရှိသည်။
ထို့နောက် လူမျိုးရေး၊ဘာသာရေးကို အခြေမခံသည့် လုပ်ဆောင်ချက်များ၊ လုပ်ဆောင်သူများသည် အမျိုးသားရေးအစုအဖွဲ့၌ မပါဝင်သလားဟူသော မေးခွန်းတစ်ခု ထပ်ပေါ်လာသည်။ နိုင်ငံတကာနှင့် ယှဉ်လျှင် အဖက်ဖက်ကနိမ့်ကျနေသည့် ပညာရေး၊ကျန်းမာရေးနယ်ပယ်အား မြှင့်တင်ရန် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးပမ်းအားထုတ်မှုများ၊ မတရားမှုများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ကြိုးပမ်းမှုများ၊ အားကစား၊ စာပေ၊အနုပညာ၊နည်းပညာ ကဏ္ဍအသီးသီး၌ နိုင်ငံ၏ပုံရိပ်အား မြှင့်တင်ရန် ကြိုးပမ်းမှုများ၊ နိုင်ငံအတွင်းနှင့် ပြည်ပတွင် ဒုက္ခရောက်နေသူများအား လူမျိုး၊ဘာသာမရွေး ကူညီရန်ကြိုးပမ်းခြင်း စသည့် လုပ်ဆောင်ချက်များသည်လည်း အမျိုးသားရေးပင် မဟုတ်ပါလော။
အမျိုးသားရေး၌ အစုအဖွဲ့ခွဲခြားသတ်မှတ်ရန် လွယ်ကူသော်လည်း တချို့တချို့သော ပုဂ္ဂိုလ်များတွင် အထက်တွင်ဖော်ပြထားသကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏ အလုပ်အကိုင်၊ အကျင့်စရိုက်၊ ဂုဏ်သိက္ခာအား အခြေခံ၍ ၎င်း၏အမျိုးသားရေးစိတ်ဓာတ်အား တန်ဖိုးဖြတ်ရန် ခက်ခဲလှပေသည်။ ဥပမာပေးရလျှင် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာလုပ်နေသည့် မြန်မာမိန်းမပျိုတစ်ဦးသည် ပျော်ပါးသူများနှင့် တစ်ညတာလုံး ပင်ပန်းကြီးစွာ ဆက်ဆံ၍ ရရှိသောဝင်ငွေဖြင့် တရားမ၀င်ခိုးဝင်မှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားမိတ်ဆွေများအား ပွဲစားမှတဆင့် အချုပ်ခန်းတွင် သွားရောက်ရွေး၍ ကယ်တင်ဖူးသည့် ဖြစ်ရပ်များစွာရှိလေသည်။ သူမ၏ဂုဏ်သိက္ခာ၊ ကိုယ်ခန္ဓာဖြင့် ရင်း၍ ကူးစက်ရောဂါတို့အား လောင်းကြေးထပ်ကာ ရရှိလာသော ၀င်ငွေမှဖဲ့၍ မြန်မာနိုင်ငံမှ ပရဟိတလုပ်ငန်းများအတွက် လစဉ်လှူဒါန်းသည့် ပြည့်တန်ဆာမိန်းမပျိုများလည်း ရှိသည်။ ဤသည်ကား အမျိုးသားရေး အသိစိတ်ဓာတ် မဟုတ်ပါလား။ သို့ရာတွင် ပြည့်တန်ဆာတစ်ဦးအနေဖြင့် ကုလားနှင့်လုံးဝမဆက်ဆံ၊ ဗုဒ္ဓဘာသာမှသာ လက်ခံမည်ဟု ၉၆၉ စိတ်ဓာတ်ဖြင့် လုပ်ကိုင်စားသောက်ရန်မှာ မဖြစ်နိုင်ချေ။ ကုလားထံမှ အခကြေးငွေယူ၍ ညအိပ်သည့် အနှီပြည့်တန်ဆာအား အမျိုးသားရေးအသိစိတ်ဓာတ်မရှိဟု ယိုးစွပ်သင့်ပါသလား။ မိမိမိတ်ဆွေ၏ "ဖာသယ်မပင်ဖြစ်နေပါစေ၊ အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ခံစားလျှင်" ဟူသော စကားသည် မည်ကဲ့သို့သော အမျိုးသားရေးအသိစိတ်ဓာတ်အား ရည်ညွှန်းသည်ကို မိမိအနေဖြင့် ဝေခွဲနိုင်စွမ်းမရှိချေ။ အဆိုပါ မိတ်ဆွေအနေဖြင့် ၎င်းရည်ညွှန်းသည့် အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ခံစားနေရသည့် အနှီဖာသယ်မငယ်အား ၎င်းရပ်တည်နေရသည့် ဂုဏ်သိက္ခာကင်းမဲ့သော ဒုက္ခနွံအတွင်းမှ ကယ်တင်ရန် ကြိုးစားမည့် အစီအစဉ်ရှိမရှိဟူသော မေးခွန်းတစ်ခု ရှိနေပါသည်။
နိုင်ငံတကာ မူဆလင်ကမ္ဘာအားလေ့လာကြည့်လျှင် ဆီးယီးယားသူပုန်များအား အားပေးသည့်အနေဖြင့် ၎င်းတို့၏ကာမဆန္ဒအား ဖြည့်ဆည်းရန်အလို့ငှာ နိုင်ငံအချို့မှ မူဆလင်မိန်းမပျိုများသည် ၎င်းသူပုန်များရှိရာသို့ အန္တရာယ်ကြားမှ လိုက်လာပြီး လိင်ဆက်ဆံကာ ကိုယ်ဝန်ယူသွားကြောင်း သတင်းများတွင် ဖတ်ရှုခဲ့ရသည်။ အဆိုပါအစီအစဉ်သည် ထူးဆန်းသည်ဟုမဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သမိုင်းတလျှောက် တိုက်ပွဲဝင်စစ်သည်များ၏ ကာမဆန္ဒဖြည့်ဆည်းရန်အလို့ငှာ ရှေ့တန်းသို့ မိန်းမပျိုများအား ပို့ဆောင်ခဲ့သည့် နိုင်ငံများ ရှိခဲ့ဖူးသည်။ သို့သော် လက်မထပ်ပဲ ဆက်ဆံခြင်း၊ သားဖျက်ချခြင်းအား တင်းကြပ်စွာတားမြစ်ထားသည့် အစ္စလာမ်ဘာသာတွင် အဆိုပါအစီအစဉ်အား အလ္လာအရှင်၏ အလိုတော်ကျဖြစ်သည်ဟု ၀ါဒမှိုင်းတိုက်ကာ အကောင်အထည်ဖော်ခဲ့သည့် ဘာသာရေးခေါင်းဆောင်များ၏ လုပ်ရပ်မှာ အလွန်ပင်အံ့သြစရာကောင်းလှသည်။ အနှီမိန်းမပျိုများ၏ စွန့်လွှတ်အနစ်နာခံမှုအား မူဆလင်အချို့က အလွန်မွန်မြတ်သည့် အမျိုးသားရေးစိတ်ဓာတ်အဖြစ် ဂုဏ်ပြုကြလေသည်။ သို့သော် တိရိစ္ဆာန်များကဲ့သို့ ကြုံရာဆက်ဆံသဖြင့် ဖခင်မည်သူမည်ဝါမသိပဲ လူ့လောကထဲရောက်ရှိလာမည့် ခလေးသူငယ်များအတွက် မည်သူမျှ မစဉ်းစားကြချေ။ မိမိတို့ မြန်မာလူမျိုးများအနေဖြင့် အထက်ပါလုပ်ရပ်အား အမျိုးသားရေးအသိစိတ်ဓာတ်အဖြစ် အတုယူသင့်ပါ၏လော။
အဘယ်ကြောင့် ဤကဲ့သို့ ဘာသာရေးအားအကြောင်းပြု၍ မှိုင်းတိုက်ခံရပါသနည်း။ ကာယကံရှင်တို့၏ အတွေးအခေါ်၊ အသိဥာဏ်ပညာချို့တဲ့၍ ဖြစ်သည်ဟူသော အဖြေမှလွဲ၍ တခြားမမြင်ချေ။ ထို့ကြောင့် ဘာသာရေးအခြေပြု အမျိုးသားရေးလုပ်ဆောင်သူများသည် မိမိတို့၏ ဘာသာဝင်များအား အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် မဆောင်ရွက်ပဲ အမျိုး၊ဘာသာ၊သာသနာတည်းဟူသော အကြောင်းပြချက်ဖြင့် မျိုးရိုးမပျက်ရေးအတွက်၊ ဘာသာအတွက်၊ အမျိုးသားရေးအတွက် အထက်ဖော်ပြပါ ဆီးရီးယားသာဓကကဲ့သို့ နည်းလမ်းမကျသည့် သြ၀ါဒများကိုသာ တွင်တွင်ဟောလျှင် မည်သို့သော ရလာဒ်မျိုး ထွက်ပေါ်လာမည် ထင်ပါသနည်း။ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးငယ်တစ်ဦးသည် အကျင့်စာရိတ္တပျက်စီးနေသည့် ဗုဒ္ဓဘာသာဝင်ယောင်္ကျားတစ်ဦးအား အမျိုး၊ဘာသာ၊သာသနာအတွက်ဟူသော ခေါင်းစဉ်သက်သက်ဖြင့် တသက်တာပတ်လုံး ပေါင်းဖက်ရန် လက်ထပ်သင့်ပါသလား။ ထိုသို့သော လက်ထပ်ခြင်းအား အမျိုးသားရေးအသိစိတ်ဓာတ်ဟု သမုတ်ရန် ထိုက်တန်ပါ၏လော။
ပြည့်တန်ဆာခေါင်းတို့မည်သည် တရားဥပဒေချိုးဖောက်သူ၊ လူညွှန့်ခူးစားသူ၊ ဂုဏ်သိက္ခာမရှိသူပင်ဖြစ်သည်။ ထိုကဲ့သို့သော အကျင့်စရိုက်၊ အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူအား မိမိတို့၏ အမျိုးသားရေးအား အားပေးကူညီရုံကာမျှဖြင့် အမျိုးသားရေးအသိစိတ်ဓာတ်ရှိသူဟု ဂုဏ်ပြုရန်ထိုက်တန်ပါ၏လော။ မိမိတို့အား ထောက်ခံအားပေးနေသည့်အချိန်တွင် အနှီပြည့်တန်ဆာခေါင်းသည် မိမိတို့၏ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများ၏ ဘ၀ဖြင့်ရင်း၍ ရသည့်ငွေအား ခေါင်းပုံဖြတ်ကာ ရပ်တည်လျှက်ရှိနေလေသည်။ အနှီပုဂ္ဂိုလ်ကြောင့် ဘ၀ပျက်ရန်အလားအလားများစွာ ရှိနေသည့် ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးငယ်များစွာ ရှိနေလေသည်။ မည်သို့မည်ပုံ ရှုမြင်ကြပါမည်နည်း။
သူခိုး၊ဓားမြတို့်သည်လည်း အကျင့်စာရိတ္တယိုယွင်းသူတို့သာ ဖြစ်ကြသည်။ သို့သော် ဥပဒေမဲ့ ခိုးယူလုယက်သူများအား သူခိုးဓားမြအဖြစ်သတ်မှတ်ကြသော်လည်း ဥပဒေဘောင်အတွင်းမှ လက်တစ်လုံးခြား ခိုးယူလုယက်သူများကိုမူ အမည်နာမ တိတိကျကျသတ်မှတ်ရန် မလွယ်ကူချေ။ မည်သို့ပင်ဆိုစေကာမူ အထက်ပါအစုအဖွဲ့တို့သည် အကျင့်စာရိတ္တယိုယွင်းနေသူများပင် ဖြစ်သည်။ မရိုးသား၍ ခိုးစားသူများသည် အမျိုးသားရေး၌ ရိုးသားစွာပါဝင်ဆောင်ရွက်လိမ့်မည်ဟု တထစ်ချမျှော်လင့်နိုင်ပါသလား။ စဉ်းစားသင့်လှပေသည်။
ကိုးကွယ်ရာ ဗုဒ္ဓဘာသာချင်းတူလင့်ကစား၊ ကဏ္ဍတစ်ခု၌ ခံယူချက်၊ရည်မှန်းချက် တူလင့်ကစား ဆန့်ကျင်ဖက်အမြင်များစွာ ရှိနေသည့် အစုအဖွဲ့တို့သည် ယခုအချိန်တွင် အပြန်အလှန်ဝေဖန်ပြစ်တင် ရှုံ့ချလျှက် ရှိနေကြသည်။ အမျိုး၊ဘာသာ၊သာသနာ ကြွေးကြော်သံဖြင့် လှုပ်ရှားနေကြသည့် အစုအဖွဲ့တို့အား ဘာသာရေးအစွန်းရောက်များအဖြစ် ဆန့်ကျင်ဖက်အုပ်စုတို့မှ ပုံဖော်ကြလေသည်။ အနှီဆန့်ကျင်ဖက်အုပ်စုတို့အား မေးလိုသည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ဗုဒ္ဓသာသနာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မည်သည့်အစီအစဉ်များကို လှုပ်ဆောင်ပြီးဖြစ်ပါသနည်း။ မိမိတို့၏ မြန်မာ့ယဉ်ကျေးမှုထာဝစဉ် တည်တံ့ခိုင်မြဲရေးအတွက် မည်သို့သော ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်ပြီး ဖြစ်ပါသနည်း။ တဖက်အုပ်စုအား ဝေဖန်ပြစ်တင်နေမည့်အစား အထက်ပါလုပ်ဆောင်ချက်များဖြင့် သက်သေပြခြင်းသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
အမျိုး၊ဘာသာ၊သာသနာဟူသော ဘာသာရေးအခြေပြုအုပ်စုအားလည်း မေးခွန်းထုတ်လိုပါသည်။ ၎င်းတို့၏ ကြွေးကြော်သံတွင် ရှေ့ဆုံး၌ ပါရှိသည့် မိမိတို့၏လူမျိုးအားမြှင့်တင်ရန် မည်ကဲ့သို့သော အစီအစဉ်များ လုပ်ဆောင်ပြီးဖြစ်ပါသနည်း။ မမြှင့်တင်ပဲ စောင့်ရှောက်ခြင်းသည် နည်းလမ်းကျသော လုပ်ဆောင်ချက်မျိုးမဟုတ်ချေ။ တောင်းပေါက်နှင့် ဖားကောက်သကဲ့သို့ ရေထဲဆားလှေမှောက်သည့်နှယ် ဖြစ်နေပေလိမ့်မည်။ အစစအရာရာ နိမ့်ကျနေသည့် မိမိတို့၏ ဗုဒ္ဓဘာသာဝင်အများစု၏ ဘ၀အဆင့်အတန်းအား မြှင့်တင်ရန် ကြိုးပမ်းခြင်းသည် ဆန့်ကျင်ဖက်အုပ်စုအား ဝေဖန်တိုက်ခိုက်နေခြင်းထက် ပိုမိုထိရောက်သော နည်းလမ်းဖြစ်ပေလိမ့်မည်။
အမျိုးသားရေးသည် စည်းလုံးညီညွတ်ရေးဖြစ်သည်။ စိတ်ဝမ်းကွဲခြင်းမဟုတ်။
အမျိုးသားရေးအသိစိတ်ဓာတ်သည် မိမိနှင့်တကွ မိမိတို့၏ အမျိုး၊ဘာသာ၊သာသနာအား ကိုယ်စီလုံ့လစိုက်ထုတ်မှုဖြင့် မြှင့်တင်ခြင်းဖြစ်သည်။ ဆန့်ကျင်ဖက်အုပ်စုအား ရန်လိုပြစ်တင်ရှုံ့ချရုံ သက်သက်မဟုတ်။

အမျိုးသားရေးသည် အချင်းချင်း မြှင့်တင်ခြင်းဖြစ်သည်။ အချင်းချင်း ဆန့်ကျင်ခြင်းမဟုတ်။ 
အမျိုးသားရေးသည် မြှင့်တင်ခြင်းဖြစ်သည်။ ဆန့်ကျင်ခြင်းမဟုတ်။

မြတ်သိန်းထွန်း (ဘွရှင်)
အယ်ဒီတာချုပ်
ဝံသာနု
http://myanmar.wontharnu.com

Posted by Unknown on Friday, April 4, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive