စစ်တွေမှ အသက်အငယ်ဆုံး စာရေးဆရာ ဝေဟင်အောင်၏ သွေးနဲ့ ရေးသည့်မြေ စာအုပ်ဖြန့်ချီပွဲ သတင်းကို ဖတ်ရမြင်ရသည်။ ရှေးဦးစွာ ၀မ်းသာဂုဏ်ပြုပါကြောင်း ပြောချင်သည်။ လွန်ခဲ့သောနှစ်ပေါင်း-၂၀-လောက်ကနှင့် ယခုအထိ ကျွန်တော်သည် ရခိုင်သမိုင်းသုတေသီ-ရခိုင်စာရေး ဆရာကြီးများ၏ နေရာတွင် မျိုးဆက်သစ်လူငယ်များက လက်ဆင့်ကမ်း တာဝန်ယူဆောင်ရွက်ကြမည့် အရေးကို ရေဒီိယိုများမှ ၄င်း-ပြည်ပထုတ် ဂျာနယ်-စာစောင်များတွင်လည်း ရေးသားထုတ်လွှင့်ခဲ့ဖူးသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့၏ ရခိုင်သမိုင်းသုတေသီတို့သည် အနိစ္စသင်္ခါရသဘောကို မလွန်ဆိုင်နိုင်သောကြောင့် တဖြုတ်ဖြုတ်ကြွေလွင့် ခဲ့ကြရပြီကို သတိထားမိ၍ဖြစ်သည်။
စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား။ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား။
အမေရိကပြည်ထောင်စု နယူးယောက်မြို့တွင် ကျွန်တော်နှင့် ဆရာဦးအေးကျော် ( အမျိုးသားစာပေဆုရ ) သည် စာပေအကြောင်းများနှင့်လည်းကောင်း အခါအလပ် ပြောဆိုဆွေးနွေးနေဖြစ်သည်။ ကျွန်တော်က စာရေးနိုင်သော်လည်း ဆရာဦးအေးကျော်မှာ မျက်စေ့မမြင်သောကြောင့် တစ်ကြောင်း-ကွန်ပြူတာ မရိုက်တတ်၍လည်းကောင်း ကိုယ်တိုင်ကိုယ်ကျ စာပေများကို မရေးသားနိုင်။ သို့သော် ဆရာဦးအေးကျော်၏ နှုတ်မှပြောဆိုသော စကားများကို အသံသွင်းဖမ်းယူပြီး ရေးသားဖြန့် ချီပေးခဲ့ကြသော လူငယ်များ၏ ကျေးဇူးကြောင့် ဆရာဦးအေးကျော်၏ စာပေအနှစ်သာရများ ထွက်ပေါ်နိုင်ခဲ့သည်။ မှတ်မှတ်ရရ ပြောရမည်ထင်သည်။ တစ်နေ့တွင် ရခိုင်လူမျိုးများ၏ တစ်ခုသော ဆွမ်းကျွေးအလှူ ( သီတင်းကျွတ်လား-တန်ဆောင်မုန်း ပွဲတော် တရားနာပွဲလား ) မပြောတတ်တော့။
၎င်းပွဲတော်တွင် ကျွန်တော်နှင့် ဆရာဦးအေးကျော် တွေ့ဆုံကြသည်။ တရားနာရေစက်ချရာတွင်လည်း အတူတကွ ရေစက်ချခဲ့ကြသည်။ ပြန်ခါနီးတွင် ကျွန်တော်က ဆရာဦးအေးကျော်အား နှုတ်မှပြောဆိုပြီး များများသာ စာပေများထွက်ပေါ်လာအောင် ပြောဆိုပေးဖို့ အထူးတိုက်တွန်းပါကြောင်း တစ်လေးတစ်တစား ပြောဆိုခဲ့သည်။ ဆရာဦးအေးကျော်မှ ကျွန်တော့်အား ပြန်လည် ဖြေကြားပြောဆိုရာ၌ သူ့အသံသည် ဖျော့ဖျော့လေးတိုးနေပြီး လေသံငယ်များဖြင့် ဖြစ်နေရှာသည်။ သူကလည်း လူငယ်များကို နှုတ်မှ တော်တော်ကလေး ပြောဆိုပြခဲ့သည်။ ခုတော့ ဆရာကြီး ဦးအေးကျော်ကား ကွယ်လွန်ဆုံးပါးခဲ့ရှာပြီ ။
ကျွန်တော်သည် ပညာရေးတွင်လည်းကောင်း - သုတေသီစာပေများတွင်လည်းကောင်း - ခေတ်ပေါ်စာပေများ ရေးသားကြသည့်အခါတွင် လည်းကောင်း မျိုးဆက်သစ်များ၏ အခမ်းကဏ္ဍကို အစဉ်အမြဲ တွေးတောနေမိသူဖြစ်သည်။ အင်္ဂလိပ်ခေတ်ဟု ခေါ်ဆိုသော ခေတ်ကာလတွင် ရခိုင်လူမျိုးတို့သည် အင်္ဂလိပ်ဘာသာ အပြောအဆို အရေးအသားများ၌ ကျွမ်းကျင်ထူးချွန်သော လူမျိုးများဖြစ်ခဲ့ကြသည်။ ခုတော့ ဒဏ္ဍာရီလေး ဖြစ်သွားပြီ။ ထို့အတူ ရခိုင်သမိုင်းသုတေသီ စာပေများရေးသား ဖေါ်ထုတ်ကြသည့် သမိုင်းစာပေပညာရှင်များသည် လက်ချိုးရေတွက်လျှင်ပင် ဆယ်ချောင်းမျှ မပြည့်တော့။ ၄င်းဆယ်ချောင်းကား မကြာခင် ပျောက်ကွယ်သွားလျှင် နောက်ဆယ်ချောင်းသည် ရှိလာလေပါ့မလားဆိုသော အချက်က ကျွန်တော့်ရင်ကို ကြီးမားစွာ ထိုးနှက်နေတော့သည်။ ခေတ်ပေါ်စာပေများကို ရေးသားနေသော လူငယ်များတို့သည်လည်း ပေါ်ထွက်လာနေကြသည်ကို အားရစရာ မြင်တွေ့လာရသည်။ ကဗျာများရေးသော ရခိုင်လူငယ်များကို တွေ့ မြင်ရသည့်အခါ ကာရန် မသိ-စာမသိဘဲ ရေးသားနေကြသည်များကိုလည်း မြင်တွေ့ရ သေးသည်။ စင်စစ်အားဖြင့် ကဗျာစာပေသည် ယခုမြန်မာနိုင်ငံဟု ခေါ်ဆိုသော နိုင်ငံ၌ ရခိုင်လူမျိုးများက ရှေးဦးစွာ ရေးသားနိုင်ခဲ့သော စာပေမျိုးဖြစ်ရာ ယခုခေတ် ရခိုင်လူငယ်များအဖို့  ကာရန်မသိရခြင်းမှာ သက်ကြီးရွယ်ကြီး ကဗျာဆရာကြီးများက မျိုးဆက်သစ်လူငယ် ကဗျာဝါသနာရှင်များအား လက်ဆင့်ကမ်းအမွေ မပေးနိုင်ကြခြင်းကြောင့် ဖြစ်သည်ဟု ရိုးစင်းစွာယူဆမိသည် ။ အကယ်၍ ကဗျာဝါသနာရှင် မျိုးဆက်သစ်လူငယ်များအား ( အ ) သည် က-ခ-ဂ--င--စ လုံး ကာရန်ဟု၎င်း- ( အာ ) သည် ကာ-ခါ-ဂါ-ငါ-ဆိုသည်ဟုလည်းကောင်း -အု-ကာရန်သည် ကု-ခု-ဂု-ငု--ဆိုသည်ဟု လည်းကောင်း - အူး - သည် ကူး-ခူး-ဂူး-ငူး- ဆိုသည်ဟုလည်းကောင်း - ဤသို့  ကာရန်မျိုးကို နားလည်အောင် ပညာပေးသင်ပြလျှင် ယခုခေတ် လူငယ်များသည် ကဗျာ၏ အသက်သွေးကြောဖြစ်သော ကာရန်ကို မသိနားမလည် ဖြစ်မည်မဟုတ်တော့။
ယခုခေတ် ရခိုင်မျိုးဆက်သစ် လူငယ်များ၏ အတွေးအေခ်ါလန်းဆန်းမှုများကို ကျွန်တော်သည် မကြာခဏ မြင်သိနေသည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအား ကဗျာရေးသီဖွဲ့လိုလျှင် ကဗျာများ၏ ကာရန်ကို မည်သို့ မည်ပုံ ဖမ်းယူကြသည်ကို သိရှိနားလည်ရန် ကဗျာစာပေများကို များများဖတ်ကြ စေလိုသည်။ ကာရန်သိမှ ကာရန်မဲ့ကဗျာမျိုးကို ရေးသားတတ်မည်ဖြစ်ရာ အတွေးအခေါ် နုနယ်လန်းဆန်းသည့် ကဗျာပညာရှင်များကို တိုက်တွန်း လိုက်ရခြင်းဖြစ်သည်။
ကျွန်တောာ့်အဖို့  ယခုအချိန်တွင် ရခိုင်ပြည်မှ စာပေအနုပညာရှင်များ၏ ကြိုးပမ်းမှုများကို လေ့လာမှတ်သားနေဖြစ်သည်။ သီချင်းရေးသူ-သီချင်းဆိုသူများ သည်ကား ကျွန်တော် အထူးလေးစားချစ်ခင်သော အနုပညာရှင်များဖြစ်သည်။ အထူးသဖြင့် ကျွန်တော်တို့၏ ချစ်စရာကောင်းသော တေးရေးတေး ဆိုများသည် မောင်တော့-မယ်တော့-အလွမ်းနယ်ချဲ့ - ဝေဒနာကြေညာ-မျက်ရည်ကြွေကျ-ပန်းခင်းလမ်းမှာ ငိုကြွေး-ရခိုင်ရိုးမတောင်ကြီး ကို အလွမ်းမုန်တိုင်း-အမုန်းမုန်တိုင်း တိုက်ခိုက်၍ ရေးသားသီဆိုနေကြောင်းကို တစ်ခါမျှ မတွေ့ မိ -နားမထောင်ဖူး-ကျွန်တော်ပင် ရှာမတွေ့  သည်လား မပြောတတ်။ လူငယ်ပီပီ ရေးဖွဲ့ခံစား ဆိုကြကုန်သော တစ်ပုဒ်စ နှစ်ပုဒ်စ လောက်ကို စကားပြောဆိုခြင်း မဟုတ်။ ကျွန်တော် အသိအမှတ် ပြုထားသော တေးရေးတေးဆိုများသည် ရခိုင်ပြည်ကို အလွန်ပင်အကျိုးပြု အနုပညာမြောက်သော တေးသီချင်းများကို ရေးသားသီဆိုကြခြင်းကိုမူ လုံးဝဥသုံ ယုံကြည်သည်။ စက်မှုကရိယာ အထောက်အကူပြု ပစ္စည်များနှင့် ဆက်တင်အခန်းအနား ဖွဲ့စည်းပုံတို့ဖြစ်သော အတတ်ပညာများ ချို့ယွင်း အားနည်းချက်များ ရှိနေသော်လည်း တကယ်တမ်းသာ သူတို့တွေ၌ အထောက်အကူပြု ပစ္စည်းများ ရှိလေလျှင်ကား မည်သူနှင့်မဆို တန်းတူယှဉ်ပြိုင် ကြော်ကြားမည့် အနုပညာရှင်များ ဖြစ်ကြောင်းကို မြင်ကြရသည်။
မည်သူနှင့် မဆို တန်းတူယှဉ်ပြိုင်နိုင်သော အနုပညာရှင်များ ကို ပြောဆိုရာ၌ စာပေပညာရှင်များကိုပါ ပြောချင်လိုရင်းဖြစ်သည်။ ရခိုင်လူငယ် စာပေသမားများသည် အခွင့်အခါ မသင့်၍ စင်ပေါ်က တော်ကောက်မခံရသူများ ဖြစ်သလို စင်ပေါ်သို့ တက်လှမ်းရန်လည်း အခွင့်အခါကို မတက်ခဲ့ကြသူများလည်း ရှိခဲ့ကြသောကြောင့်ဖြစ်သည်။ ကျွန်တော်သည် မဆလ ခေတ်တွင် စာပေများကို ရေးသားရန် စိတ်ကူးထဲတွင် မထည့်ထားခဲ့  ။ ရင်ထဲမှမူ စာပေများများစွာ ရေးနေပြီးဖြစ်သည်။ အကြောင်းမှာ မဆလ၏ နိုင်ငံရေးစနစ်ကို လုံးဝမနှစ်မျို့ ၍ဖြစ်သည်။ သို့သော် မဆလအစိုးရ၏ နေ့စဉ်ထုတ်သတင်းများကိုမူ နေ့စဉ်ဖတ်ရှုနေခဲ့သည်။ ကွန်မြူနစ်စာပေများကို အသေအလဲ ဖတ်နေခဲ့သည်။ စာဖတ်ရာ၌ ကျွန်တော်သည် လောဘကြီးသူဖြစ်ရာ မည်သည့်စာပေမျိုးကိုမဆို ဖတ်သည်။ လမ်းပေါ်တွင် ဆုတ်ဖြဲကျနေသော စာရွက်အပိုင်းအစများ-သတင်းစာ အစုပ်အပြဲများ- ဘီလူးမ တံတားကြီးရင်းနားက အရီးမနှင်း၏ ပဲလှော်ထုတ်သော စာရွက်များကအစ ကျွန်တော်သည် တစ်လုံးမကျန်ဖတ်သည်။
၈၈-အရေးအခင်း မဖြစ်မှီ တစ်နှစ်ခန့် ကာလတွင် ရခိုင်ပြည်၏ မြို့တော်ဖြစ်သော စစ်တွေမြို့ကို ကျွန်တော်သည် ပြန်ရောက်လာသည်။ နှစ်ပေါင်း-၂၀-နီးကပါး ကွဲကွာနေသော ကျွန်တော်သည် ရခိုင်ပြည်၏ မန်အောင်မြို့နယ်မှအပ အခြားသောမြို့နယ်များ ကျေးလက်များတွင် အစိုးရအမှုထမ်းဘ၀ဖြင့် တာဝန်ထမ်းဆောင်ရခြင်းမျိုး -သွားလာဖူးခြင်းမျိုး ဖြစ်နေခဲ့ရရာ တောဇနပုဒ် ကျေးရွာ-ချောင်ကြိုချောင်ကြား မြစ်ချောင်းအင်းအိုင်များတွင် မြို့ပေါ်မှ ပေးပို့သော နေ့စဉ်ထုတ်သတင်းစာများ-အခြား ဖတ်စရာ စာအုပ်စာပေများကို ဖတ်ရှုနေဖြစ်သည်။ ၄င်းကဲ့သို့ ဖတ်ရှုနေဖြစ်သောကြောင့် ရခိုင်စာရေး ဆရာကြီးများ- မြန်မာစာရေးဆရာကြီးးများကို အကြောင်းသိဖြစ်နေသည်။ သူတို့ကမူ ကျွန်တော့်ကို သိကြမည်မဟုတ်။
ဆရာမောင်ဗသိန်း၏ ရခိုင်စာပေရေးသား တင်ဆက်မှု-ဆရာတော် အရှင်စက္ကိန္တ-ဆရာတော် အရှင်ဇယန္တဗောမိတို့၏ စာပေအဆီအနှစ်တို့ကို ဖတ်နေဖြစ်သည်။
တစ်နေ့က ရခိုင်သမိုင်းသုတေသီ ဆရာကြီးများ၏ ကျမ်းမာရေးသတင်းများကို ပြောဖြစ်ကြသည်။ တစ်ချို့က မျက်စိမှုံခြင်း- တစ်ချို့က သွေးတိုးခြင်း- တစ်ချို့က အသက်အရွယ်ကြီးမြင့်ခြင်း စသော ဇရာ၏ မျက်စောင်းထိုးခြင်း ဘ၀မျိုးကို ရောက်ရှိလာကြပြီ ဆိုသည်ကို ပြောဖြစ်ကြခြင်းဖြစ်သည်။ ခုတော့ ဆရာကြီးများ၏ နေ၀င်ချိန်ပင်မက ကျွန်တော်တို့၏ နေ၀င်ချိန်လည်း ပြေးလမ်းပေါ်တွင် ရောက်ရှိလာနေပြီဖြစ်ရာ ကျွန်တော်၏ စိုးရိမ်ရေမှတ်မှာ ဆထက်တံပိုး မြင့်မားလာသည်။ ဤရခိုင်သမိုင်းသုတေသီ ဆရာကြီးများက လူ့ လောကမှ ပျောက်ကွယ်ချိန်တွင် မည်သူက ရခိုင်ပြည်ကို ကယ်တင်ရှင် သူရဲကောင်း အာဇါနည်များအဖြစ် ကာကွယ်စောင့်ရှောက် ပေးကြပါမည်နည်း။ ယခုလူငယ်စာရေးဆရာ ဝေဟင်အောင်က မျိုးဆက်တာဝန် တစ်ခုကို ထမ်းဆောင်လိုက်ပြီ။ မည်သူကမှ ခိုင်းစေ တာဝန်မဟုတ်ဘဲ ကိုယ့်သမိုင်းပေး တာဝန်ကို မျိုးချစ်ပီသစွာဖြင့် ထမ်းဆောင်ခြင်းဖြစ်သည်။ အခြားရခိုင် လူငယ်များအားလည်း သူ့လို ဖြစ်စေလိုသည်။ ရခိုင်ဝေါဟာရနှင့် ရေးရေး- ဗမာလေသံနှင့်ဘဲ ရေးရေး- အင်္ဂလိပ်ဘာသာနှင့်ဘဲရေးရေး- ရေးချင်စိတ်ရှိဖို့က အရေးကြီးသည် ။ ရခိုင်သမိုင်းသုသေတီ ဒေါက်တာအေးချမ်းက ရခိုင်ပြည်သို့  သွားရောက်စဉ် အမျိုးသားသူရဲကောင်းအဖြစ် ကြိုဆိုကြပေးပါရန် ကျွန်တော်သည် တိုက်တွန်းသည့် ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုရေးသားခဲ့သည်။
ယခုလည်း လူငယ်စာရေး ဆရာတစ်ဦးဖြစ်သော ဝေဟင်အောင်သည် ရခိုင်ပြည်၏ သမိုင်းဖြစ်ရပ်မှန် တစ်ခုကို သမိုင်းတွင် မော်ကွန်းကဗ္မည်း တင်ထားနိုင်အောင် ပြုစုရေးသားခဲ့ပြီးဖြစ်သည်။ သွေးနဲ့ ရင်းသည့်မြေ-ဟု အမည်ပေးထားသော ဤစာအုပ်သည် အမှန်တကယ်ပင် နှလုံးသွေးနဲ့  ရင်းထားသည့် မြေအကြောင်းကို တိတိကျကျ လေ့လာသုတေသန ပြုထားသောစာအုပ်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်စရာ မရှိပေ။ စာအုပ်
ဖြန့် ချီပွဲပြုလုပ်သည့်အခါတွင် မဖိတ်ကြား၍ မတက်ရောက်ခြင်းလား ကျွန်တော်မသိ။ မည်သည့်ရခိုင်နိုင်ငံရေးပါတီက မျိုးချစ်ပုဂ္ဂိုလ်တွေကို မမြင်မိ။ ကျွန်တော်ပင် အမြင်လျှမ်းမိလေသလား မပြောတတ်။ ဤဆောင်းပါးသည် ဓါတ်ပုံကိုကြည့်၍ ရေးသားခြင်းဖြစ်ကြောင်း သိထားစေ လိုသည်။ မြင်ရသည့်ပုံတွင်ကား ရခိုင်သုတေသီ သမိုင်းပညာရှင်များ- ကြောင်လိမ်လှေခါး ကဗျာဆရာကြီး ဦးစောနောင် ( အမျိုးသားစာပေဆုရ ) -ခေတ်ပေါ်စာရေးဆရာများတို့ကိုသာ မြင်တွေ့ရသည်။ သွေးနဲ့ ရေးသည့်မြေ စာအုပ်ဖြန့် ချီပွဲတွင် မျက်ရည်နဲ့ တွေးရသည့် ဝေဒနာဟု ကျွန်တော် ပြောချင်သည်မှာ ကျွန်တော်လေးစားသော ရခိုင်သုတေသီ သမိုင်းဆရာကြီးများအပါအ၀င် ဓါတ်ပုံပါ စာပေပညာရှင်များတို့သည်ကား ဆရာ၏ မိတ်ဆွေများအဖြစ် လဘက်ရည်ဆိုင်ထိုင်ရန် လက်ယပ်ခေါ်ဆိုနေသည့် သူများဖြစ်နေပြီ။ သူတို့သည်လည်း လဘက်ရည် ဆိုင်ထိုင်ကြသည့် ယဉ်ကျေးမှုကို ကြိုက်နှစ်သက်သူများဖြစ်ရာ ဤနေရာ၌ တကူးတက ဖေါ်ပြရေးသား လိုက်ခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည်လည်း လဘက်ရည်ဆိုင်သော ယဉ်ကျေးမှုကို ကြိုက်နှစ်သက်သူဖြစ်သည်မို့ သတိတရ ရေးသားလိုက်သည်သာဖြစ်သည်။ တိတိကျကျ ပြောရလျှင်မူ ကျွန်တော်သည်လည်း ခါးနာနေသည်မှာ ကြာပြီ။ ခါးနာ၍ စာပေများကို ရေးသားချင်စိတ် မရှိတော့။ ထမရ-ထိုင်၍မရနှင့် ခါးနာသည့် ဒဏ်ကား တော်တော် အခံရဆိုးဝါးနေသည်။ အော်-လမ်းခွဆုံက ကျွန်တော့်ကို လက်ယပ်ခေါ်နေသော ဇရာမိတ်ဆွေကား ကျွန်တော့်ကို အထင်သေးစွာ ဖြစ်နေသည်ဟု ထင်သည်။ နယူးယောက်မြို့မှာ လဘက်ရည်ဆိုင် ထိုင်သည့် ယဉ်ကျေးမှုကား မရှိသည်မို့ သတိတရသာ ဖြစ်ရသည်။ သို့သော် ရခိုင်ပြည်မှ လူငယ်စာရေးဆရာ တစ်ဦးဖြစ်သော ဝေဟင်အောင်၏ သွေးနဲ့ ရင်းသည့်မြေ စာအုပ်ပြုစုရေးသား ဖြန့် ချီပေးမှုကိုမူ ကျွန်တော်က ဂုဏ်ပြုရေးသားမှ တူတော်မောင် ဝေဟင်အောင်သည် ပြုံးနိုင်လိမ့်မည်ဖြစ်ကြောင်း ထင်ရပါသည်ဟု ပြောလျှင် လွန်အံ့မထင်။

The Arakan Times