နယ်မြေခံ အစိုးရ တပ်မှူး များ၏ ဖိအားကြောင့် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ (NMSP) တပ်စခန်း တစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့က ဆုတ်ခွာ ပေးခဲ့ ရကြောင်း အစိုးရ အရာရှိ များနှင့် သွားရောက် ညှိနှိုင်း ဆွေးနွေး ခဲ့ရသည့် NMSP ၏ မော်လမြိုင်မြို့ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ နိုင်အမ်စိုက်ချမ်းက ဆိုပါသည်။

“ ဒီဝဲကလိမှာ ရှိတဲ့ တိုင်းဗဟို (၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေး ကျောင်းက ဗိုလ်မှူးကြီး အောင်မင်းရယ်၊ အမှတ် (၃၁၅) တပ် က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်စိန်ရယ် သူတို့က ကျနော်တို့ သံဖြူဇရပ် ဆက်ဆံရေးရုံး အဖွဲ့ တွေကို သံဖြူဇရပ် စရဖ ရုံးမှာ ခေါ်တွေ့ ပြီးတော့ ရဲတံခွန် စခန်းကို အမြန် ပြောင်းပေးဖို့ အရှေ့တောင်တိုင်း အမိန့် ဆိုပြီး ပြောလိုက်တယ်”ဟု ဆိုပါသည်။

ဤသို့ကြောင့် ပြသနာ မတက်စေလို သောကြောင့် မွန်ပြည်သစ် ပါတီသည် မွန်ပြည်နယ် သံဖြူဇရပ် မြို့မှ ဘုရားသုံးဆူ မြို့နယ်ခွဲ ကားလမ်းမကြီး ပေါ်တွင် တည်ရှိ နေသော ရဲတံခွန် စခန်းကို ၄င်းနေရာမှ (၃) မိုင် အကွာတွင် ရှိနေသော ဇီးနှစ်ပင် တပ်စခန်းသို့ အောက်တိုဘာလ (၇) ရက်နေ့ ည (၁၂) နာရီ အချိန်တွင် ပြောင်းရွေ့ ခဲ့ကြောင်း မွန်ပြည်သစ် ပါတီက ဆိုပါသည်။

ဤကိစ္စနှင့် ပါတ်သက်ပြီး မွန်ပြည်သစ် ပါတီသည် မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် သွားရောက် ညှိနှိုင်း ခဲ့ရာ ယင်းတပ်စခန်း နေရာသည် ရဲတံခွန် ကျေးရွာ စာသင်ကျောင်း အားကစား ကွင်းနှင့် မူကြိုကျောင်း
ဆောက်လုပ်ရန် အတွက် ကျေးရွာမှ တင်ပြ လာခြင်း ဖြစ်ကြောင်း၊ ဤသို့ အဆင့်ဆင့် တင်ပြ လာသဖြင့် နောက်ဆုံးတွင် အရှေ့တောင်တိုင်း စစ်ဌာန ချုပ်၏ ညွှန်ကြားချက် အမိန့်ဖြင့် ဖယ်ရှား ခိုင်းလိုက်ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ဌေးမြင့်အောင်
က ဆိုပါသည်။

ဗိုလ်မှူးကြီး အောင်မင်း ကမူ ထိုတပ်စခန်း နေရာသည် မွန်ပြည်သစ် ပါတီနှင့်အစိုးရတို့ ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ အပစ်အခတ် ရပ်စဲ စဉ်ကသဘောတူ ထားသည့် တပ်တည် နေရာ မဟုတ် သောကြောင့် ဖယ်ရှား ခိုင်းခြင်း ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် မွန်ပြည်သစ် ပါတီ ကမူ ဤဒုတိယ အကြိမ် အပစ်ရပ်ရေး သဘော တူညီချက် တွင်လည်း အစိုးရ ခွင့်ပြု နေရာ (၂၃) နေရာထဲတွင် ပါဝင်ခဲ့သည့် နေရာဟု ဆိုပါသည်။

ထို့အပြင် အဆိုပါ တပ်စခန်းသည် ကျေးရွာ လုံခြုံရေး အတွက် ဒေသခံ များ၏ တောင်းဆိုမှု အရ စခန်း ချထားခြင်းဖြစ် ကြောင်း၊ ဇီးနှစ်ပင် တပ်တည် စခန်းနှင့် (၃) မိုင်သာ ကွာသည့်အတွက် သဘောတူထားသည့် သတ်မှတ် (၅) မိုင် ဝန်းကျင်တွင် ရှိနေကြောင်း နိုင်အမ်စိုက်ချမ်းက ဆိုပါသည်။

“အဲဒီတုန်း ကတော့ ရဲတံခွန် ကျေးရွာ ဝန်းကျင်မှာ ဗိုလ်လက်ဝဲ ဓါးပြ အဖွဲ့တွေ လှုပ်ရှား နေတဲ့ အတွက်အဲဒီ ဒေသမှာ ရှိတဲ့ ရော်ဘာ ခြံပိုင်ရှင် မွန်လူထုတွေက ခြံမထွက်ရဲ ကြဘူး ဖြစ်နေတယ်။ အဲတာကြောင့် ၁၉၉၅ ခုနှစ် ပထမ အပစ်ရပ်စဲစဉ် ကတည်းက အဲဒီ စခန်းကို တည်ဆောက် ခဲ့တယ်။ အခုတော့ အဲဒီ ဓါးမြ ရန်က မရှိတော့ ဘူးလေ” ဟု ဆိုပါသည်။

ဤသို့သော အခြေအနေ မျိုးတွင် မွန်ပြည်သစ် ပါတီသည် အစိုးရ တပ်ဖွဲ့ များနှင့် ပဋိပက္ခများ မဖြစ်ပွား စေရန် ယင်းစခန်းမှ ခေတ္တ ဆုတ်ထား ပေးရန် ဆုံးဖြတ် ခဲ့ပြီး သက်ဆိုင်ရာ များအား ဆက်လက် တင်ပြ သွားမည်ဟု ဆိုပါသည်။

မွန်ပြည်သစ် ပါတီသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် (၆) ကြိမ်တိုင်တိုင် ဆွေးနွေးပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အစိုးရ၏ ပြည်နယ် အဆင့် အပစ်ရပ်စဲ ရေးကို ဒုတိယ အကြိမ် ထပ်မံ လက်မှတ် ရေးထိုး ခဲ့ပါသည်။ ပထမ အကြိမ် ကိုမူ ၁၉၉၅ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် အပစ်ရပ် ခဲ့ပြီး၂၀၁၀ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး မူကြောင့် ပျက်ပြယ် သွားခဲ့ပါသည်

Posted by Unknown on Wednesday, October 9, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive