ပြီးခဲ့သည့် ဇွန်လက ကျောက်တန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သူငယ်တန်းကျောင်းသူလေး အဓမ္မပြုကျင့်ခံရသည့်အမှုကို တရားခံအမြန်ဆုံးဖော်ထုတ်နိုင်ရေးအတွက် မှုခင်းတပ်ဖွဲ့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) အဆင့်မြင့်အရာရှိများပါ စစ်ဆေးဖော်ထုတ်ရန် ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

““၀န်ကြီးရဲ့ ညွှန်ကြားမှုနဲ့ မှုခင်းအထူးရဲတပ်ဖွဲ့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကပါ စတင်စစ်ဆေးတော့မှာပါ။ အဓမ္မ ပြုကျင့်ခံခဲ့ရတဲ့ ကလေးကိုလည်း ဌာနကိုခေါ်ပြီး စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ ပြုလုပ်ပေးနေပါတယ်””ဟု နေပြည်တော် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ ကလေးငယ်မှာ အဓမ္မပြုကျင့်ခံရစဉ်က ထုံဆေးပေး၍ ပြုကျင့်ခြင်းခံရနိုင်ကြောင်း၊ စုံစမ်းစစ်ဆေးရေးအရာရှိများက သုံးသပ်ထားပြီး ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာမှာလည်း ပုံမှန်အတိုင်းမဟုတ်တော့ဘဲ ပတ်ဝန်းကျင်ကို ကြောက်ရွံ့ထိတ်လန့်မှုများဖြစ်နေကြောင်း အဆိုပါရဲအရာရှိက ပြောသည်။ ထို့ကြောင့် မှုခင်းရဲတပ်ဖွဲ့ဌာန (ရန်ကုန်)သို့ ခေါ်ဆောင်ကာ အမျိုးသမီးရဲမေအရာရှိများက စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနေကြောင်း သိရသည်။
““ကလေးငယ်က အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ခဲ့ရတော့ တွေ့သမျှလူတိုင်းကို ကြောက်နေတာ။ သူ့ကို မွေးစားထားတဲ့ ဘုန်းကြီးဆီကနေ ခေါ်ပြီး ကစားကွင်းတို့၊ ရုပ်ရှင်တို့ကို လိုက်ပို့ပေးတယ်။သံသယရှိထားတဲ့သူတွေထဲက တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် ကလေးက အဓိကကျတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးအောင် ပြန်လုပ်ပေးနေတာပါ””ဟု မှုခင်းရဲတပ်ဖွဲ့ (ရန်ကုန်)မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါအမှုမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့တွင် ပြီးခဲ့သည့် ဇွန်လက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျောက်တန်းမြို့နယ်၊ ရွှေမင်းသမီးတည်းခိုခန်းပိုင်ရှင် အမျိုးသမီးက ဗဟန်းမြို့နယ်၊ တောင်ကြီးဘုန်းကြီးကျောင်းမှ ခေါ်ယူမွေးစားထားသည့် ပအို့ဝ်တိုင်းရင်းသူ ငါးနှစ်အရွယ်ကလေးငယ်အား အမည်မသိသူတစ်ဦးက အဓမ္မပြုကျင့်သွားသောကြောင့် ကျောက်တန်းမြို့နယ်ရဲစခန်းမှ စစ်ဆေးနေသောအမှုကို အမှုမှန် မပေါ်ပေါက်၍ မှုခင်းရဲတပ်ဖွဲ့က လွှဲပြောင်းရယူစစ်ဆေးခဲ့ပြီး ယခုအခါ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကိုပါ ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံတာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
From: 7Day Daily

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive