ရခိုင်ပြည်နယ် အတွင်းမှ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူရောင်းချနေပြီ ဖြစ်သော်လည်း လျှပ်စစ်မီး တစ်ယူနစ် ကျပ် ၄၆၀ အထိပေးကာ အသုံးပြုနေရကြောင်းသိရသည်။

ရခိုင်ပြည်နယ် အတွင်းမှ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူရောင်းချနေပြီ ဖြစ်သော်လည်း လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၄၆၀ အထိပေးကာ အသုံးပြု နေရကြောင်းနှင့် လျှပ်စစ်မီး ရရှိရေးအတွက် လက်မှတ်ရေးထိုး ဆောင်ရွက်နေခြင်းများ ရှိကြောင်းလည်း သိရသည်။

လက်ရှိစစ်တွေမြို့တွင် လျှပ်စစ်မီး သုံးစွဲမှုအတွက် ပေးဆောင်ရသော အခကြေးငွေများ မြင့်မားနေသည့်တိုင် မီးတာဈေး လျော့ချရေးကို ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေသခံများ အနေဖြင့် ယင်းကိစ္စများအပေါ် ကျေနပ်မှု မရှိကြောင်းလည်း သိရသည်။

စစ်တွေမြို့မှ ဒေသခံတစ်ဦး ဦးအောင်စိုးက ''မြန်မာနိုင်ငံမှာ လုံးဝမရှိတဲ့ ဈေးနှုန်းကို ပေးဆောင်ပြီး လျှပ်စစ်မီး သုံးစွဲနေရတယ်။ ဒီလိုဖြစ်လာ တာကလည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လွှဲထားတယ်။ အဲဒီ ၄၆၀ နဲ့တောင် မပေးနိုင်တော့ဘဲ ထပ်ပြီးတိုးကောက်ဖို့ ကြိုးစားခဲ့တယ်။ ပြည်သူတွေ လက်မခံတဲ့အတွက် ပြန်ပြီးငြိမ်သွားတာပါ။ ကျွန်တော်တို့ ပြည်နယ်က တရုတ်ကို ဓာတ်ငွေ့တွေ ပို့လွှတ်နေပါပြီ။ အခုထိ ဒေသခံတွေ ကတော့ အမှောင်ထဲမှာပဲ နေထိုင်ရဆဲပါ'' ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အတွင်းရှိ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများကို လုပ်ကိုင်နေကြ သူများသည် ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်ပြီး မူလက ကောက်ခံခဲ့သော ဈေးနှုန်းများအစား တဖြည်းဖြည်း မြှင့်တင်ကောက်ခံ လာခဲ့ခြင်းများ ရှိခဲ့ကြောင်းလည်း သိရသည်။ စစ်တွေမြို့တွင် ဖိုးသီးချို ကုမ္ပဏီနှင့် တော်ဝင်ထူးလင်း ကုမ္ပဏီတို့က မြို့မီးလင်းရေးအတွက် လျှပ်စစ်မီးပေးခြင်းကို လုပ်ကိုင်နေခဲ့ရာ သြဂုတ်လ ပထမပတ် အတွင်းက ဖိုးသီးချို ကုမ္ပဏီအနေဖြင့်ကျပ် ၄၆၀ မှကျပ် ၄၈၀ သို့ တိုးမြှင့်ကောက်ခံရန် ကြိုးစားခဲ့ခြင်းအပေါ် ဒေသခံများက ကန့်ကွက်ခဲ့သဖြင့် မူလဈေးနှုန်း အတိုင်းဖြင့် ကောက်ခံနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရခိုင်ပြည်သူ တစ်ရပ်လုံးက လက်မှတ်ထိုးကာ သမ္မတကြီးထံ တင်ပြရန် လုပ်ဆောင်နေပြီး မြို့နယ်တိုင်း၌ လက်မှတ်များ စုဆောင်းလျက်ရှိရာ မကြာမီ တင်ပြသွားမည်ဟု သိရသည်။

''တစ်ယူနစ် ၄၆၀ ဆိုတာ ကျွန်တော်တို့ကိုသာ ဘာကြောင့် ကောက်ခံတာလဲ။ ရခိုင်ဒေသက သဘာဝဓာတ်ငွေ့တွေ အမြောက်အမြား ထွက်ပေမယ့် ကျွန်တော်တို့ အကျိုးခံစားခွင့် တစ်ခုမှမရှိတာ အံ့သြဖို့ ကောင်းသလို ရင်နာဖို့လည်း ကောင်းတယ်။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုပါတယ်'' ဟု စစ်တွေမြို့မှ သက်ကြီးစာရေးဆရာ တစ်ဦးက ပြောသည်။

ထို့အပြင် လျှပ်စစ်မီး သုံးစွဲသူများအနက် တချို့မှာ မီတာခ ဆောင်စရာ မလိုသည့်အတွက် ပြည်သူတစ်ရပ်လုံးက ထိုသူတို့ သုံးစွဲသော လျှပ်စစ်မီးများအတွက် ပိုပေးနေရသည် ဟုထင်မြင်ကြောင်း၊ လက်ရှိရခိုင်ပြည်သူ များသည် အမှောင်ထဲ၌ပင် နေထိုင်ကြရသည်မှာ ရခိုင်ပြည်နယ် တိုးတက်ရေး အတွက်လည်း များစွာနောက်ကျနေဦးမည် ဖြစ်ကြောင်းလည်း လေ့လာသူများက သုံးသပ် ပြောဆိုကြသည်။



Eleven Media Group

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive