အစ္စလာမ်ဘာသာဝင် အများစု နေထိုင်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် သဘောထား တင်းမာသည့် မူဆလင်များက အပြင်းအထန် ကန့်ကွက်လျက် ရှိသော်လည်း မယ်ကမ္ဘာပြိုင်ပွဲကို အောင်အောင်မြင်မြင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။

(၆၃) ကြိမ်မြောက် မယ်ကမ္ဘာပြိုင်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့က ဟိန္ဒူဘာသာဝင် အများစု နေ ထိုင်သော ဘာလီကျွန်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သဘောထားတင်းမာသည့် အစ္စလာမ်ဘာသာဝင် များက ပြိုင်ပွဲစတင် မကျင်းပမီ ရက်ပိုင်းအလိုအထိ အပြင်းအထန် ကန့်ကွက်ဆန္ဒပြနေ၍ အင်ဒိုနီးရှား အာဏာပိုင်များက မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပနေသည့် ဘာလီကျွန်းကို လုံခြုံရေး အထူးတင်းကျပ်စွာ ချထားခဲ့ရသည်။

မယ်ကမ္ဘာပြိုင်ပွဲကို ရုပ်မြင်သံကြားမှ တာဝန်ယူထုတ်လွှင့်ပေးသော အင်ဒိုနီးရှား မီဒီယာကုမ္ပဏီ တစ်ခုဖြစ်သည့် MNC မီဒီယာမှ တာဝန်ရှိသူတစ်ဦးက မယ် ကမ္ဘာ ပြိုင်ပွဲက အင်ဒိုနီးရှားနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ပွဲစီစဉ်သူများက မျှော်လင့်ထားကြကြောင်း ပြောကြားခဲ့ သော်လည်း ဆန္ဒပြပွဲများ အရှိန်အဟုန်နှင့် ဖြစ်ပွားခဲ့ခြင်းက အိမ်ရှင်နိုင်ငံအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။

ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက နိုင်ငံအနှံ့အပြားမှ သဘောထား တင်းမာသည့် အစ္စလာမ် ဘာသာဝင် အများအပြားသည် မယ်ကမ္ဘာပြိုင်ပွဲကို ညစ်ညမ်းသည့် ပြိုင်ပွဲအဖြစ် စွပ်စွဲရှုတ်ချ ဆန္ဒပြခဲ့ကြပြီး ပွဲစီစဉ်သူများ၏ ရုပ်ပုံများကိုလည်း မီးရှို့ ခဲ့ကြသည်။

မယ်ကမ္ဘာပြိုင်ပွဲကို ရှုတ်ချကန့်ကွက် သူများထဲတွင် အင်ဒိုနီးရှားနိုင်ငံ၏ သြဇာ အရှိဆုံး မွတ်ဆလင်ဘာသာရေးခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးပင် ပါဝင်ခဲ့သည်။
သဘောထား တင်းမာသည့် အစ္စလာမ်ဘာသာဝင်များနှင့် ထိပ်တိုက် မတွေ့စေရန် အတွက် မယ်ကမ္ဘာပြိုင်ပွဲ စီစဉ်သူများက ယခုနှစ်ပြိုင်ပွဲတွင် ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်ရသည့် ပွဲစဉ်ပါဝင်မည် မဟုတ်ကြောင်း လွန်ခဲ့သော တစ်လ ကတည်းက ကတိပြု ပြောကြားထားသော်လည်း ကန့်ကွက် ဆန္ဒပြမှုများ ကို ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် အင်ဒိုနီးရှားအစိုးရသည် နောက်ဆုံးအဆင့် ပွဲစဉ်များကို မြို့တော် ဂျကာတာတွင် ကျင်းပလိုသော ပွဲစီစဉ်သူများ၏ ဆန္ဒကို ဆန့်ကျင်ပြီး ပွဲစဉ်အားလုံးကို ဘာလီကျွန်းတွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည်။

ယခင်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဘာလီကမန်းသည် ဘာသာရေး အစွန်းရောက်များ၏ လွှမ်းမိုးမှုမှ လွတ်ကင်းပြီး ဒေသခံ များမှာလည်း ရေကူးဝတ်စုံနှင့် နိုင်ငံခြား သားများကို မြင် ဖူး၊ တွေ့ဖူးနေကြဖြစ်သဖြင့် အင်ဒိုနီးရှား အစိုးရက ထိုနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်ကလည်း ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါတေးဂီတ ဖျော်ဖြေပွဲမှာ အင်ဒိုနီးရှားနိုင်ငံ သဘော ထားတင်းမာသည့် အစ္စလာမ်ဘာသာဝင် များ၏ကန့်ကွက်မှုများကြောင့် ဖျက်သိမ်း ခဲ့ရသည်။

သဘောထားတင်းမာသည့် အစ္စလာမ်ဘာသာဝင်များက အတွင်းခံသာ ဝတ်ပြီး ဖျော်ဖြေလေ့ ရှိသည့် လေဒီဂါဂါကို မိစ္ဆာမဟု စွပ်စွဲရှုတ်ချခဲ့ကြပြီး ဖျော်ဖြေပွဲ ကျင်းပလျှင် ကျင်းပသည့်နေရာကို မီးရှို့ပစ် မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။
From: The Voice Weekly

www.mmdailystar.com

Posted by Unknown on Wednesday, September 11, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive