ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင်ဖားတောင်တွင် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် North Mining Investment Company မှ နီကယ်သတ္တုများ တူးဖော်ရန် လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ချင်းပါတီလေးခုမှ အဆိုပါ တောင်အနီးရှိ ကျေးရွာ ၁၄ ခုသို့ သွားရောက်တွေ့ဆုံ မေးမြန်းရာ ယင်းစီမံကိန်းအပေါ် နှစ်ခြိုက်မှု မရှိဟုသာ ဖြေဆိုကြပြီး ယင်းစီမံကိန်းတွင် တရုတ်ကုမ္ပဏီအား လုပ်ဆောင်စေရန် ချင်းဒေသခံများမှ ဆန္ဒမရှိ ဖြစ်နေကြောင်း ချင်းပါတီများထံမှ သတင်းရရှိသည်။
"တရုတ်ကုမ္ပဏီ မဟုတ်တဲ့ ဒီမိုကရေစီ ကျင့်သုံးတဲ့ အနောက်နိုင်ငံက ကုမ္ပဏီတွေကို လုပ်စေချင်တယ်။ ဖြစ်နိုင်ရင် ပြည်တွင်းပညာရှင်တွေ လုပ်ဆောင်နိုင်တဲ့ အချိန်အထိ ဆိုင်းငံ့စေချင်တယ်" ဟု စီမံကိန်းအတွင်းရှိ မြစိမ်းကျေးရွာမှ ဦးတွန်ဇထန်းက ဆိုသည်။
အဆိုပါ စီမံကိန်းတွင် ယခင်လေ့လာမှု ပြုလုပ်ခဲ့သည့် တရုတ်ကမ်ဘို ကုမ္ပဏီမှ သတ္တုများ ခိုးထုတ်သွားခြင်း၊ ဒေသခံများအား ခေါ်ယူခိုင်းစေရာတွင် လုပ်ခလစာပေးချေမှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းများ ထုတ်ပြန်မှု မရှိခြင်း၊ စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း စသည့်ပြဿနာများ ရှိနေကြောင်းလည်း ပါတီများ၏ လေ့လာမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"အစိုးရနဲ့ တရုတ်ကုမ္ပဏီ ဖက်စပ်လုပ်တဲ့ ဒီစီမံကိန်းမှာ အစိုးရဘက်က ဒေသခံတွေ သဘောကျတယ် ပြောပေမယ့် ကျွန်တော်တို့ ချင်းပါတီလေးခု သွားရောက်မေးမြန်းတဲ့ အခါမှာ ဒေသခံတွေက ဒီစီမံကိန်းအပေါ် သဘောကျမှု မရှိတာ တွေ့ရပါတယ်။ အခုဖြစ်နေတာက ဒေသခံတွေ အနေနဲ့ အစိုးရကို ကြောက်နေပြီး ဘာမှကို မပြောရဲဘဲ ဖြစ်နေတယ်။ ကျွန်တော်တို့ မေးတာတောင်မှ ငါ့နာမည် မပြောနဲ့ဆိုပြီး ဖြေနေကြတာ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။
မြွေတောင်ဖားတောင် စီမံကိန်းအား အနှစ် ၃၀ စီမံကိန်းဖြင့် တူးဖော်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်မြှုပ်နှံမည်ဖြစ်ကာ စီမံကိန်း ဧရိယာအား ၅၅ စတုရန်း ကီလိုမီတာ သတ်မှတ်ထားကြောင်း သိရသည်။
"အရင်လုပ်တဲ့ ကမ်ဘိုကုမ္ပဏီက လုပ်ခတွေ ရှင်းပေးမသွားတော့ ပြဿနာ တက်နေတယ်။ စီမံကိန်းကို ဆိုင်းငံ့ထားဖို့ ဆိုတာကိုတော့ သဘောမကျပါဘူး။ ဒေသအကျိုးအတွက် တကယ်လုပ်မယ့် ကုမ္ပဏီမျိုးကို လုပ်ခွင့်ပြုစေ ချင်ပါတယ်" ဟု ချင်းအမျိုးသား ပါတီမှ ဦးဇိုဇမ်က ပြောကြားသည်။
မြေတောင်ဖားတောင်တွင် သတ္တုရိုင်းတန် ၄၂၂၁၀၀၀၀ ခန့် ခိုအောင်းနေနိုင်ပြီး နီကယ်ပါဝင်မှုမှ ၁ ဒသမ ၉ ရာခိုင်နှုန်းခန့် ရှိနေနိုင်ကြောင်း သိရှိရသည်။ အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် North Mining Investment Company အကြား သဘောတူ စာချုပ်များ ရှိနေသော်လည်း ဒေသခံများ အကျိုးခံစားခွင့်၊ နိုင်ငံတော် ရပိုင်ခွင့်များအား တိကျစွာ ထုတ်ပြန်မှု မရှိကြောင်း သိရသည်။ ထို့အပြင် နိုင်ငံပိုင် မီဒီယာများမှ ဖော်ပြခဲ့သည့် ယင်းစီမံကိန်းမှ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် နှစ်ရာခိုင်နှုန်း အသုံးပြုမည် ဆိုခြင်းမှာလည်း အလွန်နည်းပါးကြောင်း ချင်းပါတီ လေးခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"မြွေတောင်ဖားတောင် စီမံကိန်းမှာဆိုရင် ပွင့်လင်းမြင်သာမှု မရှိလို့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ ဘာမှမသိရတော့ စိုးရိမ်မှု ပိုများတယ်။ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ များနေတော့ အစိုးရ လုပ်ရပ်တွေကို ကန့်ကွက်မှုတွေ ဖြစ်လာတယ်။ စီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဒေသခံပြည်သူ နားလည်အောင် ရှင်းလင်းပြမယ်၊ ဘယ်လိုကာကွယ် ထားတယ်ဆိုတာ ဒေသခံတွေ သဘောပေါက်ရင် ဒီလိုမျိုး အစိုးရလုပ်တဲ့ အလုပ်တွေမှာ ကန့်ကွက်တယ် ဆိုတာမျိုး ဖြစ်လာနိုင်စရာ မရှိပါဘူး" GDI အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဆလိုင်းအိုင်ဇက်ခင်က ဝေဖန်ပြောကြားသည်။
အဆိုပါ မြွေတောင်ဖားတောင် စီမံကိန်းသည် လက်ပံတောင်းတောင်ကဲ့သို့ စီမံကိန်းမျိုး ဖြစ်နေသဖြင့် ဓာတုအန္တရာယ်များမှာ ချင်းတွင်းမြစ်ရိုးမှတစ်ဆင့် ဧရာဝတီမြစ်သို့တိုင် ပျံ့နှံသွားနိုင်သည့် အရေးကြီးသော စီမံကိန်း ဖြစ်နေသည့်အပြင် ဒေသခံများ လူနေမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ နိုင်ငံတော်အတွက် အကျိုးအမြတ် ခွဲဝေရေးဆိုင်ရာ ခံစားခွင့်များ၊ ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြစ်နေသည့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်မှု ရှိ၊ မရှိ ထုတ်ပြန်ပေးရန်နှင့် နှစ်ဖက်အကျိုးအတွက် ချုပ်ဆိုထားသော ကန်ထရိုက် စာချုပ်များကို ဆယ်စုနှစ်အလိုက် ချုပ်ဆိုသင့်ကြောင်း ချင်းတောင်ဒေသ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
0 comments