(နိရဉ္စရာ- ၂၅ စက်တင်္ဘာ ၂၀၁၃)

Aung-Bala-saradaw
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်အတွင်း အမျိုးဘာသာ သာသနာအကျိုးကို ရွပ်ရွပ်ချွန်ချွန် ဆောင်ရွက်နေသော အောင်ဗလဆရာတော်ကြီး သည် ယနေ့နံနက်က ရုတ်တရက် ပျံလွန်တော်မူသွားခဲ့သည်။
ဆရာတော်ကြီး ဘဒ္ဒန္တ ပညိန္ဒြိယ ပျံလွန်တော်မူချိန်တွင် သက်တော် (၇၆) နှစ်၊ ၀ါတော် (၅၆) ၀ါရှိပြီ ဖြစ်သည်။
ဆရာတော်ကြီးသည် ယမန်နေ့ ညနေပိုင်း အထိ ကျန်းကျန်းမာမာ ရှိနေခဲ့ပြီး ညဥ့် ၁၁ နာရီခန့်တွင်  မအီမသာ ဖြစ်လာရာမှ ဆရာဝန် ခေါ်ယူပြသခဲ့ရသည်ဟု သိရသည်။ သို့သော်လည်း မပျံလွန်မီ အချိန် အနည်းငယ်ထိ ရယ်ရယ်မောမော စကားပြောဆိုနိုင်ခဲ့ပြီး ယနေ့နံနက် ၅ နာရီခွဲတွင် ရုတ်တရက် ပျံလွန်တော်မူသွားခဲ့သည်။
ဆရာတော်ကြီးမှာ သွေးတိုးရောဂါ အခံရှိပြီး အဆိုပါ ရောဂါဖြင့်ပင် ကွယ်လွန်သွားပုံရသည်ဟု အဆိုပါ ကျောင်းလက်ထောက် ဆရာတော် ပညာဝံသက ပြောသည်။
အောင်ဗလ ဆရာတော်ကြီးကို ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကျွဲရိုင်းချောင်းကျေးရွာတွင် ရခိုင်သက္ကရာဇ် ၁၂၉၉  ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ဆရာတော်ကြီး၏ ဖခမည်းတော်မှာ ဦးရွှေသာကျော်နှင့် မယ်တော်မှာ ဒေါ်မိုးစိန်ဦး ဖြစ်ကြောင်း သိရှိသည်။
ဆရာတော်ကြီး ပျံလွန်တော်မူသွားသည့် အပေါ် တံတိုင်းကြီး တစ်ခု ကျိုးသွားသကဲ့သို့ ခံစားရသည်ဟု တပည့်မ တစ်ဦးဖြစ်သူ  မဌေးဌေးဇော်မှ ပြောသည်။
“ ဆရာတော်ကြီးလို ဆရာတော် တစ်ပါး မောင်တောမြို့နယ်မှာ အစားထိုး ရရှိဖို့ဆိုတာ မလွယ်တော့ပါ။ ကျွန်မ အပါအ၀င် မောင်တောမြို့သူ မြို့သားတွေကတော့ တံတိုင်းကြီး တစ်ခု ကျိုးသွားသလို ခံစားရပါတယ်” ဟု သူမက ဆိုသည်။
ဆရာတော်ကြီးသည် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် ဘာသာရေး၊ သာသနာရေး၊ လူမူရေး ကိစ္စရပ်များကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသော ပုဂိုလ်တစ်ပါး ဖြစ်သည်သာမက ဘင်္ဂလာဒေခ်ျ့ရှိ ဗုဒဘာသာဝင်များ အတွက်လည်း နိုင်သည့်ဘက်က တာဝန် ထမ်းရွက်နေသော ဆရာတော် တစ်ပါး ဖြစ်သည်။
ဆရာတော် အပေါ် ဒေသခံ ပြည်သူများသာမက အနယ်နယ်အရပ်ရပ်က ရောက်ရှိလာကြသော အစိုးရ အရာရှိကြီးများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၏  အထူး ရိုသေလေးစားမူကိုလည်း ခံရသော ဆရာတော်ကြီး တစ်ပါးဖြစ်သည်။
ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ဖူးမျှော်ရန် အနယ်နယ်အရပ်ရပ်မှ တပည့်တကာများ တဖွေးဖွေး ရောက်ရှိလာနေကြပြီး ဒေသခံပြည်သူများမှာ ချုံးပွဲချ ငိုကြွေးနေကြသည်ဟု မျက်မြင်များက ပြောဆိုသည်။
ဆရာတော်ကြီး ပျံလွန်တော်မူသွားသည့် အပေါ် သတင်းမေးလိုသူများ၊ ငွေကြေး ပါဝင် လှူဒါန်း လိုသူများသည် ဆရာတော် ပုညာနန္ဒ (မြို့မကျောင်းဆရာတော်) ဖုံး- ၀၉၄၂၀၀၈၅၁၁၁ သို့၎င်း၊ မောင်ဝင်းနိုင် (ဖုံးနံပတ်- ၀၉၄၂၁ ၇၃၂၉ ၆၂) သို့ ဆက်သွယ် နိုင်ပါသည်။
ဘင်္ဂလာဒေခ်ျ့ မရမ်တောင် ဘုရားပွဲတွင် အောင်ဗလ ဆရာတော်ကြီး ဒေသခံ လူငယ်များကို သာသနာဘောင် သွတ်သွင်းနေစဉ်။
ဘင်္ဂလာဒေခ်ျ့ မရမ်တောင် ဘုရားပွဲတွင် အောင်ဗလ ဆရာတော်ကြီး ဒေသခံ လူငယ်များကို သာသနာဘောင် သွတ်သွင်းနေစဉ်။

Posted by Unknown on Wednesday, September 25, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive