မြေပုံမြို့နယ် အမှတ် (၂) နယ်မြေမှ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လုံး ဆိုသူသည် အမှုအခင်းပေါင်းစုံတွင် မမှန်ကန်သည့်ဘက်မှ အားကြိုးမန်တက် ဆောင်ရွက်ပေးကာ မှန်ကန်သည့်ဘက်မှ သူများကို နည်းလမ်းပေါင်းစုံဖြင့် အနှောင့်အယှက်ပေးနေလေရာ အများပြည်သူတို့၊ ပြည်သူ့ဝန်ထမ်းအပေါင်းတို့ အလွန်ပင် စိတ်ပင်ပန်းဆင်းရဲခြင်းဖြစ်ကြရပါသည်။

မမှန်မကန် ဟိုတိုင်စာ သည်တိုင်စာများကို နောက်ကွယ်မှ ရေးပေးခြင်း၊ မမှန်မကန် အကြောင်းပြလျက် အရေးယူပေးရန် တောင်းဆိုစာများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ လိပ်မူပေးပို့ခြင်းတို့ကို အားတက်သရော လုပ်ဆောင်ပေးတတ်ပါသည်။

ယခုလည်းကြည့်ပါ။ ပေါက်တူးတောင်ရွာနေ ဦးမောင်စောရီကို ကမ်းထောင့်ကြီးရဲစခန်းမှ ရဲများက မတရားဖမ်းဆီးကာ မြေပုံမြို့ပေါ် တရားရုံးသို့ ခေါ်ဆောင်သွားခြင်း ရှိခဲ့သည့်အတွက် မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူးက တာဝန်ရှိသူများအား စစ်ဆေးမေးမြန်းကာ ဖြေရှင်းဆောင်ရွက်အရေးယူပေးရန် ၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့ နေစွဲဖြင့် မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူးထံ စာရေးသားအကြောင်းကြားရာ လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို လုပ်ခဲ့ရပါသည်။ ထိုစာကို ဦးမောင်လုံးက ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး နှင့် မြေပုံ အုပ်ချုပ်ရေးမှူးတို့ထံ မိတ္တူပေးပို့ထားပါသည်။

မတရားဖမ်းဆီးကာ တရားရုံးသို့ ပို့ဆောင်ခြင်းခံရသည် ဟု ဆိုသူ ဦးမောင်စောရီအား ကမ်းထောင့်ကြီးရဲစခန်းမှ တာဝန်ရှိသူများက အမတ် ငပွကြီး ဦးမောင်လုံးရှေ့တွင်ပင် မေးမြန်းရာ ဦးမောင်စောရီက မိမိ အဖမ်းခံရခြင်းမဟုတ်ကြောင်း မိမိမှာ ထိုအမှုတွဲတွင် ပါဝင်သူ မဟုတ်ကြောင်း ဖြေကြားခဲ့ရာ၊ ဦးမောင်လုံးက “မှားတဲ့အခါလည်း မှားပေမပေါ့” ဟု ဖြေကြားသည် ဟု ဆိုပါသည်။

သို့ရာတွင် အမတ်မင်း ဦးမောင်လုံး၏ မှားချက်ကြောင့် ဖြစ်ကြရသည့် အနှောင့်အယှက်မှာ အလွန်ပင်ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဦးမောင်လုံးသည် အဆိုပါ ဖမ်းဆီးကာ ရုံးတင်ခံရခြင်း ကမ်းထောင့်ကြီးရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်သန်းဝင်းက အဆိုပါကဲ့သို့ ဦးမောင်စောရီအပါအ၀င် ငါးဦးကို လက်ထိပ်ခတ် ဖမ်းဆီးကာ မတရားရုံးတင်သည့်အတွက် “အရေးယူဆောင်ရွက် ပေးပါရန်” ဆိုပြီး ထိုငါးဦးက လက်မှတ်ထိုးထားသော စာတစ်စောင် ကို မရှေးမနှောင်းပင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံလိပ်မူလျက် ပေးပို့ခဲ့ရာ ဦးမောင်စောရီကို ဖမ်းဆီးခံရသူ စာရင်းတွင် ထည့်ထားသော (တူညီသော) မှားယွင်းမှုကို မှားယွင်းထားကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ထိုစာမှာ ထိုသူငါးဦးကပင် လက်မှတ်ထိုးထားသော်လည်း အမတ်မင်း ဦးမောင်လုံးက အခါတော်ပေး စာရေးတော် လုပ်ထားကြောင်းကို သိနိုင်ပါသည်။

မမှန်မကန် အတိုင်ခံရသူ ရဲဝန်ထမ်းတို့မှာ ရာထူးတက်နောက်ကျခြင်း အဆူပူခံရခြင်း တို့ ခံစားရသည့်အတွက် များစွာ စိတ်ဆင်းရဲရပါသည်။

ဇတ်လမ်းအကြောင်းရင်းက အောက်ပါအတိုင်း ဖြစ်ပါသည်။ စစ်တွေမြို့နေ ဦးစိုးနိုင် ဆိုသူသည် ယခင် ရေငံပုဇွန်မွေးမြူရေးကန်လုပ်နေသူ ဒေသခံအချို့ထံမှ ပုဇွန်ကန်များ ဧက ရာချီဝယ်ယူကာ ၂၀၀၂-ခုနှစ်လောက်က စတင် လုပ်ငန်းလုပ်ကိုင် လာရာ၊ ပုဇွန်ခေတ်မကောင်းတော့သောကာလတွင် လုပ်ငန်းလျှော့ချ လုပ်ကိုင်နေသော ဦးစိုးနိုင်ပိုင် မြေဧရိယာထဲတွင် ယခုအခါ အချို့သော သူများက ကျူးကျော်ကာ ၀င်ရောက်လုပ်ကိုင်ရာမှ အပြန်အလှန် တရားစွဲမှုများ ဖြစ်ပွားကာ ပြဿနာများဖြစ်ပွားလာခြင်းဖြစ်ပါသည်။

ရုံးချိန်းများပျက်ကွက်နေသော တစ်ဖက်မှ တရားစွဲခံရသူ လေးဦးကို ခေါ်လာရန် ရုံးတော်က ခိုင်းစေသည့်အတွက် လုပ်ဆောင်ရသည့် ရဲဝန်ထမ်းများကို အမတ်မင်းဦးမောင်လုံးက နောက်ကျောကို ဓါးနှင့် လိုက်ထိုးနေခြင်း ဖြစ်ပါသည်။

ထို့အပြင် တစ်ဘက်မှ ကျူးကျော်သူ အုပ်စုက ဦးစိုးနိုင်ပိုင် ပုဇွန်ကန် နယ်မြေထဲသို့ ၀င်ရောက်ပြီး အလုပ်သမားရှစ်ဦး နှင့် မိသားစုများအား ထွက်ခွာသွားရန် ခြိမ်းခြောက်ခြင်း တို့ကို ပြုသည့်အတွက် ကမ်းထောင့်ကြီးရဲစခန်းအားသွားတိုင်ရာ၊ ရဲဝန်ထမ်းတို့မှာ တဖက်အဖွဲ့၏ နောက်ကွယ်က မာဖီးယား ဦးမောင်လုံးကို ကြောက်သည့်အတွက် အရေးမယူရဲ ဖြစ်နေကြောင်း သိရပါသည်။

အကယ်၍ ထိုပြဿနာများ တင်းမာမှုများ ကြီးမားသထက်ကြီးမားလာပြီး နှစ်ဘက် အုပ်စုများအကြား လူသတ်မှု လူသေမှုများ ဖြစ်လာသည် အထိ ဆိုးရွားလာခဲ့ပါက နောက်ကွယ်က သွေးထိုးလှုံ့ဆော်နေသူ ဦးမောင်လုံးလည်း အပြစ်မကင်းနိုင်ပါ ဟု အများပြည်သူတို့အား တင်ပြ တိုင်ကြားလိုက်ရပါတယ်။

ဘ၀တူ ရဲဝန်ထမ်းတစ်ဦး

Source = Than Win

Rakhine News Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive