မကွေးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ထန်းကိုင်းရေနံမှော်တွင် ဈေးဆိုင်ဖွင့်ထားသူများ၊ ရေနံတွင်းတူးသူများ၊ ရေနံစိမ်း ခပ်သူများ၊ ၀ယ်ရောင်းသယ်ပို့နေသူများသည် စုစုပေါင်းလူအင်အား နှစ်သိန်းကျော်ရှိရာ ထိုသူများကို စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ ထိုနေရာမှ ထွက်ခွာရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ဈေးဆိုင်ဖွင့်လှစ်သူများဆိုလျှင် ယခုလ ၁၄ ရက် နောက်ဆုံးထား၍ ထွက်ခွာရမည်ဟုပင် ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

စက်တင်ဘာ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာချက်တွင် တာဝန်ခံ၍ အမိန့်ထုတ်သော အဖွဲ့အစည်းကို
ဖော်ပြထားခြင်းမရှိသော်လည်း ထိုကြေညာချက်တွင် ထန်းကိုင်းရေနံမြေသည် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဧရိယာ
ဖြစ်ကြောင်း၊ ရေနံစိမ်းသည် သဘာဝသယံဇာတဖြစ်သဖြင့် နိုင်ငံတော်ကသာ ပိုင်ဆိုင်ကြောင်း၊ ရေနံမြေအတွင်း၌ ယခုတူးဖော်နေသောသူများသည်လည်း အစိုးရက ခွင့်ပြုထားသူများ မဟုတ်ကြောင်း ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ထားသည်ကို မေးမြန်းရန် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၄ နာရီကျော်က မကွေးတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ၎င်းကဖုန်းကို ချပစ်လိုက်ပြီး ပြန်လည် ဆက်သွယ်၍လည်း မရတော့ပေ။

ထန်းကိုင်းရေနံမြေတည်ရှိရာနေရာသည် ဒေသခံလယ်သမား ၂၇ ဦးပိုင်သည့် လယ်မြေ ၇၁ ဧကဖြစ်ပြီး ထိုလယ်မြေ များကို ၂၀၀၇ ခုနှစ်တွင် အစိုးရကသိမ်းယူခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများကို ရေနံတူးခွင့်ပေးခဲ့ရာ ထိုအချိန်က ယင်းနေရာ တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါသည်။

သို့သော် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်တွင် ရေနံများ ကုန်ခမ်းသွားပြီဟုဆိုကာ အာဏာပိုင်များက မူလပိုင်ရှင် ဒေသခံ လယ်သမားများကို မြေများ ပြန်ပေးခဲ့သည်ဟု တောင်သူများဘက်မှ ထိုစဉ်က လိုက်လံကူညီခဲ့သူ ကိုသန်းထိုက်က
ပြောသည်။

ထို့ကြောင့် လယ်သမားများက ရေနံလက်ယက်တွင်းတူးသူများကို မြေနေရာ ပြန်လည်ရောင်းချခြင်း၊ ကိုယ်တိုင်တူးဖော် လုပ်ကိုင်ခြင်းများ ပြုလုပ်ခဲ့သလို ထိုနေရာတွင် တရားဝင်လုပ်ကိုင်ခွင့်ပြုရန် သမ္မတနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ သို့ လျှောက်ထားခဲ့သည်ဟုလည်း ကိုသန်းထိုက်မှ ဆက်ပြောသည်။

ရေနံတူးဖော်နေသူများကို ယခုကဲ့သို့ နှင်ထုတ်သည့်စာသည်လည်း တရားဝင်လာရောက်ပေးအပ်ခြင်းမျိုး မရှိဘဲ အဆင့်ဆင့် ဖြန့်ဝေပြီး ရောက်ရှိလာခြင်းဖြစ်သည်ဟု ရေနံတွင်းတူးသူ ကိုထွန်းမြင့်ကဆိုသည်။

“ဘယ်ဌာနဆိုင်ရာ နာမည်မှာမပါဘူး။ စာကိုအဆင့်ဆင့် လက်ဆင့်ကမ်းတဲ့အနေနဲ့ ဝေသွားတယ်” ဟု ၎င်းကဆိုသည်။

ထိုအငြင်းပွားဖွယ် ရေနံမြေနေရာကို စက်တင်ဘာ ၁၀ ရက်မှစ၍ ထန်းကိုင်းရေနံမှော်တွင် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ခန့်ဖြင့် လုံခြုံရေးတင်းကြပ်ထားလိုက်ပြီဟုလည်း ဒေသခံရေနံတွင်း အလုပ်သမားများကဆိုသည်။

ထန်းကိုင်းဒေသသည် စိုက်ပျိုးသီးနှံ မဖြစ်ထွန်းသောဒေသဖြစ်သဖြင့် ရေနံတူးဖော်သည့် လုပ်ငန်းကိုသာ အမှီပြု လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေကြသော အလုပ်သမား
နှစ်သိန်းကျော်မှာလည်း ကြေညာချက်ကို ရုပ်သိမ်းပေးရန် အလိုရှိကြောင်း လုပ်သားများဘက်မှ လိုက်ပါကူညီ သူများက မဇ္ဈိမကို ပြောသည်။
 

မဇ္ဈိမ

Posted by Unknown on Monday, September 16, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive