လူတစ်ယောက်၏ ဘ၀အတွက် အရေးအကြီးဆုံးသည် ကျန်းမာစွာ နေထိုင်နိုင်ဖို့ ဖြစ်ပါသည်။ မကျန်းမာသော သူတစ်ယောက်အတွက် ချမ်းသာကြွယ်ဝမှုများနှင့် ရာထူးဂုဏ်ဒြပ်များသည် မက်မောစရာများ မဟုတ်နိုင်တော့ပါ။ ထို့ကြောင့်ပင် အာရောဂျံ ပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု ဆိုခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် အခြားအကြောင်းအရာများ ရှိနေသေးသော်လည်း နေ့စဉ်ရှင်သန် နေထိုင်ရာတွင် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ စားသုံးရခြင်းသည် ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အဓိက အကြောင်းရင်းဆိုသည့် အချက်မှာ မည်သူမျှငြင်းချက် ထုတ်နိုင်မည် မဟုတ်ပေ။

အစားအသောက်များသည် လူ၏ကျန်းမာရေးအတွက် ကောင်းကျိုးများကို ပေးစွမ်းနိုင်သည် ဆိုသော်လည်း အစားအသောက်ကြောင့်ပင်လျှင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ခြေလည်း ရှိပါသည်။ ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၌ အစားအသောက်များထဲတွင် အန္တရာယ်ရှိသော ဆိုးဆေးများ အသုံးပြုခြင်း၊ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ အသုံးပြုခြင်းတို့ များစွာမြင့်တက်လာလျက်ရှိပြီး ရိုးရာအစားအသောက်များဖြစ်သည့် လက်ဖက်ကို အ၀တ်အထည် ဆိုးဆေးများ အသုံးပြုခြင်း၊ ငါးပိကို ဓာတ်မြေသြဇာများနှင့် ရောနှောခြင်းတို့သည် စားသုံးသူ ပြည်သူလူထုကို တုန်လှုပ်သွားစေသော ဓာတုပစ္စည်း အသုံးပြုသည့် အဖြစ်အပျက်များ ဖြစ်ကြသည်။ ထို့ပြင် အီကြာကွေးပွအောင် အမိုးနီးယား ထည့်သွင်းခြင်း၊ ပဲပြုတ်များတွင် အ၀တ်လျှော်ဆော်ဒါ အသုံးပြုခြင်းနှင့် ပဲပြားများတွင် ဖော်မလင် ထည့်သွင်းအသုံးပြုခြင်းများအထိ စီးပွားရေး လောဘသားများ အတင့်ရဲ သောင်းကျန်းနေကြပါသည်။

ထိုသို့ အစားအသောက်များတွင် ထည့်သွင်းအသုံးပြုသည့် ဆိုးဆေးများ၊ ရောနှောသည့် ဓာတုပစ္စည်းများသည် အချိန်ခဏလေးအတွင်းမှာ ကျန်းမာရေး ဆိုးကျိုးများ ပေးနိုင်သည့်အပြင် အချိန်ကြာမြင့်လာသည့် အခါတွင်လည်း အသည်း၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း အစရှိသည့် ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်ပွားနိုင်စေသည်။ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနတွင် လာရောက်ကုသမှု ခံယူသော စာရင်းဇယားများအရ လွန်ခဲ့သည့် ရှစ်နှစ်အတွင်း ကင်ဆာရောဂါကု ဌာနသို့ တက်ရောက်ကုသသူ အရေအတွက် နှစ်ဆကျော် တိုးမြင့်လာခဲ့သည်အထိ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားနှုန်း မြင့်တက်လာခဲ့သည်မှာ စိုးရိမ်စရာ ဖြစ်ပါသည်။

အန္တရာယ်ရှိသော ဆိုးဆေးများနှင့် ဓာတုပစ္စည်းများ အသုံးပြု ရောနှောမှုများကို အများအပြား စစ်ဆေးတွေ့ရှိ နေရသော်လည်း ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ ထိရောက်စွာ အရေးယူမှု အားနည်းနေခြင်းက အဆိပ်သင့်နေသော အစားအသောက်များကို သံသရာရှည်နေစေသည်။ ထို့ပြင် စားသုံးသူများအတွက် ထိရောက်စွာ ကာကွယ်ပေးနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုစနစ် အားနည်းနေခြင်းကလည်း စားသုံးသူများ၏ အခွင့်အရေးအတွက် အကာအကွယ် မဲ့နေစေပါသည်။

လူတစ်ယောက် နေ့စဉ်ရှင်သန် သွားလာနိုင်နေဖို့အတွက် အစားအသောက် ဆိုသည်မှာ မဖြစ်မနေ အရေးပါနေဦးမည် ဖြစ်သည်။ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အစားအသောက်သည် အရေးပါသလို မသန့်ရှင်းသော အစားအသောက်များကြောင့်လည်း ရောဂါအမျိုးမျိုးကို ဖိတ်ခေါ်နေသလို ဖြစ်နေပါသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မိမိတစ်ဘို့တည်းကိုသာကြည့်ပြီး လောဘနောက်လိုက်ကာ အများပြည်သူအတွက် အန္တရာယ်ရှိစေနိုင်သည့် အပြုအမူများကို ရှောင်ကြဉ်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ ထို့ပြင် အစိုးရနှင့် ကျန်းမာရေး တာဝန်ရှိသူများ အနေဖြင့်လည်း မိမိနိုင်ငံသားများ၏ ကျန်းမာရေး အကျိုးအတွက် ထိုကဲ့သို့ မသန့်ရှင်းသော အစားအသောက် ရောင်းချဖြန့်ဖြူးနေမှုများအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူ ပေးပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။ 



Eleven Media Group

Posted by Unknown on Thursday, September 12, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive