From : ..the voice
 
ဗဟန်းမြို့နယ် တာမွေအဝိုင်းထိပ် မီးပွိုင့်တွင် စက်တင်ဘာလ ၁၃ ရက် ည ၇ နာရီခန့်က အငှားယာဉ်နှင့် အိမ်စီးယာဉ် တိုက်မိ၍ လာရောက် ရှင်းလင်းသော ယာဉ်ထိန်းရဲကို အငှားယာဉ်ဖြင့် တိုက်ကာ ထွက်ပြေးသွားသည့် ယာဉ်မောင်းကို စက်တင်ဘာလ ၁၄ ရက်တွင် ဖမ်းမိထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အနောက်မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ အဝိုင်းထိပ် မှတ်တိုင်အနီးတွင် စူပါရုဖ်ဗင် အငှားယာဉ်သည် ရပ်ထားရာမှ ရုတ်တရက် မောင်းထွက်လာသောကြောင့် လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် မတ်ခ်တူး ဆလွန်းယာဉ်ကို တိုက်မိရာ တာမွေငါးလမ်းဆုံ မီးပွိုင့်တွင် တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့စု (၂၇) မှ ရဲတပ်ကြပ်ကြီး တင်ညွန့်က လာရောက် ရှင်းလင်းစဉ် စူပါရုဖ်ဗင် အငှားယာဉ်မောင်းသည် တားဆီးနေသည့်ကြားမှ ကားကို ရပ်တန့်မပေးဘဲ မောင်းနှင် ထွက်ပြေးသောကြောင့် အဆိုပါ ယာဉ်ထိန်းရဲကို တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ယာဉ်ထိန်းရဲကို ကားဖြင့်တိုက်ကာ ထွက်ပြေးသွားသည့် အငှားယာဉ်မောင်းမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျန်စစ်သား ရိပ်မွန်အိမ်ရာတွင်နေသူ ဦးသန်းထွေး ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ ၎င်းကို စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်အချိန်တွင် ဖမ်းမိကာ ဗဟန်းမြို့နယ် မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း သိရှိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် ယာဉ်ထိန်းရဲမှာ ပြင်ပဒဏ်ရာများရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသနေရကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုမှ စူပါရုဖ်ဗင် အငှားယာဉ် မောင်းနှင်သူကို ဗဟန်းမြို့နယ် မြို့မရဲစခန်းက ယာဉ် (ပ) ၄၈/၁၃၊ ပုဒ်မ ၂၇၉/၂၀၂ နှင့် (ပ) ၃၆၄/၁၃၊ ပုဒ်မ ၂၇၉/၃၃၂ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာတစ်ဦးက ပြောကြားသည်။

 .. www.MyanmarExpress.net

Posted by Unknown on Tuesday, September 17, 2013

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive