ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ကမ္ဘာကျော်
အကြမ်းဖက်သမားအုပ်စုတစ်ခုဖြစ်တဲ့
အယ်လ်ကေဒါကထုတ် ဝေတဲ့ မဂ္ဂဇင်းတစ်စောင်
ထွက်လာခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းမှာ ဂျီဟတ်
စစ်ပွဲ(အစ္စလာမ်ဘာသာဝင် ဟုတ်သူတွေကို
 ဦးတည်တဲ့ မြင့်မြတ်တဲ့စစ်ပွဲလို့ဆို) ရဲ့


ဦးတည်ရာနဲ့ နည်းဗျူဟာပိုင်းတွေကို အပြောင်းအလဲလုပ်မယ်လို့ဖော်ပြခဲ့ ပြီး အဓိကပစ်မှတ်တွေဟာ အင်အားကြီးနိုင်ငံတွေကို ပစ်မှတ်ထားနေရာကနေ အိန္ဒိယနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဦးတည်မယ့်သဘောမျိုး ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို ဦးတည်မယ်ဆိုရင် နယ်နိမိတ်ချင်း နီးစပ်နေတဲ့မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံအတွက်ပါ ဒီပြဿနာက အလေးထား စဉ်းစားရမယ့် အနာဂတ်ပြဿနာဖြစ်လာဖို့ သေချာသလောက်ရှိပါတယ်။

အယ်လ်ကေဒါအဖွဲ့က အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့တဲ့ Inspere ဆိုတဲ့မဂ္ဂဇင်းမှာ အဖွဲ့ရဲ့အနာဂတ် ရည်မှန်း ချက်တွေနဲ့ရေတို၊ ရေရှည်ပစ်မှတ်တွေကို ဖော်ပြခဲ့ရာမှာ လာမယ့် သြဂုတ်လအတွင်း အမေရိကန်နိုင်ငံ နယးယောက်မြို့မှာ ကျင်းပမယ့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ လူအရေအတွက်များနိုင်သမျှ များများ သေအောင် ဗုံးခွဲတိုက်ခိုက်မယ့်အစီအစဉ်တွေနဲ့အတူ နောက်ဆုံးတိုက်ပွဲ လို့ အမည်ပေးထားတဲ့ ကဏ္ဍတစ်ခုကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

 နောက်ဆုံးတိုက်ပွဲရဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယနိုင်ငံမှာ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ဖြစ်ပြီး စစ်ပွဲဆင်နွှဲနိုင်လောက်တဲ့ အခြေအနေကောင်းတော်တော်များများကို ဖန်တီးထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါ တယ်။

ဒါ့အပြင် အယ်လ်ကေဒါအဖွဲ့တွေနဲ့ ဂျီဟတ်ဝါဒီတွေကြားမှာ လက်ဆင့်ကမ်း ဖြန့်ချီတဲ့ Azan လို့ အမည်ပေးထားတဲ့ စာတမ်းမှာလည်း အိန္ဒိယနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွှဲမယ့် နောက်ဆုံးတိုက်ပွဲနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ တွေ့ရတယ်လို့ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီက အတည်ပြုချက်ထုတ်ပြန်ထားပါတယ်။

အိန္ဒိယထောက်လှမ်းရေးအေဂျင်စီဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒ နှိမ်နှင်းရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဂျီဟတ် ဝါဒီတွေ၊ အယ်လ်ကေဒါအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို အစဉ်တစိုက်စောင့်ကြည့်ခဲ့ရာကနေ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်ဟာ အိန္ဒိယနိုင်ငံဘက်ကို မြားဦးလှည့်လာပြီလို့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 အိန္ဒိယအမျိုးသားထောက်လှမ်းရေး အေဂျင်စီက အတည်ပြုခဲ့တဲ့ သတင်းတွေအရဆိုရင် အယ်လ်ကေဒါအဖွဲ့ ဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြားမှာ ဒီနေ့အချိန်ထိ မီးခိုးအူနေဆဲနေရာ တစ်ခုဖြစ်တဲ့ ကက်ရှ်မီးယားဒေသနဲ့ ဂျမ်မူဒေသတွေမှာ ဂျီဟတ်သမားတွေနဲ့ အစွန်းရောက်သမားတွေကို တိုးချဲ့ နေရာချထားခဲ့တယ်လို့ ဆိုပါတယ်။

အဖြစ်နိုင်ဆုံးရည်ရွယ်ချက်က တည်ငြိမ်မှုအားနည်းချက်တွေ အများကြီး ရှိတဲ့ အဲဒီ့ဒေသတွေရဲ့ အားနည်းချက်ကို အသုံးချပြီး စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ဂျီဟတ်ဝါဒီတွေနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေကို နယ်ခြားကနေ အိန္ဒိယနိုင်ငံအတွင်းကို တဖြည်းဖြည်း စိမ့်ဝင်စေပြီး အကြမ်းဖက်ကွန်ရက်တွေဖွဲ့စည်းဖို့ပါပဲ။

အိန္ဒိယအစိုးရဘက်က လက်ရှ်မီးယား နယ်စပ်ကို လုံခြုံရေးအဆင့်မြင့် ဆုံးထားပြီး အမှားအယွင်းမဖြစ်အောင် စောင့်ကြည့်နေပေမယ့် လုံခြုံရေးမြင့်မားလှပါတယ်ဆိုတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာတောင် အဖျက်လုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့ ဒီအဖွဲ့တွေရဲ့ အန္တရာယ်ကို ပေါ့သေးသေး သဘောထားလို့ မရတော့တာ သေချာပါတယ်။

အိန္ဒိယထောက်လှမ်းရေးအဖွဲ့တွေဟာ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းက နိုင်ငံအတွင်းမှာရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မူဂျာဟီဒင်အဖွဲ့နဲ့ အယ်လ်ကေဒါအဖွဲ့တွေကြားမှာ ဆက်သွယ်မှုတွေရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး လျှိုဝှက်ဆက်သွယ်မှုတချို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မူဂျာဟီဒင်အဖွဲ့ဆိုတာက အိန္ဒိယနိုင်ငံတစ်ဝန်းမှာ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေကိုပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲမှု အများအပြားပြုလုပ် ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အဖွဲ့ခေါင်းဆောင်ယာဆင်ဘတ်ကယ်ကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက်မှာ အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ လျော့ကျသွားပေမယ့် အယ်လ်ကေဒါအဖွဲ့နဲ့ အဆက်အသွယ်လုပ်လာတာကိုကြည့် ရင် ထိုးမယ့်ဆင်နောက်တစ်လှမ်းဆုတ်နေတဲ့ သဘောမျိုးဖြစ်နိုင်တယ်လို့ အိန္ဒိယမီဒီယာတွေက သတိပေး ရေးသားခဲ့ကြပါတယ်။

မူဂျာဟီဒင်အဖွဲ့ခေါင်းဆောင် ယာဆင်ဘတ်ကယ်ကလည်း အယ်လ်ကေဒါ အဖွဲ့နဲ့ တာလီဘန်အဖွဲ့တွေဟာ သူတို့ကို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ထောက်ပံ့မှု အများအပြားပြုလုပ်ပေးခဲ့သလို ပူးတွဲစစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့အစီအစဉ်တွေ ချမှတ်ထားတယ်လို့ ထုတ်ဖော်ဝန်ခံတာကြောင့် အိန္ဒိယနိုင်ငံ အတွင်းမှာ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ကန်ရက်တွေ ဘယ်လောက်ကျယ်ပြန့်နေသလဲဆိုတာကို မှန်းဆဖို့မလွယ်ပေမယ့် အတိုင်းအတာတစ်ရပ်အထိ အခြေကျနေတာမျိုးဖြစ်ဖို့ သေချာ သလောက်ရှိပါတယ်။

အယ်လ်ကေဒါအဖွဲ့ရဲ့ မဂ္ဂဇင်းထွက်ပေါ်လာချိန်နဲ့ မရှေးမနှောင်းမှာပဲ ပြီးခဲ့တဲ့နှစ်က ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ အယ်လ်ရှာဘတ်အဖွဲ့က အွန်လိုင်းပေါ်မှာ ဗွီဒီယိုဖိုင်တစ်ခု လွှင့်တင်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ လူငယ်တွေကို မင်းတို့ သမုဒ္ဒရာထဲ မှာ ဘာကြောင့် လှိုင်းတွေငြိမ်နေတာလဲ လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဆိုမာလီနိုင်ငံမှာ အခြေစိုက်ထားပြီး အယ်လ်ကေဒါအဖွဲ့ရဲ့ ညီနောင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အယ်လ်ရှာဘတ်အဖွဲ့က အခုလိုအိန္ဒိယလူငယ်တွေကို သွေးထိုးလှုံ့ဆော်တဲ့မက်ဆေ့ခ်ျပေးပို့ခဲ့တဲ့ ရည်ရွယ်ချက်ကိုကြည့်ရင် အကြမ်းဖက်စစ်ပွဲရဲ့ ဦးတည်ရာက အိန္ဒိယ ဖြစ်လာပြီဆိုတဲ့ အချက်က ဖြစ်နိုင်ခြေအလွန်များနေပြီလို့ ဆိုရပါလိမ့်မယ်။

အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုဝင်နိုင်ငံတွေဟာ အယ်လ်ကေဒါအဖွဲ့နဲ့ပတ်သက်တဲ့ အကြမ်းဖက် ကွန်ရက်တွေို့ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် ကြိုတင်ကာကွယ်မှုတွေကို အလေးထားလုပ်ဆောင်နေတာကြောင့် အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဟာ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ အားနည်းတဲ့ နိုင်ငံတွေဆီကို ပစ်မှတ်ရွေ့လာတာ ဖြစ်နိုင်တယ်လို့ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီရဲ့ အာရှပစိဖိတ်ဆိုင်ရာ အကြီးအကဲတစ်ဦးက အိန္ဒိယရုပ်သံတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတိပေးသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ သမိုင်းအဆက် ဆက်ကတည်းက ကွဲပြားခြားနားတဲ့လူမျိုးတွေ၊ ကိုးကွယ်ယုံကြည်သူတွေ ငြိမ်းချမ်းမှုအပြည့်၊ နားလည်မှုအပြည့် နဲ့ ပူးတွဲနေထိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင်ဦးရေက အများစုဖြစ်ပေမယ့် အစ္စလာမ်ဘာသာဝင်တွေနဲ့ ခေတ်အဆက်ဆက်ကတည်းက အဆင်ပြေပြေပူးတွဲနေထိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ မူဂျာဟီဒင်လို အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေပေါ်ထွက်ခဲ့ပေမယ့် ကွဲပြားမှုကိုလက်ခံပြီး ငြိမ်းငြိမ်းချမ်းချမ်းလက်တွဲနေထိုင်ခဲ့တဲ့ အိန္ဒိယ နိုင်ငံသားတွေကို သွေးခွဲနိုင်စွမ်းမရှိခဲ့ပါဘူး။

အိန္ဒိယတာဝန်ရှိသူတွေအတွက် အဲဒီသမိုင်းအစဉ်အလာကောင်း ဟာ အကြမ်းဖက်သမားတွေရဲ့ရန်ကို ကာကွယ်ဖို့ အားသာချက်တစ်ရပ်ဖြစ်နိုင်ပေမယ့် ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ အခြေအနေတွေကို သင်ကြားထားတဲ့ အယ်လ်ကေဒါလို အကြမ်းဖက်အဖွဲ့တွေရဲ့ လက်တံကိုလျှော့မတွက်မိ ဖို့တော့လိုပါလိမ့်မယ်။ တကယ်လို့ အယ်လ်ကေဒါအဖွဲ့နဲ့ ဂျီဟတ်ဝါဒီတွေသာ ခေါင်းထောင်လာမယ်ဆိုရင် အသွေးအရောင်စုံတဲ့ အိန္ဒိယနိုင်ငံလိုမျိုးအတွက် သွေးမတိတ်တဲ့ ဒဏ်ရာတွေ အများကြီးဖြစ်လာစရာ ရှိပါတယ်။

အိုစမာဘင်လာဒင်သေဆုံးသွားပေမယ့်အယ်လ်ကေဒါအဖွဲ့ရဲ့စွမ်းဆောင်ရည်ကျဆင်းမသွားသေးဘူးဆိုတာကို နှစ်နှစ်နီးပါးရှိလာပြီဖြစ်တဲ့ ဆီးရိးယားပြည်တွင်းစစ်နဲ့ ဆွန်နီအစွန်းရောက်အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ ISIS အဖွဲ့ရဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ အီရတ်နိုင်ငံရဲ့ အခြေအနေတွေက သက်သေခံနေပါတယ်။

အိန္ဒိယနိုင်ငံကို ဂျီဟတ်စစ်ပွဲနယ်မြေသစ်အဖြစ် ပစ်မှတ်ထားနေတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ နယ်မြေချင်း ဆက်စပ်နေသလို ဘာသာရေးနဲ့လူမျိုးရေးတင်းမာမှုတွေရှိနေတဲ့ မိမိတို့ မြန်မာနိုင်ငံကို စိတ်ဝင်စားနိုင်တယ် ဆိုတဲ့အချက်ကိုလည်း သတိကြီးကြီးထားဖို့လိုမယ်ထင်ပါတယ်။

အိန္ဒိယနယ်စပ်နဲ့ဆက်စပ်နေတဲ့ နေရာတွေမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရရှိခဲ့မှု၊ ခိုးဝင်တဲ့သူတွေတွေ့ရှိမှုဆိုတဲ့ အချက်တွေဟာ မပြေးသော်လည်း ကန်ရာရှိသလို နိုင်ငံလုံခြုံရေးအတွက် သတိကြီးကြီးထားစဉ်းစားသင့်တဲ့ အချက်တွေဖြစ်တယ်လို့ဆိုရမှာပါ။

ထိုင်းနိုင်ငံ(တောင်ပိုင်း)မှာရှိတဲ့ ခွဲထွက်ရေးသမားတွေရဲ့ လှုပ်ရှားမှုပိုမိုမြင့်တက်လာတဲ့အချက်နဲ့ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်က အူဂါခွဲထွက်ရေးသမားတွေနဲ့ ဆက်စပ်တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ များပြားလာတဲ့ အချက်တွေကလည်း အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်နေတဲ့ ကွန်ရက်တွေ မိမိတို့နိုင်ငံနဲ့ ထိစပ်နေတဲ့နေရာ တွေမှာ လှုပ်ရှားမှုရှိနေတယ်လို့ ညွှန်ပြသလိုဖြစ်နေပါတယ်။

လုံခြုံရေးဆိုင်ရာ ရှုထောင့်က ကြည့်ရင်လည်း အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ပစ်မှတ်ထားရတာလောက် ခက်ခဲမှုမရှိနိုင်တဲ့အခြေအနေမျိုးဖြစ်နေတာကြောင့် အိန္ဒိယနဲ့ အာဆီယံဒေသဟာ အယ်လ်ကေဒါလို အကြမ်းဖက်အဖွဲ့တွေအတွက် နယ်မြေသစ်ဖြစ်လာနိုင်တယ်လို့ လက်ခံရမှာပါ။ ပြီးခဲ့တဲ့နှစ်က ဗုဒ္ဓဂယာမှာ ဗုံးကွဲခဲ့တဲ့ အဖြစ်အပျက်ဟာ အယ်လ်ကေဒါအဖွဲ့နဲ့ မဆက်စပ်ဘူးဆိုရင်တောင်မှ ဒါဟာ အကြမ်းဖက် ကွန်ရက်တွေနဲ့ ဆက်စပ်နေမယ့်ဖြစ်စဉ်မျိုးဖြစ်ပါတယ်။

ဒီတော့ အိန္ဒိယအပါအဝင် အာရှပထဝီ နိုင်ငံရေးမြေပုံရဲ့ အရေးအပါဆုံးနဲ့ အဓိကအကျဆုံးနေရာတွေဖြစ်လာတယ်လို့ သတ်မှတ်ခံနေရတဲ့ တရုတ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိမိတို့ နိုင်ငံအရေးနဲ့ ၂၁ ရာစုကို အဓိကခြိမ်းခြောက်နေတဲ့ ပြဿနာဖြစ်တဲ့ အကြမ်းဖက်ဝါဒခေါင်းမထောင်လာစေဖို့အတွက် နိုင်ငံလုံခြုံရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သင့်တဲ့အချိန် ရောက်ပြီလို့ တင်ပြလိုက်ရပါတယ်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive