ဟာသသရုပ်ဆောင် ၊ဒါရိုက်တာ ကုသိုလ်သည် ဇွန်၁၅ရက် မွန်းလွဲတစ်နာရီက တောင်ဥက္ကလာပ မြို့နယ်ရှိ အောင်ရတနာ ဆေးခန်းတွင် အသဲနှင့် အစာအိမ် ရောဂါတို့ဖြင့် အသက်၆၁နှစ်တွင် ကွယ်လွန် ခဲ့သည်ဟု ဒါရိုက်တာ မောင်သီက မဇ္စျိမကိုပြောသည်။

"သူခံစားနေရတာ ကြာပါပြီ။ သူကွယ်လွန်ချိန်က အသက်ခြောက်ဆယ်နဲ့ နှစ်လစွန်းရှိ နေပါပြီ"ဟု ၎င်းကပြောသည်။

ဟာသ သရုပ်ဆောင်ကုသိုလ်သည် အသဲရောဂါ ခံစားနေရခြင်းသည် တစ်နှစ်နီးပါး ရှိပြီဖြစ်ပြီး နောက်ပိုင်းတွင် ရောဂါအခြေအနေကြောင့် အစာအိမ်ရောဂါ သည်လည်း ဝင်ရောက်လာခြင်းကြောင့်  ယင်းရောဂါနှင့်အတူ တွဲဖက် ခံစားရခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

ဟာသသရုပ်ဆောင် ကုသိုလ်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က အောင်ရတနာဆေးခန်းတွင် အထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ကြည်ကြည်လှနှင့် ပထမအကြိမ် ကုသခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်သို့ သွားရောက်ကာ ၎င်း၏ရောဂါကို ကုသခဲ့ရာ သက်သာခဲ့ခြင်းဖြစ်သည်။

၎င်းကို ကုသပေးခဲ့သည့် ဒေါက်တာဒေါ်ကြည်ကြည်လှသည် လွန်ခဲ့သည့် သုံးလခန့်က ကွယ်လွန်ခဲ့ သော်လည်း ၎င်းသည် အောင်ရတနာဆေးရုံတွင် ဆက်လက်ပြသ ခဲ့ရင်း ရောဂါ မသက်သာခြင်းကြောင့် ယခုဒုတိယအကြိမ် တက်ရောက်ကုသချိန်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ဟာသ သရုပ်ဆောင် ငှက်ပျောကြော်က ပြောသည်။

ပထမအကြိမ် အောင်ရတနာ ဆေးရုံတွင် ဟာသသရုပ်ဆောင် ကုသိုလ် တက်ရောက် ကုသချိန်၌ အကယ်ဒမီလွင်မိုးက ၎င်း၏ ဆေးရုံကိစ္စ အဝဝကို ကူညီပေးသည်ဟု ၎င်းကထပ်မံပြောသည်။

ယင်းရောဂါ ကုသရန်အတွက် ဟာသ သရုပ်ဆောင် ကုသိုလ်သည် တောင်ဥက္ကလာ မြင်သာလမ်းပေါ်ရှိ အိမ်ကိုရောင်းချခဲ့ပြီး ကုသခဲ့သေးသည်ဟု ဒါရိုက်တာမောင်သီကပြောသည်။

သရုပ်ဆောင် ကုသိုလ်သည် ရောဂါအခြေအနေကြောင့် ဇာတ်ကားများတွင် သရုပ်ဆောင်ခြင်းများနှင့် ဒါရိုက်တာလုပ်ခြင်းများကို မလုပ်ကိုင်သည်မှာ တစ်နှစ်ခွဲရှိပြီး ၎င်းအနေဖြင့် အနုပညာအလုပ်များကို နားနားနေနေ လုပ်ဆောင်နိုင်ရန်အတွက် ဒါရိုက်တာမောင်သီက MRTV-4တွင် ရိုက်ကူးခဲ့သည့် "မရီနဲ့" ပရိုဂရမ်တွင် ပါဝင်စေခဲ့ပြီး ၎င်းကွယ်လွန် သွားသည့်အတွက် ယင်းပရိုဂရမ် နောက်ထပ် ရိုက်ကူးပါက ၎င်းကဲ့သို့ ဟာသဥာဏ်ကွန့်မြူးသည့် အနုပညာရှင်တစ်ဦးကို ရွေးချယ် ရိုက်ကူးရမည်ဟု ဝမ်းနည်းစွာ ပြောပြခဲ့သည်။

ဟာသသရုပ်ဆောင်၊ဒါရိုက်တာကုသိုလ်သည် ၁၉၉ဝခုနှစ်တွင် အနုပညာလောကထဲကို စတင် ဝင်ရောက်လာခဲ့ပြီး ဗီဒီယို ရုပ်ရှင် ဇာတ်ကားများစွာကို ရိုက်ကူးခဲ့ရာ ၁၉၉၄ခုနှစ်တွင် "သရဲလေးကောင်နှင့်ကျွန်တော်"ပြဇာတ်တွင် လွင်မိုး၊ အရိုင်း၊ ကင်းကောင်၊ ဖိုးဖြူ  ၊ မျိုးသန္တာထွန်းတို့နှင့် အတူ ကပြခဲ့ရာ ပရိသတ်များ ကြိုက်နှစ်သက်ပြီး နာမည်ပိုမို ကြီးလာခဲ့သူဖြစ်သည်။

ယင်းအပြင် ဒါရိုက်တာမီးပွား ရိုက်ကူးခဲ့သည့် မြစ်တို့၏မာယာ ဇာတ်ကားကို ပရိသတ်များ အမြင်တစ်မျိုး ခံစားစေရန်အတွက် ဒါရိုက်တာ ဦးဝင်းဖေက "များတို့၏မာယာ"ဇာတ်ကားတွင် အရိုင်း၊ ကင်းကောင်၊ ဖိုးဖြူ၊ ၊ ထက်ထက်မိုးဦးတို့နှင့် အတူတွဲဖက် သရုပ်ဆောင်ခဲ့သူဖြစ်သည်။

ဟာသ သရုပ်ဆောင် ကုသိုလ်သည် ဗေလုဝ(မောင်မောင်မြင့်ဇော်) ၊ ကုသိုလ်(မောင်မောင်မြင့်သိန်း)၊ ဟာသသရုပ်ဆောင်အောင်ဘု(မောင်မောင်လှမြင့်) တို့နှင့်အတူ "မောင်မောင်တို့အဖွဲ့" သံချပ်အဖွဲ့ဖြင့် အနုပညာလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။ ၎င်းသည် ဗီဒီယို ဇာတ်ကားပေါင်း ၂ဝဝ ကျော်နှင့် ရုပ်ရှင်ဇာတ်ကားပေါင်း ၂ဝတို့တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့်  အနုပညာရှင် တစ်ဦး ဖြစ်သည်။

Written by  နိုင်ရာ

Mizzima - News in Burmese

Posted by Unknown on Sunday, June 15, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive