ရန်ကုန်လို တခြားမြို့တွေလည်း ရေကြီးကြအုံးမယ်
--------------------------------------------------------------

ရန်ကုန်ရေကြီးတဲ့ ဓာတ်ပုံတွေတွေ့တော့ မနှစ်က လွှတ်တော်မှာ ကိုယ်စားလှယ်တွေ မျက်နှာပွင့်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သွားပြီး သတိရမိတယ်။ အဲဒီနေ့က မလိုအပ်တဲ့ နေရာက အသုံးစရိတ်တွေကို ရပ်တန့်ထားပြီး ပညာရေးနဲ့ ကျန်းမာရေး ကို တိုးသုံးဖို့ ဆိုတဲ့ အဆိုပါ။ ပညာရေးနဲ့ ပတ်သက်ပြီး ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တောင် ဆွေးနွေးခဲ့ပါသေးတယ်။ အဆုံးအဖြတ်မှာတော့ ကန့်ကွက်သူမရှိ ထောက်ခံမှုနဲ့ နေပြည်တော် နိုင်ငံခြားရုံးများနဲ့ သံတမံရပ်ကွက် တွေမှာ ရေဝင်ရေထွက် စနစ်၊ မိလ္လာစနစ်နဲ့ လျှပ်စစ်မီးစနစ်တွေ ကြိုတင်တပ်ဆင်ခြင်း လုပ်ငန်းတွေကို ရပ်တန့်လိုက်ပါတယ်။

လူမရောက်သေးပေမယ့် အကွက်ချထားတဲ့ နေရာတွေမှာ ရေဝင်ရေထွက်စနစ်၊ မိလ္လာစနစ်၊ လျှပ်စစ်မီးစနစ်နဲ့ မြေအောက် စနစ်တွေ ကြိုတင် ချထားမယ့် အစိုးရရဲ့ အစီအစဉ်ကို လွှတ်တော်အမတ်တွေက လူမနေသေးရင် မြေအောက်စနစ်တွေ မလိုအပ်ဘူးဆိုပြီး ဝိုင်းကန့်ကွက်လိုက်ကြတာပါ။  လွှတ်တော်အမတ်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် တနေ့မှာ နေပြည်တော်က နိုင်ငံခြားသံတမန်ရုံးတွေ ရန်ကုန်လိုဖြစ်လာပါလိမ့်မယ်။

စနစ်ကျတဲ့ မြို့တစ်ခုရဲ့ အရေးအကြီးဆုံးအချက်ဟာ ရေဝင်ရေထွက်၊ မိလ္လာနဲ့ မြေအောက်စနစ်ကောင်းဖို့ အဓိက လိုအပ်ပါတယ်။ လူမနေသည်ဖြစ်စေ နေသည်ဖြစ်စေ အကွက်ချပြီး တနေ့မှာ တိုးပွားလူမယ့် လူဦးရေအတွက် မြေအောက်စနစ်တွေကို ကြိုတင် စီစဉ်ထားရပါတယ်။ ရန်ကုန်မြို့ကို စတည်ခဲ့စဉ်က စနစ်ကျမှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ဂျပန်ရော၊ အင်္ဂလိပ်ရောက ဗုံးတွေအပြိုင်ကျဲခဲ့ပါသေးတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရန်ကုန်က လူပေါင်းစုံလာပါတယ်။ အခုဆို ၈ သန်းလောက်ရှိပါတယ်။ အခုချိန်မှ မြေအောက်စနစ်တွေ ပြန်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒါကို လွှတ်တော်အမတ်များ သံဝေဂယူကြပါ။ အစိုးရအနေနဲ့လည်း အခြားမြို့ငယ်တွေကို ရန်ကုန်လိုမဖြစ်အောင် ပြင်ပ မြို့ပြအင်္ဂါရပ်တွေထပ် မြေအောက် ရေ/မီး/မိလ္လာစနစ်ကို တိုးလာမယ့်လူဦးရေအတွက် မျှော်တွေး ပြင်ဆင်ထားပါ။ တိုးလာမယ့် ကျောင်းသားဦးရေကို မျှော်ပြီး ကျောင်းတွေကို မြို့ပြင်ထုတ်တာ မှန်ပေမယ့် မြေအောက်စနစ်က အားနည်းပါသေးတယ်။

မြို့တွေမှာ အခုလိုဖြစ်တော့ ဘယ်သူတွေအပြောခံရလဲ။ အရင်ဆုံး အစိုးရကို မြန်မာတွေ အပြစ်တင်ကြပါတယ်။ ပြီးရင် အင်ဂျင်နီယာတွေကို အပြစ်တင်ကြပါတယ်။ လွှတ်တော်အမတ်တွေကို ဘယ်သူမှ အပြစ်မတင်ပါဘူး။ စကားပြောကောင်းရင် လွှတ်တော်အမတ်လုပ်လို့ရပါတယ်။ သင်္ချာအခြေခံရှိရင် လွှတ်တော်ဥက္ကဌ လုပ်လို့ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးသိရုံနဲ့ မြို့တစ်မြို့ကို တည်ဆောက်လို့မရပါဘူး။ နိုင်ငံရေးကျွမ်းကျင်ရုံနဲ့ လူနာတစ်ယောက်ကို ဆေးကုလို့မရပါဘူး။ နိုင်ငံရေးဘွဲ့တွေ ရထားတာနဲ့ စစ်ပွဲတွေရပ်ဖို့ မလုပ်နိုင်ပါဘူး။ တတ်သိနားလည်တဲ့လူတွေကို ဦးစားပေးပါ။ မေးမြန်းပါ။ လွှတ်တော်အမတ်ထဲမှာ အင်ဂျင်နီယာ မပါတဲ့အတွက် ဆောက်လုပ်ရေးဆိုင်ရာ တွေကို မလိုအပ်ရင် လွှတ်တော်မှာ မဆွေးနွေးဖို့နဲ့ လွှတ်တော်အမတ်တွေကလည်း မိမိကိုယ်တိုင် အတွင်းကျကျသိရှိနာလည် လုပ်ကိုင်ဖူးတာ မဟုတ်ရင် မဆွေးနွေးမကန့်ကွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နေရာတကာ ဆရာလုပ်နေမယ်ဆိုရင်တော့ ပညာတတ်တွေလည်း နိုင်ငံခြားရောက်ကုန်မယ့်အပြင် တနိုင်ငံလုံးကမြို့တွေလည်း ရန်ကုန်လို ရေကြီးလာပါလိမ့်မယ်။

ဦးဝင်းကြည် (စက်မှုတက္ကသိုလ်)
 
.. www.MyanmarExpress.net

Posted by Unknown on Thursday, June 12, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive