From : .. ပြည်သူ့အာဏာ

ဘာသာခြားနှင့် ထိမ်းမြားလက်ထပ်ခွင့်၊ ဘာသာကူးပြောင်းခွင့် စသည်တို့ ပါဝင်သော မျိုးစောင့်ဥပဒေပြဌာန်းနိုင် ရန် ဆောင်ရွက်နေမှုများ အား တော်တော်ကြောင်သည့် လုပ်ရပ် ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ငြိမ်းချမ်းရေးနိုဗဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ဇွန်လ ၁၁ ရက် နေလည် ၂ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်း ရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံး I-12 ဆောင်တွင် မျိုးစောင့်ဥပဒေပြဌာန်းရေး ဆန့်ကျင်ကန့်ကွက်သည့် အမျိုးသမီးအဖွဲ့များ၊ လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များနှင့် (၂)နာရီကြာ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်မတို့အနေနဲ့ မျိုးစောင့်ဥပဒေ လို့ ခေါ်တဲ့ ဥပဒေ (၄)ခုလုံး လုံးဝ မလိုအပ်ဘူး လို့ ခံယူတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး အသေးစိတ်ကို တင်ပြခဲ့တာ ဖြစ်တယ်။ မျိုးစောင့်ဥပဒေ ဖြစ်ပေါ်ရေး လှုပ်ရှားမှုတွေဟာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တယ်။ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တဲ့အတွက် ပြဌာန်းဖို့ မလိုဘူး။ ဒီလို ပြဌာန်းဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ရှုတ်ချတယ်။ ဒါကို အရေးတယူ လုပ်ဆောင်ပေးတဲ့ အစိုးရကိုလည်း ရှုတ်ချတယ်။ ဒါက ကျွန်မတို့ သဘောထားပဲ။ ဒါကို တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအနေနဲ့ သူ့အပိုင်းက ဆောင်ရွက်ပေးလို့ ရအောင် တင်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီဥပဒေ ပြဌာန်းရေး လုပ်ဆောင်တာဟာ တော်တော်ကိုကြောင်တဲ့ လုပ်ရပ်၊ ဒီမိုကရေစီလမ်းကြောင်းနဲ့လည်း မညီညွတ်ဘူး ဆိုတဲ့ သဘောထားကို ကျွန်မတို့ကို ပြန်ပြောပါတယ်။ NLD ပါတီက ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့် ဆိုရင် ဒီလုပ်ဆောင်ချက်တွေဟာ အခြေခံဥပဒေနဲ့ မညီဘူး။ ဒါကို ရှုတ်ချတယ် ဆိုပြီး ကျွန်မတို့နဲ့ တစ်သဘောတည်း ပြောပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ဒေါ်သင်းသင်းအောင်က မီဒီယာများကို ပြောသည်။

“ကော်မတီမှာ ပါတဲ့ အခြားပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ကျွန်မတို့ အချေအတင် ဖြစ်ခဲ့သေးတယ်။ သူတို့က ကျွန်မတို့ရဲ့ တင်ပြချက်တွေထဲမှာ သမ္မတနဲ့ အစိုးရ၊ သံဃာတော်တွေကို ပြင်းပြင်းထန်ထန် ပြောကြားခဲ့တာတွေ ပါလာလို့ ဆိုပြီး ကန့်ကွက်တယ်။ဆွေးနွေးပွဲက မျိုးစောင့်ဥပဒေ ရှုတ်ချပွဲ ဖြစ်နေတယ် ဆိုပြီးတော့ ထပြောတယ်။ ဒီမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ပြီး ပြောတယ်။ ဒါက လူ့အခွင့်အရေးပဲ၊ သမ္မတကိုလည်း ဝေဖန်ပိုင်ခွင့်ရှိတယ်၊ ဘုန်းကြီးတွေကိုလည်း ဝေဖန်ပိုင်ခွင့် ရှိတယ်။ ရှုတ်ချသင့်ရင် ရှုတ်ချရမှာပဲ။ ဒါ ဒီမိုကရေစီ လူ့အဖွဲ့အစည်းပဲ ဆိုပြီး ၀င်ပြောတော့ ကန့်ကွက်တဲ့သူတွေ ပါးစပ်ပိတ်သွားတယ်” စု ယင်းက ဆိုသည်။

မျိုးစောင့်ဥပဒေ လေးခုမှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း၊ လိင်တူကွဲပြားမှု တန်းတူရေးကို ချိုးဖောက်ခြင်း၊ အမျိုးသမီးများ မိမိခန္ဓာကိုယ်ကို မိမိဘာသာ ထိန်းသိမ်းခွင့်ကို ချိုးဖောက်ခြင်း၊ ဘာသာရေးအရ တန်းတူမှုရှိရမည် ဟူသော အခြေခံဥပဒေပြဌာန်းချက်ကို ချိုးဖောက်ခြင်း စသည်တို့ ဖြစ်ပေးနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဤတင်ပြချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ၄င်း၏ ကော်မတီမှ တင်ပြမည့် အစီရင်ခံစာတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းပေးမည် ဖြစ်ကြောင်း၊ လွှတ်တော်သို့ မျိုးစောင့်ဥပဒေ မူကြမ်းများ တက်လာပါက ပယ်ချနိုင်အောင် လွှတ်တော်ဥက္ကဌများ နှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ယင်းဥပဒေများ ပြဌာန်းရေး လွှတ်တော်သို့ ရောက်ရှိလာချိန်က မိမိတို့အားလုံး တိုင်ပင်ညှိနှိုင်းပြီး အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း ဒေါ်သင်းသင်းအောင်က ပြောဆိုသည်။

၎င်းတို့အဖွဲ့သည် မျိုးစောင့်ဥပဒေ ကန့်ကွက်သည့် အဖွဲ့အစည်းပေါင်း ၁၆၆ ဖွဲ့၏ ကိုယ်စား စုစုပေါင်း ၁၀ ဦး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒီအစည်းအဝေးတက်တဲ့ မျိုးစောင့်ဥပဒေ ကန့်ကွက်တဲ့အဖွဲ့ထဲမှာ ဘင်္ဂလီ အမျိုးသား တစ်ယောက်ပါတယ်။ ဘင်္ဂလီအမျိုးသမီး သုံးယောက်ပါတယ်။ ဒါတွေကို ဓါတ်ပုံတွေမှာ ကျွန်တော်တို့ သိနိုင်တယ်။ မျိုးစောင့်ဥပဒေ ဆွေးနွေးပွဲမဟုတ်ဘဲ မျိုးစောင့်ဥပဒေ ရှုတ်ချပွဲ ဖြစ်နေတယ် ဆိုတာ သိရလို့ ဒေါသထွက်ရပါတယ်။ နောက်ပြီးတော့ သံဃာတွေ၊ သမ္မတနဲ့ အစိုးရကို ရှုတ်ချတယ် ဆိုတာမျိုးတွေ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ စည်းရုံးမှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တယ် ဆိုရင် သူတို့လုပ်နေတယ် အခြေခံ ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွေကြောင့် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်၊ အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ် ဆိုတာ မသိဘူးလား မေးချင်တယ်။ ဒီနိုင်ငံမှာ နေပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ရှုတ်ချတယ် ဆိုတာက တော်တော်ကြီးကို စော်ကားလွန်းပြီး ဒီအဖွဲ့ထဲမှာ အခြောက်တွေလည်း ပါတယ်။ အခြောက်တွေ ဟိုတယ်ကြီးတွေမှာ တက်ပြီး ခမ်းခမ်းနားနား လက်ထပ်တာတွေ၊ နှစ်ပတ်လည်တွေ လုပ်တာ လူ့အခွင့်အရေး ဆိုပြီး လက်ခံတယ် ဆိုရင် အခြောက်မဟုတ်တဲ့ ပြည်သူတွေ လုပ်တာကိုကျတော့ ဘာဖြစ်လို့ မကောင်း ပြောရသလဲ။ ကျွန်တော်တို့က သံဃာတော်တွေနဲ့ အစိုးရနဲ့ ပေါင်းပြီး မဖြစ်ဖြစ်အောင် လုပ်မယ်။ ဒါကို တားဆီးလာမယ့် အမျိုးသား သစ္စာဖောက်တွေကို အပြတ် ရှုတ်ချသွားမှာပဲ” ဟု အမျိုးသာရေးတက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

“မျိုးစောင့်ဥပဒေ ဆိုပြီး သိမ်းကြုံးပြီး ရှုတ်ချနေလို့ အလကားပဲ။ ဥပဒေမူကြမ်းတွေကို သေချာ လေ့လာပြီးမှာ ပြော။ ဘယ်မှာလဲ အမျိုးသမီး အခွင့်အရေး ပိတ်ပင်တာ။ သတင်းစာထဲမှာ ပါတဲ့ ဥပဒေကြမ်းက အမျိုးသမီး ဆိုပြီး ကန့်သတ်ထားတာ မပါဘူး။ အမျိုးသားတွေလည်း ပါတယ်။ ဘုန်းကြီးတို့ကို ရှုတ်ချတယ် ဆိုရင်လည်း ရှုတ်ချပါစေ။ ဒါကို မခံယူပါဘူး။ သူတို့ စိတ်နဲ့ သူတို့ အကုသိုလ် သွားမှာပါ။ သာသနာအတွက် လုပ်သင့်လုပ်ထိုက်တာကိုတော့ ဘုန်းကြီးတို့က ဆက်လုပ်သွားမယ်။ စိတ်မကောင်း ဖြစ်ရတာက အမျိုးသမီးအဖွဲ့ တွေ ကန့်ကွက်တယ် ဆိုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် လို လူလေးစားတဲ့ အမျိုးသမီးတစ်ဦး ပါလာတာကိုပါ။ ဒီဥပဒေပြဌာန်းရေး လုပ်ဆောင် ချက်တွေက သူ့ကို ရည်ရွယ်တာမဟုတ်ပါဘူး။ သူ့အပေါ်မှာလည်း မေတ္တာမပျက် ပါဘူး။ သမ္မတ ဖြစ်ချင်နေတဲ့ လောဘတွေကြောင့် ဒေါသတွေ၊ မောဟတွေ ဖြစ်ပေါ်နေတယ် ဆိုတာကိုလည်း နားလည်လို့ ရပါတယ်။ ဒါပေမယ့် သံဃိက ဂုဏ်ကိုတော့ မပြစ်မှားစေချင်ဘူး။ သူ့စိတ်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာကြောင့် အကုသိုလ် တွေ မွေးမြူသလို ဖြစ်သွားမှာကိုပဲ စိုးရိမ်ပါတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်ကြရသလို ပျက်ချိန်တန်ရင်လည်း ပျက်ကြရမှာပါ။ ဒါဟာ သင်္ခါရတရားပါပဲ။ ပြည်သူတွေက အစဉ်ထာဝရ ချစ်ခင် နှစ်သက်နေလိမ့်မယ် ဆိုပြီး တစ်ထစ်ချ တွက်လို့ မရပါဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတဲ့ အနိစ္စတရားကို ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရော ကန့်ကွက်နေကြတဲ့ အဖွဲ့တွေရော နှလုံးသွင်းစေချင်ပါတယ်” ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရေးအဖွဲ့ (ဗဟို)မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

မျိုးစောင့် ဥပဒေကို ကန့်ကွက်သူများအဖွဲ့ ခေါင်းဆောင်များကို ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ ညစ်ညမ်းသည့်စကားလုံးများဖြင့် ရေးသားခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့လာခြင်းများအတွက် ဒေါ်သင်းသင်းအောင် အပါအ၀င် ခေါင်းဆောင်များက သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်ချက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive