ထောက်ခံသူဦးရေ ၂၂ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ၂ဝဝ၈ ခုနှစ်၊ မေလ ၂၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းလိုက်သော ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)’ သည် ယခုအခါ ပြင်ဆင်ရေးလှိုင်းတံပိုးများ၏ ရိုက်ခတ်လှုပ်ခါစိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။ အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ဇယားပေါင်းငါးခုခန့်ဖြင့် ထည့်သွင်းရေးဆွဲထားပြီး အစိမ်းရောင်မျက်နှာဖုံးဖြင့် ခံ့ညားထည်ဝါနေသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခုအခါ ခြောက်နှစ် သားအရွယ်ပင် ရောက်ရှိလာခဲ့ပြီလည်း ဖြစ်သည်။ ယခုအခါခေတ်မီသူတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြောဆို၊ ဆွေးနွေး၊ ရေးသားတင်ပြကြနေသည့် အခါသမယဖြစ်သလို တည်ငြိမ်ရေးကို အလေးအနက်ထားလိုသူများ၊ အမြော်အမြင်ကြီးသူများ၊ အများနှင့်မတူ တစ်မူ ထူးလိုသူများကလည်း အားကျမခံ ပြင်ဆင်ရေးကိုကန့်ကွက်နေကြသည့် အခါသမယလည်း ဖြစ်နေပြန်သည်။ ထို့ပြင်ပြင်ဆင်ရေးကို ထောက်ခံသည်လည်းမဟုတ်၊ ကန့်ကွက်သည်လည်းမဟုတ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကလည်း ရှိနေပြန်သည်။
စပွန်ဆာနှင့် ညှိနှိုင်းပါ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထု၏မဲဆန္ဒဖြင့် အတည်ပြုသည်ဟူသော အယူအဆသည် အမှန်ဖြစ်ခဲ့လျှင် ယခုပြင်ဆင်ရေးလမ်းကြောင်းတွင် အခရာကျသည့်အရာသည် ပြည်သူလူထု၏ ပြင်ဆင် လိုသည့် စိတ်ဆန္ဒပြင်းပြမှုအပေါ်တွင် မူတည်သည်။ သို့သော် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စပွန်ဆာသည် တပ်မတော်ဖြစ်သည်ဟူသောအယူအဆကို အခြေပြုလျှင် ယခုပြင်ဆင်ရေးသည် တပ်မတော်၏ ရပ်တည်ချက်၊ တပ်မတော်၏ သဘောထားဆန္ဒဖြင့်သာ ပြင်ဆင်၊ ဖြုတ်ပယ်၊ ဖြည့်စွက်နိုင်မည် ဖြစ်ပါသည်။
ခပ်ရှင်းရှင်းနှင့် ခပ်ပြတ်ပြတ်ပြောရလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စပွန်ဆာသည် ပြည်သူ မဟုတ်၊ တပ်မတော်ဖြစ်ခဲ့သည်။ ထို့ကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေး၊ လက်ရှိတည်မြဲအနေအထားအတိုင်း ထားရှိရေးတို့သည် စပွန်ဆာပေါ်တွင် ရာနှုန်းပြည့်နီးပါး မူတည်ပါလိမ့်မည်။ သို့သော် ၂ဝဝ၈ ခုနှစ်ဖြစ်တည်ရှိခဲ့သော နောက်ခံအခြေအနေနှင့် လက်ရှိ ၂ဝ၁၄ ခုနှစ်တွင် ဖြစ်တည်စီးဆင်း နေသော နောက်ခံကားချပ်တို့သည် လုံးဝဥဿုံ မတူညီနိုင်တော့ပါ။ ထို့နည်းတူ ၂ဝဝ၈ ခုနှစ်ကာလက လူထု၏ အခြေအနေနှင့် ၂ဝ၁၄ ခုနှစ်ကာလတွင် ရောက်ရှိနေသော လူထု၏ အခြေအနေသည်လည်း တစ်ထပ်တည်း မကျနိုင်တော့ပါ။ အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး လူထုနှင့် နောက်ခံကားချပ်တို့သည် ပြောင်းလဲ တိုးတက်နေသည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်ဟု ထင်ပါသည်။
အလွှာ သုံးလွှာ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလွှာများဖြင့် ရှုမြင်ကြည့်လျှင်အနှစ်သာရ၊ ပုံသဏ္ဌာန်၊ ပါဝါ ဟူ၍ သုံးလွှာခန့်ရှိကြောင်း တွေ့နိုင်သည်။ အနှစ်သာရပိုင်းအားဖြင့် ပြောရလျှင်(၁) ပြည်ထောင်စု မပြိုကွဲရေး၊ (၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (၃) အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး၊ (၄) စစ်မှန်၍ စည်း ကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ (၅) နိုင်ငံတော်၌တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်(၆) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် ဟူသော အချက် (၆) ချက်ပင်ဖြစ်သည်။ အနှစ်သာရပိုင်းတွင် ပုဒ်မ ၆ (စ)သည် အလွန်ထူးခြားသည့် အနှစ် သာရ ဖြစ်နေသည်။
ပုံသဏ္ဌာန် သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံအရပြောရလျှင် သိသာထင်ရှားသော အခြင်းအရာများ က လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးကော်မရှင်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့ဖြစ်သည်။
ပါဝါပိုင်းတွင် ဇယားငါးခုသည်အထူးပေါ်လွင်သော ဥပမာ၊ ဥပမေယျဖြစ်သလို ပုဒ်မ ၂၃၂ (ခ) ၂၊ ၃၊ အရ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနသုံးခုစလုံးတို့သည်လည်းကောင်း၊ တပ်မတော်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်း၏ လူနည်းစု ဗီတိုအာဏာတို့သည်လည်းကောင်း ထင်ရှားသော ပါဝါဥပမာများဖြစ်သည်။
ပညာရှင်တစ်ဦးက အနှစ်သာရပိုင်းကို ပြင်ဆင်လိုက်ပါက အသွင်သဏ္ဌာန် သို့မဟုတ် ဖွဲ့စည်းတည် ဆောက်ပုံနှင့် ပါဝါအခန်းကဏ္ဍတို့ပါလိုက်ပါ ပြောင်းလဲသွားနိုင်သည်ဟုသုံးသပ်သည်။
သုံးနားညီမှ ပြင်နိုင်မည်
အခြေခံဥပဒေ ပြင်ဆင်ရေးသည်ဆန္ဒ၊ ရည်ရွယ်ချက်၊ လိုလားချက်ဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်နိုင်ရေး သည် ပါဝါသဘော၊ ဗျူဟာသဘောဖြစ်သည်။ ပြောရလျှင် အခြေခံဥပဒေပြင်ဆင်ရေးကို ဒီချုပ် စတင်လမ်း ဖောက်သည်။ အာဏာရပါတီကလွှတ်တော်တွင် ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဆိုတင်သွင်းကာ ခြေတစ်လှမ်း လှမ်းသည်။ ယခု အာဏာရပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သူ့ချည်းသက်သက် ဦးဆောင် လျှင်လည်း အလုပ်ဖြစ်မည့်သဘောကို မမြင်၊ အတိုက်အခံပါတီဖြစ်သည့် ဒီချုပ်က တပ်ဦးမှဦးဆောင်လျှင် မဖြစ်ရေးချ မဖြစ်ပြန်။ အာဏာရပါတီနှင့် ဒီချုပ်တို့ ရွှေလမ်းငွေလမ်း ချစ်ကြည်ရေးလမ်းဖောက်ပြီး တူနှစ်ကိုယ်ယှဉ်တွဲကာ ပြင်ဆင်ရေးခရီးကို အတူလျှောက်ကြလျှင်အခြေခံဥပဒေ၏ စပွန်ဆာ တပ်မတော်ကို ဘေးဖယ်ထားရာရောက်သွားနိုင်သည်။ ပြင်ဆင်ရေးတွင်တပ်မတော်က ဦးဆောင်ပြီး ပြင်ဆင်ဖို့ဆိုသည်မှာ လည်း စိတ်ကူးထဲတွင်ယောင်လို့ပင် မဖြစ်နိုင်သော စီမံကိန်းဖြစ်သည်။ အကယ်၍ ဒီချုပ်၊ ပြည်ခိုင်ဖြိုး၊ တပ်မတော်တို့ သုံးနားညီခဲ့လျှင်အခြေခံဥပဒေပြင်ဆင်ရေးတည်းဟူသော တြိဂံသည် အထမြောက် အသက်ဝင် လာနိုင်ပါလိမ့်မည်ဟူသောယူဆချက်လည်းရှိနေပါသည်။ ဆရာတစ်ဦးကမူ အားလုံးညီမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်နိုင်မည်ဟု ရိုးရှင်းစွာ မိန့်ဆိုသည်။
ပုဒ်မ ၄၃၆ လှုပ်ရှားမှု
ယခုအခါ ဒီချုပ်က ဦးဆောင်ပြီးပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် နိုင်ငံအနှံ့ကျင်းပဆောင်ရွက်နေကြသည်။ ဤကြားထဲ မြန်မာ-ဘင်္ဂလား အရေးကလည်း တစ်စခန်းထလာသေး သည်။ တော်တော်များများက အာရုံလွှဲသည်ဟု ယူဆကြသည်။ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်၊ ပွင့်လင်း မြင်သာမှု ချို့တဲ့ အားနည်းခဲ့သော၊ သံသယအမြင်များခဲ့သော လူ့အဖွဲ့အစည်းတွင် ထိုသို့ကောက်ချက်ချမှု ပေါ်ပြူလာဖြစ်သည်မှာ မဆန်းလှပေ။ ထားတော့။ ယခု ဒီချုပ်ကဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်နေသော လက်မှတ်ရေးထိုးမှုသည် ဒီချုပ်ကို ထောက်ခံနေခြင်း မဟုတ်ဘဲအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံနေ ခြင်းဖြစ်သည်ကို ပြတ်ပြတ်သားသား ကြည့်မြင်တတ်ဖို့လည်း လိုအပ်ပါလိမ့်မည်။ ထို့ပြင်ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးသူ ဦးရေသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးသူဦးရေ ၂၂ သန်းခန့်အထက် ရရှိစုဆောင်းရန်တော့ အောက်ထစ်အကျဆုံး လိုအပ်လိမ့်မည်ဟု ထင်ပါသည်။
နိဂုံး
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ခြောက်နှစ်သားအရွယ်ပင်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရှေး ယခင်က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစနစ်ကို ပီပြင်စွာ မကျင့်သုံးနိုင်ခဲ့၍ ပျက်သုဉ်းခဲ့ရ သည်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ၁၉၈၈ လူထုအရေးတော်ပုံကြောင့် အသက်ကင်းမဲ့သွား ခဲ့သည်။ ထိုအခြေခံဥပဒေနှစ်ရပ်စလုံးသည် ဆယ်နှစ်ကျော်လျှင်ပျက်သုဉ်းသွားသည့် သမိုင်း သင်ခန်းစာက လည်း ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးသားထုတ်ဝေ၊ အတည်ပြုပြ ဋ္ဌာန်းစေခဲ့သည့် စပွန်ဆာတဖြစ်လဲ တပ်မတော်နှင့် ညှိညှိနှိုင်းနှိုင်းဆောင်ရွက်လျှင် အကျိုးအမြတ်ရှိနိုင်ပါလိမ့် မည်။ ပြင်ဆင်ရေးအော်ပရေးရှင်းနှင့် ပတ်သက်ပြီး လတ်တလောတွေ့ရှိချက်များအရ
(၁) ဒီချုပ်၊ ပြည်ခိုင်ဖြိုး၊ တပ်မတော်တို့ သုံးနားညီမှ ပြင်နိုင်မည်။
(၂) ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် မှေးမှိန်အားပျော့၍မဖြစ်ပြန်၊ အားကောင်းမောင်းသန် အသွင်ဆောင်၍လည်း မရပြန် neither weak nor strong ဟူသောအခြေအနေသို့ ရောက်အောင် ဖန်တီး ထိန်းသိမ်းနိုင်ရမည်။
(၃) အခြေခံဥပဒေ၏ အနှစ်သာရ (essence)၊ အသွင်သဏ္ဌာန် (Structure)၊ ပါဝါအာဏာ (Power) သုံးမျိုးကို ခွဲခြား ကြည့်မြင်ကာ ပြင်ဆင်ရေးလမ်းခရီးကို ဂရုတစိုက်လျှောက်ပါ။
(၄) အခြေခံဥပဒေ ပြင်ဆင်ရေးတွင် common ground ရှာနိုင်ဖို့၊ ရှိပြီးသား common ground ကို မပျောက်မပျက်အောင် ထိန်းသိမ်းနိုင်ဖို့လည်း အရေးကြီးပါသည်။
ကိုဇန်

http://www.oppositeyes.info
0 comments