၂၈-၅-၂၀၁၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၉း၀၅) နာရီခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်နိမိတ်မိုင်တိုင်အမှတ် (၅၁) နှင့် (၅၂) အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက်သို့ ပေ(၈၀) ခန့်အကွာသို့ အဝါရောင်ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသည့် ဘင်္ဂါလီ (၂) ဦး ချဉ်းကပ်လာသဖြင့် မိမိလုံခြုံရေးတပ်ဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။ ဘင်္ဂါလီ (၁) ဦး သေဆုံးပြီး အလောင်းနှင့်အတူ အမ်-၂၂ မောင်းပြန်ရိုင်ဖယ် (၁) လက် ကျည်အိမ် (၄) ခုနှင့်ယင်းကျည် (၉၈) တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ ကျန် (၁) ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးဝင်ရောက် သွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ယင်း၏ နယ်းခြားစောင့်တပ်ဖွဲ့ကင်းလှည့်နေစဉ် မြန်မာဘက်မှ စတင်ပစ်ခတ်ကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့မှ တပ်ကြပ် မိုဟာမက် မီဇာနူရာမန်အား မြန်မာဘက်မှ ဖမ်းဆီးသွားကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံတမန်စာ ပေးပို့ခဲ့ပါသည်။ ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း ဘင်္ဂလားဒေ့ရှ်ုနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ၂၈-၅-၂၀၁၄ ရက်နေ့ နေ့လည်ပိုင်းတွင်ဆင့်ခေါ်၍ သံတမန်စာ ပေးအပ်ခဲ့ပါသည်။

၃၀-၅-၂၀၁၄ ရက်နေ့ မြန်မာစံတော်ချိန် (၁၆း၀၀) နာရီခန့်တွင် နယ်နိမိတ်မှတ်တိုင် အမှတ် (၅၀) အနီး၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှု မိနစ် (၂၀) ခန့်ဖြစ်ပွား ခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်မှ ၎င်းတို့တပ်ဖွဲ့သည် ၂၈-၅-၂၀၁၄ ရက်နေ့က မြန်မာဘက်မှ အသေဖမ်းဆီးရမိသည့် ဘင်္ဂါလီအလောင်းအား ပြန်လည်လက်ခံရယူရန် နယ်နိမိတ်မှတ်တိုင်အမှတ် (၅၀) တွင် စောင့်ဆိုင်းနေစဉ် မြန်မာ တပ်ဖွဲ့ဘက်မှ စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ ၂၈-၅-၂၀၁၄ ရက်နေ့ ပစ်ခတ်မှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လက်နက်ကိုင်ဆောင်ထားသော မသင်္ကာဘွယ်ရာ ဘင်္ဂါလီ (၂) ဦး မြန်မာပိုင်နက်အတွင်းသို့ ပေ (၈၀) ခန့်ကျူးကျော်ဝင်ရောက်လာသဖြင့် မြန်မာတပ်ဖွဲ့မှ လုံခြံရေးအရ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့အား ပစ်ခတ်ခဲ့ခြင်း မရှိသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့မှ ယူနီဖောင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့၏ ယူနီဖောင်းမဟုတ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၃၀-၅-၂၀၁၄ ရက်နေ့ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၈-၅-၂၀၁၄ ရက်နေ့က အသေဖမ်းဆီးရမိခဲ့သည့် အလောင်းကို အခင်းဖြစ်ပွားခဲ့သည့် နယ်နိမိတ်မှတ်တိုင် အမှတ် (၅၂) အနီးတွင်သာ လာရောက်ယူဆောင်ရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့အား အကြောင်းကြားခဲ့ခြင်းဖြစ်ပါသည်။ အလောင်းသယ်ယူရန် နယ်နိမိတ်မှတ်တိုင်အမှတ် (၅၀) အနီး၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ စောင့်ဆိုင်းနေသည်ဆိုခြင်းမှာ ဆီလျော်မှုမရှိသည့်အပြင် မြန်မာဘက်မှ စတင်ပစ်ခတ်သည်ဆိုခြင်းမှာလည်း မှန်ကန်မှုမရှိပါ။
ယင်းသံတမန်စာများတွင် ဖော်ပြထားသည့်အချက်များသည် နှစ်နိုင်ငံနယ်စပ်၌ ဖြစ်ပွားခဲ့သည့် အခြေအနေများ နှင့် လုံးဝကွဲလွဲနေပါသည်။

သို့ဖြစ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လေ့ကျင့်ရေး၊ သုတေသနနှင့် ဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မော်မော်မှ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး အငြိမ်းစားဗိုလ်မှူးချုပ် အနုကူးမားချက်ခ်မာ အား ၃၁-၅-၂၀၁၄ ရက်နေ့ (၁၀း၃၀) နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဘင်္ဂလားဒေ့ရှ်မှ ပြောကြားချက်များ မမှန်ကန်ကြောင်း ငြင်းဆိုဖော်ပြထားသည့် သတိထောက်လွှာကို ပေးအပ်ခဲ့ပါသည်။ ယင်းသို့ပေးအပ်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျနှင့် ဘင်္ဂလားဒေ့ရှ်သံရုံးမှ ဒုတိယအအကြီးအကဲတို့လည်း ရှိနေခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိပါးလျှင် လုံးဝလက်ခံမည် မဟုတ်ဘဲ၊ မြန်မာအစိုးရအနေဖြင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးတို့ကို အခြေခံလျက် သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာ နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive