ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား များ၏ ဘေးအန္တရာယ် ကင်းရှင်းမှုသည် အလုပ်ရှင် များ၏ လုပ်ငန်းခွင် ဆိုင်ရာ ဥပဒေ များကို တိကျစွာ လိုက်နာမှု အပေါ်တွင် မူတည် သကဲ့သို့ အလုပ်သမား များကလည်း လုပ်ငန်းခွင် အတွင်း ပေါ့လျော့မှု မရှိဘဲ၊ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အခွင့်အရေး တို့ကို အလုပ်ရှင် ထံသို့ တောင်းဆိုရန် လိုအပ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူ များနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ဥပဒေ ပညာရှင် များက ပြောသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် ပေါ့လျော့မှု ကြောင့်ဖြစ်သည့် သေဆုံးမှုသည် တစ်နိုင်ငံလုံး ဖြစ်ပွားသည့် မှုခင်းများ အနက် (၂၅) ရာခိုင်နှုန်း ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ မှုခင်းစာရင်း အရ သိသည်။

            ထိုသို့ ဖြစ်ပွားရခြင်းသည် လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သက်၍ တိကျသည့် ဥပဒေ၊ ထိရောက် သည့် အရေးယူမှု မရှိခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် ကန်ထရိုက် လုပ်ငန်း ဆိုင်ရာ စည်းကမ်းချက်ကို လိုက်နာမှုမရှိခြင်း၊ အသက်ကယ်ခြင်း ဆိုင်ရာ အထောက်အကူ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

            ““လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းမှုနဲ့ ပတ်သက်ပြီး၊ ဥပဒေ ရေးဆွဲနေတယ်။ နိုင်ငံတကာမှာ ဆောင်ရွက်သလို ဥပဒေကို တင်းကျပ်မယ်။ အလုပ်သမားတွေရဲ့ဘေးအန္တရာယ် ကင်းရှင်းမှ ၊ ကျန်းမာရေး ကောင်းမှ လုပ်ငန်းခွင်မှာ ကောင်းကောင်း လုပ်နိုင်မယ်။ အဲဒီအခါ ကုန်ထုတ်လုပ်မှု ကောင်းပြီး၊ အလုပ်ရှင်ရော အလုပ်သမားရော အကျိုးရှိမယ်။ ခင်ဗျားတို့ ကပ်စီးနည်းရင်တော့ ခင်ဗျားတို့ပဲ နစ်နာမယ်”” ဟု ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုတွင် ပြောသည်။

            ၁၉၅၇ အလုပ်ရုံများ အက်ဥပဒေတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဥပဒေ ပါဝင်သော်လည်းလိုက်နာမှု အားနည်းခြင်းကြောင့် သီးသန့် ဥပဒေပြဌာန်း၍ အရေးယူမှုကို တင်းကျပ်စွာ ဆောင်ရွက်ရန် လိုအပ် နေသည်။

            လက်ရှိ ရေးဆွဲနေသည့် ဥပဒေတွင် အလုပ်သမားများ၏ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းမှုဆိုင်ရာ အချက်များကို အဓိက ဖော်ပြထားပြီး၊ အလုပ်ရှင်များအား အရေးယူ မှု၊ အလုပ်သမားများကို လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းပေးမှု၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အကူပစ္စည်း ထားရှိမှု အစရှိသည်တို့ ပါဝင်ကြောင်း အဆိုပါ ဥပဒေ မူကြမ်းကို ပါဝင်ရေးဆွဲသူ တရားလွှတ်တော် ရှေ့နေ ဦးဋ္ဌေးက The Messenger သတင်းစာသို့ ပြောသည်။

            ဧပြီလ အတွင်းက အလုံမြို့နယ်၌ ဆောက်လက်စတိုက် ပြိုကျမှုကြောင့် အလုပ်သမားနှစ်ဦး သေဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် မေလ (၂၇) ရက်နေ့တွင် လှိုင်မြို့နယ်ရှိ ရေခဲစက်တွင် အမိုးနီးယား ဓာတ်ငွေ့ အိုးယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ခြင်းကြောင့် တစ်ဦးမှာ စိုးရိမ်ရ အနေအထားဖြင့် ဆေးရုံသို့ တင်ပို့ကုသရပြီး လေးဦးမှာ မစိုးရိမ်ရ အခြေအနေတွင် ရှိခဲ့သည်။

            ထပ်မံ၍ မေလ (၂၉) ရက်နေ့တွင် ဟုမ္မလင်း မြို့နယ်၌ ရွှေမျောတိုက်ရာမှာ မြေပြိုကျသဖြင့် လုပ်သားသုံးဦး သေဆုံး သွားခဲ့သည်။

            အလုပ်သမားတစ်ဦး လုပ်ငန်းခွင် အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက မိသားစုဝင်များ စားဝတ်နေရေး ထိခိုက် နစ်နာမှုများ ရှိနိုင်သော်လည်း အလုပ်ရှင်မှ ပေးသည့် လျော်ကြေးဖြင့် အမှုများကို အလွယ်တကူ ကျေအေးကာ ဖျောက်ဖျက်မှုများ ပြုလုပ်ခြင်းသည် ဥပဒေ စိုးမိုးမှုကို ထိခိုက်စေသည်။

            ““အလုပ်လုပ်လာတာ (၁၀) နှစ်နီးပါး ရှိပြီ။ တစ်ခါမှ ၀တ်စုံနဲ့ လုပ်တာဆိုတာ မကြုံဖူးဘူး။ ၀တ်စုံတွေ ၀တ်ရတာလည်း မလွတ်လပ်ဘူးလို့ ထင်တယ်။ တစ်ခါ သစ်ခွဲတာ စက်ထဲကို လက်ညှပ်မိတာ လျော်ကြေးတော့ ပေးပါတယ်။ အနာမကျက်လို့ အလုပ်နားတာနဲ့ ဆေးဖိုးနဲ့ တော်တော ခံလိုက်ရတယ်”” ဟု ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လက်သမား အလုပ်ကို (၁၀) နှစ်တာလုပ်ကိုင်ခဲ့သူ ဒဂုံ ဆိပ်ကမ်းမြို့နယ်နေ ဦးဇော်ဇော်က ပြောသည်။

            အချို့သော ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ကိုယ်ပိုင်ဝန်ထမ်း ခန့်အပ်ခြင်း မရှိဘဲ ကန်ထရိုက် ငှားရမ်း တည်ဆောက် ခြင်းကြောင့် အလုပ်သမားများ တစ်စုံတစ်ရာ ဖြစ်ပွားပါက အလုပ်ရှင်များတွင် တာဝန်မရှိဘဲ ကရုဏာ လျော်ကြေးဖြင့်သာ ဖြေသိမ့်မှုများ ရှိနေကြောင်း ဆောက်လုပ်ရေး ကန်ထရိုက်တာ ဦးရဲနိုင်ဝင်းက ပြောသည်။

            ထို့ပြင် ဆောက်လုပ်ရေး ကန်ထရိုက် ပေးရာတွင် တင်ဒါစနစ်ဖြင့် ဈေးနှုန်း အနည်း အများပေါ် မူတည်ခြင်းကြောင့် ကန်ထရိုက် တာဝန်ယူသူ များသည် ငွေကြေး ကုန်ကျမည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကာကွယ်ခြင်းများကို လုပ်ဆောင်ခြင်း မရှိတော့ဘဲ အလုပ်သမား များမှလည်း ငွေကြေး ရလိုမှု ဖြင့် အန္တရာယ် ကင်းရှင်းမှုကို အလေးမထားဘဲ ရရာအလုပ်ကို ၀င်ရောက် လုပ်ကိုင်လျက် ရှိကြသည်။

            ထို့ပြင် အလုပ်သမား များအား  ကြိုတင် ကာကွယ်ရန် ပညာပေးမှု မရှိခြင်းကြောင့် အလုပ်ရှင် များသို့ တောင်းဆိုရန် နားလည်မှု မရှိသကဲ့သို့ နေ့စား အခြေခံ လူတန်းစားဖြစ် ခြင်းကြောင့် အလုပ်ရှင် တို့အား တွန်းလှန်နိုင် မှုမရှိကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောသည်။

            ““ဆောက်လုပ်ရေး လုပ်ငန်းခွင် ၀င်ရင် ဓာတ်မလိုက်အောင်၊ အပေါ်တက်ရင် ခေါင်းဆောင်းတွေ၊ ကြိုးတွေ၊ မြက်တွေ ရှင်းရင် မြွေ အန္တရာယ်ကင်းအောင်၊ ၀တ်စုံတွေ အပြည့်အ၀ ထုတ်ပေးထားတယ်။ ဒါပေမဲ့ ဘာလုပ်လဲ ဆိုတော့ အကုန် ရောင်းစားပစ်တယ်။ အလုပ်သမား မှာလည်း လုပ်ငန်းခွင် အန္တရာယ်နဲ့ ပတ်သက်ပြီး အသိရှိသင့်တယ်။ အလုပ်သမား ခေါင်းတွေက အပေါ် မတက်ရဘူးတို့ ပြောတယ်၊ တက်တယ်၊ ပြီးရင် ပြုတ်ကျတယ်။ နောက်ဆုံး အလုပ်ရှင်မှာ တာဝန်ကျလာတယ်”” ဟု တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

            အလုပ်သမားများ လုပ်ငန်းခွင် အတွင်း အန္တရာယ် ကင်းရှင်းမှု သင်တန်းများကို စနစ်တကျ သင်ကြားပေးရန် လိုအပ်ပြီး၊ အချို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် များသည်လည်း အန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သက်၍ ၎င်းတို့ ကိုယ်တိုင် မသိခြင်းကြောင့် လမ်းညွှန်မှု မပြုလုပ်နိုင်ကြောင်း ၄င်းက ပြောသည်။

            အလုပ်ရှင်များ အနေဖြင့် လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ် ကင်းရှင်းမှုကို အရေးစိုက်မှု မရှိသလို၊ အလုပ်သမားများ အနေဖြင့်လည်း ပေါ့ဆမှုများကြောင့် အမှန်တကယ် ဖြစ်ပွားပါက အလုပ်ရှင် အလုပ်သမား နှစ်ဖက် စလုံးကို ထိခိုက်နစ်နာ စေမည်ဖြစ်သည်။

            အလုပ်သမားများ အနေဖြင့် လုပ်ငန်းရှင်မှ လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သက်၍ ပြည့်စုံသည့် အနေအထားကို ထားရှိမှု မရှိပါက အလုပ်ရုံ စစ်ဆေးရေးဌာနသို့  တိုင်ကြားနိုင်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

            ရန်ကုန် စက်မှုဇုန်ရှိ အချို့သော စက်ရုံ အလုပ်ရုံများတွင်လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှု၊ ကျန်းမာရေး စောင့်ရှောက်မှုများ နှင့် ပတ်သက်၍ စက်ရုံ လေ၀င်လေထွက် မရှိ ခြင်းများ၊ မီးဘေး အန္တရာယ်နှင့် ပတ်သက်၍ မီးသတ်ဆေးဘူးများ အလုံအလောက် မရှိခြင်းများ၊ အရေးပေါ် ထွက်ပေါက်တွင် စက်ရုံသုံး ပစ္စည်းပိတ်ဆို့ နေမှုများ၊ အရေးပေါ် ထွက်ပေါက် နည်းပါးမှုများ အစရှိသဖြင့် အားနည်းမှု များရှိကြောင်း ၂၀၁၂-၂၀၁၃ ရန်ကုန်စက်မှုဇုန် အတွင်းရှိ အလုပ်သမားများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

            မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာ နှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု (၇  ဒသမ ၅) ရာခိုင်နှုန်း ရှိရာမှ (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ် တွင် စီးပွားရေး ဖွံ့ဖြိုးမှုသည် ၇ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်လာမည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) မှ ခန့်မှန်းထားသည်။

            သို့သော် အလုပ်သမားများ၏ ဘေး အန္တရာယ် ကင်းရှင်းမှု မရှိခြင်းကြောင့် ထိခိုက် ဒဏ်ရာ ရမှုများသည်  နိုင်ငံ၏ GDP တိုးတက်မှု နှုန်းကို (၄) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိ လျော့ကျစေမည် ဖြစ်ကြောင်း ILO (အပြည် ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်) က ခန့်မှန်းထားသည်။

            မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်း အလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး ဒေသအဆင့် ဆောင်ရွက်မှုကို ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အာဆီယံ နိုင်ငံများ ပူးပေါင်း၍ MOU လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

            အာဆီယံ အလှည့်ကျ ဥက္ကဌ အနေဖြင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းနှင့် ကျန်းမာရေး ကွန်ရက် ညှိနှိုင်း အစည်းအဝေးကို ၂၀၀၆ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။

            သို့သော် လက်ရှိအချိန်ထိ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် ပတ်သက်၍ အလုပ်ရှင်များမှ လိုက်နာမှု အားနည်းသလို၊ အလုပ်သမားများ အနေဖြင့်လည်း သိရှိမှု အားနည်း နေသေးသည်။

            လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကို ၂၀၁၄ ခုနှစ် အတွင်း အပြီးသတ် ပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှ တောင်သူ၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီမှ အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောသည်။

            အဆိုပါ ဥပဒေသည် ၁၉၅၇ ခုနှစ် အလုပ်ရုံ အက်ဥပဒေကဲ့သို့ မဟုတ်ဘဲ အမှန်တကယ် အသက်ဝင်မည်လား ဆိုသည်ကိုတော့ စောင့်ကြည့်ရမည့် အနေအထားတွင် ရှိသည်။

Messenger News Journal

Posted by Unknown on Tuesday, June 3, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive