မဟာသန္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်လိုက်ပြီ ဟူသည့် သတင်းကြောင့် လူအများ အုန်းအုန်းကျွက်ကျွက် ဖြစ် ကုန်သည်။

အဓိက ပူဆွေးရသူတို့မှာတော့ မင်္ဂလာဆောင်တော့မည့် စုံတွဲများ ဖြစ်သည်။ဒီကျောင်းတိုက်မှာ မင်္ဂလာဆောင် ဖို့ ရက်ချိန်း ယူထားကြပြီးပြီ။ ဖိတ်စာတွေလည်း ရိုက်ပြီး ကုန်ကြပြီ။ ဒီနေ့မှာ သူတို့မောင်နှံတွေ အာဝါဟ ဝိဝါဟ မူကြိုအဆင့် ပြုကြမည်ဟု အသိမိတ်ဆွေတိုင်းကို အသိပေးပြီးပြီ။ ဒီဖြစ်ရပ်ကြီး ဖြစ်လာတော့ စုံတွဲတွေ ဘာလုပ်ရမှန်းမသိ။ ရုက္ခစိုးကိုလည်း တိုင်တည်လို့မရ။ အစိုးရက လုပ်တာဆိုလျှင် အစိုးရကို ဖွဘုတ်ပေါ် တက်ဆဲလို့ မြိန်သေးသည်။ ခုတော့ မဟန (မြန်မာနိုင် ငံတော် သံဃမဟာနာယက) အဖွဲ့ကြီးက လုပ်တာဆိုတော့ ဘယ်သူ့မှ ပတ်ဆဲလို့မရ။ မင်္ဂလာမယူရဘဲ အမင်္ဂလာဖြစ်ပြီး ငရဲဇောက်ထိုး ကျနိုင်သည်။

ထို့ကြောင့် မင်္ဂလာဆောင်တော့မည့် စုံတွဲတွေ အပူလုံးကြွကုန်၏။ “လုပ်ရက်လေခြင်း ဘုန်းဘုန်းတို့ဘုရား” ဟုသာ ရင်ဘတ်စည်တီး ငိုကြွေးကုန်တော့သည်။ ဟုတ်သည်။ တကယ်တော့ ဒီကိစ္စကို ကိုင်တွယ်တော့ မည် ဆိုပါက စုံတွဲများကို ထည့်သွင်း စဉ်းစားသင့်သည်။ ခုတော့ တိုင်ပတ်ချေပြီ။ ဘယ်နားသွား၍ မဏ္ဍပ်ထိုး ကာ အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်မယ် သီချင်းသွားဆိုရမှန်း မသိ။

မဟာပုရိသ ဝါဒီကြီးများက ဒီကိစ္စကို အဖြေရှာကြသည်။ မဟာအကြံ ကြီးမားကုန်တော်မူသည့် ယောက်ျား ဝါဒီကြီးများ ထုတ်လိုက်သည့် အဖြေကတော့ …
“ဒါဟာ လူဦးရေ ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားတာပဲ” ဟူ၍ ဖြစ်သည်။

ဟုတ်နိုင်သည်။ မဟာသန္တိသုခကျောင်းတိုက် ဆိုတာက မင်္ဂလာဆောင်မည့် စုံတွဲများအတွက် နေရာကောင်းကြီး တစ်ခုဖြစ်သည်။ တစ်ရက်လျှင် စုံတွဲအနည်းဆုံး နှစ်တွဲခန့်က မင်္ဂလာပွဲ ကျင်းပလေ့ ရှိကြသည်။ တစ်နာရီကို ဘယ်ဈေး ဘယ်မျှ သတ်မှတ်ကာ ငွေပေးချေပြီး သုံးလ လေးလ အလိုခန့်ကပင် ကြိုတင်ဘွတ်ကင် ယူထားရသည့် နေရာကြီး ဖြစ်သည်။ ထိုကျောင်းတိုက်တွင် မင်္ဂလာပွဲက မပြတ်။

အုတ်ခဲလည်း တွေးကြည့်သည်။
လူ့လောကထဲသို့ ရင်သွေးငယ်များ မွေးဖွားရောက်ရှိလာမှုသည် မင်္ဂလာဆောင် တစ်ခုမှဟု တွက်ကြည့်သော် မဟာသန္တိသုခ ကျောင်းတိုက်သည် ကလေးငယ်တစ်ဦးအတွက် လူ့ဘဝထဲ ဝင်လာစေရမည့် လက်မှတ် ရောင်းချရာ နေရာပင် ဖြစ်သည်။ ရခဲလှသည့် လူ့ဘဝတစ်ခုကို ဒီနေရာမှ စတင်နိုင်သည်။

ခုတော့ ဒီကျောင်းတိုက်ကို ပိတ်ပြီ။ ညဥ့်နက်နက် အချိန်ကြီး ရဲကိုကို တို့က ကား ၁၀ စီးခန့်ဖြင့် ရောက်လာသည်။ မဟန ဆရာတော်ကြီးများ ရောက်လာသည်။ စွမ်းအားရှင်ဆိုသူများ ရောက်လာသည်။ သာသနာရေးကို ဝင်ရောက်ဦးစီးသူ လူဝတ်ကြောင်များ ရောက်လာသည်။ အဲဒီမှာ စတွေ့တာပဲ ဖြစ်သည်။ ဆရာတော်ကြီးများက တိုင်တစ်ချောင်း ပါသည့် ဖုန်းကို ကိုင်ကာ အချင်းချင်း ဆက်သွယ်ကြသည်။

ထိုဓာတ်ပုံများကို ဖွဘုတ်ပေါ် ဖြန့်ကြတော့ ဆရာတော်ကြီးများက ရဲများသုံးသည့် ဝေါ်ကီတော်ကီ ကိုင်သည်ဟု ပျံ့ကုန်သည်။ ဒါက နားလည်ပေးနိုင်သည်။ ဝေါ်ကီတော်ကီ ဆိုတာက လမ်းလျှောက် စကားပြောစက် ဖြစ်သောကြောင့် ရိုးရိုးလက်ကိုင်ဖုန်းကိုလည်း ဝေါ်ကီတော်ကီဟု ခေါ်၍ ရနိုင်သည်။ ထားတော့။

ညဥ့်နက်သန်းခေါင် နေမပူ မိုးမရွာပါဘဲ သံဃာတော်များက ထီးဆောင်းနေကြသည်။ ဒါကလည်း ဖြေတွေးပေး၍ ရသည်။ မီဒီယာတွေ ရောက်နေတာမို့ ကင်မရာရိုက်လျှင် အလင်းရောင် ဖလက်ခနဲ ဖလက်ခနဲ ထွက်ခြင်းကို ကာကွယ်ရန် ဖြစ်နိုင်သည်။ ခဏခဏ ဖလက်ပြနေလျှင် သံဃာတော်များ မျက်စိပျက်နိုင်သည်။ မျက်စိပျက်ပါက မျက်မှန်ကိုယ်တော်များ ဖြစ်သွားမည်။ ရဲကိုကိုတို့ကတော့ ဒါက သူတို့ကို လာမမေးနှင့်ဟု အော်လွှတ်သည်။ သာသနာရေးဦးစီးက လုပ်တာဖြစ်ပြီး သူတို့က တာဝန်အရ ရောက်လာရခြင်းဟု ခပ်တည်တည် ပြောသည်။ သတင်းထောက်များ ညဥ့်နက်နက်ထဲ ဒူးတုန်ရသည်။

နောက်တော့ လမ်းလျှောက် စကားပြော၍ ရသည့် လက်ကိုင်ဖုန်းများ၊ ထီးများဆောင်းလျက် ရောက်လာကြသည့် သံဃာတော်တို့က ကျောင်းအတွင်း နေထိုင်ကြသော သံဃာတော်များကို ခေါ်ဆောင်ကာ အဝေးပြေး ယာဉ်လိုင်းများပေါ် တက်စေ၏။ ခေါ်ဆောင်ခံရသည့် သံဃာတော်တို့လည်း ကားလက်မှတ်မပါဘဲ ကားပေါ် တက်စီးကြကုန်၏။ ထို့နောက် ကားများ ထွက်သွားသော် မဟာသန္တိသုခ ကျောင်းတိုက်ကြီးကို သော့ခတ်လိုက်ကြကုန်သည်။ ရုပ်ရှင်မင်းသမီးကြီး တစ်ဦးက ဒီကျောင်းကို သူတို့ ဆောက်လုပ်ခဲ့တာပါဟု အော်ကာ ရင်ဘတ်စည်တီး ငိုကြွေးလေ၏။

ဖြစ်စဉ်ကြီးက ဝမ်းနည်းပူဆွေးဖွယ်ရာ၊ ဒေါမာန်ထစရာ၊ နားမလည် အံ့အားသင့်စရာ၊ မင်တက် ငြိမ်သက်စရာ ဖြစ်လေရာ မည်သူမျှ ပါးစပ် မဟနိုင်ကြချေ။ ပါးစပ်ဟမိလျှင် ညဘက်ထွက်သည့် ပိုးကောင်များ ဝင်မှာစိုး၍လည်း ဖြစ်နိုင်သည်။

နောက်တစ်နေ့တော့ သတင်းစာ ရှင်းလင်းပွဲကြီး လုပ်သည်။ ဘော်တယ် ကုလားများက ဈေးပေါပေါနှင့် ရမည်ထင်၍ လာကြသည်။ သတင်းထောက်များက ဒီကိစ္စကို မေးမြန်းကြသည်။ ဘာမှ ရေရာသော အဖြေမရ။ ရသည့် စကားကတော့ “ခင်ဗျားတို့ မတရားဘူးထင်ရင် ကြိုက်တဲ့ တရားရုံးသွား” ဟူသည့် သက်ညှာသည့် စေတနာဖြင့် ညှိနှိုင်းမှုတစ်ခွန်း ဖြစ်သည်။
ဘယ်တရားရုံးမှ မကြိုက်သည့် သတင်းထောက်များက ဘယ်မှမသွားဘဲ ပေကပ်ထိုင်နေကြကာ “အံ့ပါရဲ့မောင်” ဟုသာ သြဘာပေးနိုင်ကြလေ၏။

ထားပေဦးတော့။ တကယ်ဒုက္ခရောက်သူတို့ကို ပြန်ကြည့်ရမည်။ အမိရေ အဘရေဟု အော်ဟစ် မြည်ကြွေးနေကြသည့် စုံတွဲများကို စဉ်းစားရမည်။

ခုတော့ သူတို့ ဒုက္ခနှင့် လှလှနှင့် ရောက်လေပြီ။ စရန်ငွေ ပြန်တောင်းလို့ကားမရ။ ဖိတ်စာရိုက်ခ ပြန်တောင်းလို့ကားမရ။ ကြံရာပါတောင် ဖြစ်သွားနိုင်သည့် အခြေအနေမို့ လမ်းပေါ်ခြေဆောင့် ငိုရုံသာ ရှိတော့သည်။ ဆီဒိုးနားတို့၊ ဘာတို့လို နေရာတွေ ဆိုတာကလည်း အိပ်မက်ထဲတောင် ထည့်မမက်ရဲ။

“ဒါဟာ လူဦးရေ ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားတာပဲ” ဟူသည့် မဟာပုရိသဝါဒီ ဆရာကြီးများ စဉ်းစားမှုက ဖြစ်နိုင်ခြေ များသည်။ တရုတ်နိုင်ငံတွင် ကလေးသူငယ် မွေးဖွားမှုနှုန်း မြင့်မားမှုကြောင့် လူဦးရေ ကန့်သတ်ထိန်းချုပ်မှုတွေ ပြုလုပ်နေကြသည်။ မြန်မာနိုင်ငံသည် တရုတ်ကို အတုခိုးလေ့ ရှိတာ အားလုံးသိသည်။ မကြာမီက ဝူခုံးဆိုသည့် မျောက်တစ်ကောင် သမ္မတနှင့် လာတွေ့ပြီး မဟုတ် တရုတ် အကြံတွေပေးကာ ချောက်တွန်းသွားတာ ဖြစ်နိုင်သည်ဟု ပါတီတစ်ခုက တွေးသည်။ ဘယ်ပါတီလဲ မမေးပါနှင့်။ သံချောင်းပါတီသာ ဖြစ်သည်။

ဒီအတွေးကတော့ မဟာပုရိသ ဝါဒီတွေရဲ့ အတွေးမဟုတ်။ သိတဲ့အတိုင်းပင် ကျွန်ုပ်တို့ ဇာတ်လိုက်ကျော်ကြီး ပြည်သူ့သံချောင်း၏ သံချောင်းပါတီ ဗဟိုအလုပ်အမှုဆောင်များက တွေးခေါ်လိုက်ခြင်း ပင်တကား။ အံ့ပေစွ။

သံချောင်းပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကိစ္စကို မကျေနပ်။ အရက်ဖြူဆိုင်သို့ အစည်းအဝေးခေါ်ပြီး ညှိနှိုင်းကြသည်။ ဒါနောက်ကွယ်က ကြိုးကိုင်မှု ရှိရမည်ဟု ထုံးစံအတိုင်း စွပ်စွဲကြသည်။ ပါတီဥက္ကဋ္ဌ ဖြစ်သည့် ပြည်သူ့သံချောင်း ကတော့ “ကြိုးကိုင်တယ် ဆိုတာ ကြိုးမလွဲဖို့ လိုတယ်။ ကြိုးလွဲရင် မကောင်းဘူး။ ကြိုးမလွတ်ဖို့လည်း သတိထားရမယ်” ဟု ထိန်းထိန်းသိမ်းသိမ်း ပြောကြားလေသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သော လော်ဘီအုတ်ခဲက အစည်းအဝေးသို့ အဆိုတင်သွင်းမှု ပြုလုပ်ရာတွင် “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုးကိုင်သူကို ကျွန်တော်တို့ ဖော်ထုတ်လို့ ရပေမယ့် အရက်သမားအချင်းချင်း အားနာလို့ မဖော်ထုတ်တော့ပါဘူး။ ဒါပေမဲ့ ဒီကိစ္စဟာ လူ့လောကထဲ ဝင်လာမယ့် ကလေးတွေကို ကန့်သတ်ရာ ရောက်တယ်လို့ မြင်ပါတယ်။ ဝါတွင်းသုံးလကို ရှောင်ရင် တစ်နှစ်မှာ ရက် ၂၇၀ ဆိုပါစို့လေ။ ဒီတော့ မင်္ဂလာပွဲတွေ ကျင်းပရာဖြစ်တဲ့ ဒီကျောင်းတော်ကြီးကို ချိပ်ပိတ်တာဟာ တစ်နှစ်ကို ကလေးသူငယ် ၂၀၀ ကျော် လူ့ဘဝထဲ ဝင်လာဖို့ ပိတ်ပင်ခံရတာလည်း ဖြစ်ပါတယ်” ဟု ဝမ်းနည်းကြေကွဲလေဟန် မျက်ရည်စက်လက်နှင့် ပြောလေရာ အစည်းအဝေး တက်ရောက်လာသည့် ကော်မတီဝင်များက ဘီအီးခွက်များ ကောက်ကိုင်ကာ ချီးယားစ် အော်ရင်း ထောက်ခံကြလေသည်။

သံချောင်းပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးစိုပြေကလည်း “လူဦးရေ တိုးပွားမှုကို ကန့်သတ်တယ် ဆိုတာ တကယ်ဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ ကလေးတွေ တိုးပွားလာရင် လူဦးရေ တိုးလာမယ်။ ဒါဆို နောင်တစ်ချိန်ကျရင် ရန်ကုန်မှာ လူဦးရေ များလာမယ်။ နေစရာ နေရာက မရှိဘူး။ တိုက်ခန်းတွေလည်း မဖော်ထုတ်ပေးနိုင်သေးဘူး။ လမ်းဘေး သွားနေရင်လည်း ကျူးကျော်ဆိုပြီး ဖြစ်ဦးမယ်။ ကျူးကျော်ကို ဖယ်ရှားရင်လည်း ဆန္ဒပြမှုတွေ ဖြစ်ဦးမယ်။ အဲဒါကြောင့် ဒါဟာ ကြိုတင်ကာကွယ်တာ ဖြစ်နိုင်တယ်” ဟု ထောက်ခံလေသည်။

ဖွတ်မရ … ဓားမလည်းဆုံး ဖြစ်ရသည့် စုံတွဲများမှာ ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် မြို့တော်ခန်းမရှေ့ သပိတ်စခန်းဖွင့်မည် တကဲကဲ လုပ်ကြပြန်သော် ပြည်သူ့ဘက်တော်သား သံချောင်းပါတီခမျာ ဖိုသီဖတ်သီ တားဆီးရပြန်သည်။

ထိုအချိန်တွင် မဟာသန္တိသုခ ကျောင်းတော်ကြီးမှ သံဃာတော်ငါးပါးကို လူဝတ်လဲစေကာ တရားရုံးထုတ်ပြီး အင်းစိန်ကျောင်းတော်ကြီးသို့ ပင့်ဆောင်သွားသည့် ကိစ္စရပ်လည်း ဖြစ်လာ၏။ မန္တလေးမှ ဆရာတော်ဝီကမူ “ကိုယ့်ကျောင်း ကိုယ်နေသည့် ဘုရားသားတော် ရဟန်းသံဃာများကို အင်အားသုံး ဝင်စီးသူများက သင်္ကန်းချွတ် ထောင်ချသည့် လုပ်ရပ်ကို ဘုရားမကြိုက်သလို သံဃာတော်များလည်း မကြိုက်ကြဘူး ဆိုသည်ကို ပြသောအားဖြင့် “ညီနောင်အပေါင်း သတိဝီရိယထားဖို့ လိုပါပြီ။ သံဃာအားနှင့် မတရားမှုများကို ဖယ်ရှားကြရ ပါတော့မည်။ တရားခံ-အံ့မောင် ဣဒ္ဓိဗလမဟန၊ သမ္မတဦးသိန်းစိန် အစိုးရအနေနှင့် ပျားရည်တစ်စက်ကြောင့် ပြည်ပျက်ရမည့် ကိန်းကို မလိုလားပါက သံဃာအချင်းချင်း ဖြစ်တာဆိုပြီး တာဝန်မဲ့စွာ လျစ်လျူရှု မနေဘဲ တရားသဖြင့် ဖြေရှင်းရမည့် တာဝန်ရှိကြောင်း သတိပေးလိုက်သည်” ဟု အမိန့်တော်တစ်ရပ်ကို ပြင်းထန်စွာ ထုတ်ပြန်လိုက်လေသည်။

နောက်ဆုံးတွင် ၂၀၁၅ ခုနှစ်အတွက် အရက်သမား လူထုကြီးက ဝိုင်းဝန်းလျာထား ခံရသော သမ္မတလောင်း ပြည်သူ့သံချောင်း ကိုယ်တိုင် ဆူးလေဘုရားအနီး မဏ္ဍပ်ထိုးလျက် လူထုဟောပြောပွဲကြီး ပြုလုပ်ရလေရာ “လေးစားအပ်ပါသော အမျိုးသားထုကြီး ခင်ဗျား…အခု ချက်ချင်းဆန္ဒပြတဲ့ အနေနဲ့ လမ်းပေါ်ထွက်ခဲ့ကြပါ။ မင်းကွန်း ပရိယတ္တိကျောင်းတိုက်နဲ့ M3 စားသောက်ဆိုင်က မင်္ဂလာခန်းမတွေ ရှိပါသေးတယ်။ အဲဒီကို ချီတက်ကြပါစို့” ဟု မြှောက်ထိုးပင့်ကော် လေတော့သည်။

ထိုသို့ဖြင့် အဆိုပါ နေရာများတွင် နေ့စဉ်လိုလို မင်္ဂလာပွဲများဖြင့် ပြည့်နှက်နေတော့သည်။ လက်မလည်အောင် များပြားနေသည့် မင်္ဂလာပွဲများကြောင့် ခန်းမ တာဝန်ခံများမှာ အောက်ပါအတိုင်း စည်းကမ်းချက် ထုတ်ပြန်ရတော့၏။

၁။ တစ်ရက်လျှင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ မင်္ဂလာပွဲများ လက်ခံပါမည်။
၂။ တစ်ရက်လျှင် မင်္ဂလာဆောင် ၁၆ ခုသာ လက်ခံမည် ဖြစ်ပါသည်။
၃။ စုံတွဲတစ်တွဲလျှင် နာရီဝက်သာ မင်္ဂလာဆောင်ခွင့် ရှိကာ မင်္ဂလာဘိသိက် မြှောက်ပြီးသည်နှင့် ပြန်လည်ထွက်ခွာရန် ဖြစ်သည်။
၎။ မင်္ဂလာပွဲ ကျင်းပလိုသူများသည် တစ်နှစ်နှင့် သုံးလ ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်သည်။
၅။ ပွဲချိန် နောက်ကျပါက နောက်စုံတွဲတစ်တွဲနှင့် အစားထိုး ကျင်းပသွားမည်ဖြစ်ရာ အချိန်ကို လေးစားရန် သတိပြုပါ။

ထိုထုတ်ပြန်ချက်များဖြင့် ကန့်သတ်ထားသော်လည်း မင်္ဂလာပွဲများ မပြတ်ဘဲ များသထက် များလာချေသဖြင့် အကြံပေးခဲ့သည့် သံချောင်းပါတီသည်လည်း လက်မြှောက်အရှုံးပေး၍ စိတ်နာနာဖြင့် တောခိုသွားလေသတည်း။

ကျောင်းတိုက်အသီးသီးမှ မင်္ဂလာပွဲ တာဝန်ခံများသည်လည်း နေ့စဉ် လက်မလည်သည့် ဒဏ်အပြင် စိတ်ရှုပ် စိတ်ညစ်ရသောကြောင့် မိမိတို့ကျောင်းတိုက်ကိုပါ ချိပ်ပိတ်၍ လာရောက် အနုကြမ်းစီးပါရန် သက်ဆိုင်ရာသို့ အကူအညီ တောင်းခံကြလေ တော့သတည်း။

မင်္ဂလာဆောင်၍ အာဝါဟဝိဝါဟ ပြုကြမည့် စုံတွဲများထံ ဝိဉာဏလောကမှ မကျွတ်မလွတ် သူတို့ကလည်း နေ့စဉ် ညဆက် သူ့ဗိုက်ထဲ ဝင်မည် ငါ့ဗိုက်ထဲ ဝင်စားမည်ဟု အိပ်မက် အလုအယက် ပေးလေသဖြင့် သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့ စိတ်ရောဂါ စွဲကပ်လာရာ စိတ်ကျန်းမာရေး ဆေးရုံများကို အစိုးရက တစ်ခုပြီးတစ်ခု တည်ဆောက်ပေးနေရ ခြင်းကြောင့် နိုင်ငံတော်လည်း မွဲပြာကျသွား လေတော့သတည်း။

လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့။

လော်ဘီအုတ်ခဲ (သံချောင်းပါတီ)
The Voice Weekly

Posted by Unknown on Monday, June 16, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive