အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဥပဒေ ပြဋ္ဌာန်းချက်များအရ မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့ဆစွာ ပြုလုပ်မှု ပျက်ကွက်မှု ပြုသူကိုသာ အရေးယူရန် ဖြစ်ကြောင်း အိမ်ရှင်၏ အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိပါက အိမ်ရှင်ကို အပြစ်ပေး၍ မရကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
“တရားရုံးတွေမှာ မီးပေါ့ဆမှုဆိုရင် ပေါ့ဆသူကို အရေးယူတယ်။ ခုနောက်ပိုင်း ဒဏ်ငွေနဲ့ မဟုတ်ဘဲ ထောင်ချတာမျိုး ရှိတယ်။ အိမ်ရှင်ကို အရေးယူတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ရှင်က လူစား ထည့်တာတွေလည်း ရှိတာပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (NDF) က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က အဲယားကွန်း မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်း ဆုံးရှုံးခဲ့သည်။ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းအရ သိရှိရသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive