From : ..messenger


အင်တာဗျူးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့စကားဟာ စိတ်ကောက်ပြီး ပြောနေတဲ့ ကလေးနဲ့ တူတယ်လို့ ၀န်ကြီးပြောခဲ့တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပေးပါဦး။

ကျွန်တော် တကယ်ပြောတာပဲ။ သူတို့က မေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ ထည့်ပြောတဲ့အထဲမှာ ပါတယ်လေ။ သမ္မတ မိန့်ခွန်းတွေကို ကြည့်လိုက်လို့ရှိရင် သမ္မတကြီးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို မလိုလားဘူးဆိုတာ တွေ့နိုင်တယ်ဆိုပြီးတော့မှ ပြောခဲ့တာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကိုမေးလို့ ကျွန်တော်ပြန် ဖြေတာ၊

ဘာဖြစ်လို့ ကျွန်တော် ဒီလို ပြန်ဖြေလဲဆိုတာ ရှင်းရှင်းလေးပဲ၊ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတယ်။ သို့သော် ကိုယ်နဲ့ သဘောမတူတာကြောင့် ကျန်တဲ့လူကို ဒီမိုကရေစီကို မကြိုက်ဘူး။ မလိုလားဘူးလို့ သွားပြီး အပြစ်တင်လို့မရဘူး။

ဒီကနေ့ နိုင်ငံတော်သမ္မတကြီး တာဝန်ယူပြီးတဲ့အချိန်ကစပြီး၊ ကျွန်တော်တို့နဲ့ သဘောထားကွဲလွဲတဲ့ အယူအဆတွေ အများကြီး တွေ့ရတယ်။ ဘယ်နှခါများ သမ္မတကြီးက သော်လည်းကောင်း၊ အစိုးရ မီဒီယာက သော်လည်းကောင်း၊ တာဝန်ရှိတဲ့လူတွေက သော်လည်းကောင်း၊ အဲဒီလို ပြောတဲ့လူတွေကို ဒီမိုကရေစီကို မလိုလားတဲ့သူတွေ၊ တိုင်းပြည်ကို ဖျက်ဖို့ကြိုးစားနေတဲ့ လူတွေဆိုတဲ့ အပြောမျိုး ခင်ဗျားတို့ ဘယ်နှခါများ တွေ့ဖူးသလဲ။ ကျွန်တော်တို့ တစ်ခါမှ မလုပ်ဘူး။

ကျွန်တော်တို့က ဘာပဲ လုပ်လုပ် သူဘာကြောင့် ပြောရတယ်ဆိုတဲံ အကြောင်းရင်းကို နားလည်အောင်လုပ်တယ်။ ပြီးရင် သူတို့နဲ့ ကျွန်တော်တို့နဲ့ ကြားမှာ ဘုံသဘောတူညီချက်တစ်ခု၊ ဘုံရပ်တည်ချက်တစ်ခု အဖြေရှာနိုင်အောင်ပဲ ကြိုးစား တယ်။

အခု ဒေါ်အောင်ဆန်းစုကြည်က သူပြောင်းချင်တဲ့ဟာကို သမ္မတကြီးက လူသိရှင်ကြား ထုတ်ဖော် မပြော ကြားတဲ့အတွက် ကြောင့်မို့လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလိုလားဘူးလို့ ပြောတာ၊ နံပါတ်(၁) သမ္မတကြီးက အခြေခံဥပဒေအရ သူဘယ်ဟာ ထောက်ခံတယ်၊ ဘယ်ဟာကန့်ကွက်တယ် ပြောလို့မရဘူး။ ပြင်ကြပါလို့ ပြောခြင်းဟာ သူအတတ်နိုင်ဆုံး ထောက်ခံပြီးတော့ ပြောတာပဲ။

သမ္မတကြီးက ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရှိလို့ ပြောသည့်တိုင်အောင် သူနဲ့ အယူအဆတူချင်မှ တူမှာပေါ့ဗျ။ ကွဲလွဲနိုင်တာပဲ။ ကွဲလွဲတာနဲ့ ဒီလူဟာ ပြုပြင်ပြောင်းလဲရေး မလိုလားဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မလိုလားဘူးလို့ ပြောခြင်းသည် တစ်ချိန်က (ဗ.က.ပ) တွေက သူတို့နဲ့ အယူအဆကွဲလွဲတဲ့ ပါတီတွင်းက လူတွေကို ဖောက်ပြန်ရေးသမားလို့ တံဆိပ်ကပ်ပြီးတော့မှ အရေးယူတာနဲ့ ဝေဖန်ပုတ်ခတ်တာနဲ့ အတူတူ ဖြစ်နေမှာပေါ့။ ဒါက လုံးဝ မဖြစ်သင့်ဘူး။

သမ္မတကြီးက လိုက်မပြောလို့ ဒီဟာကို မလိုလားဘူးလို့ပြောခြင်းသည် ကလေးဆန်တယ်၊ ကလေးစိတ်ကောက် တာနဲ့ တူတယ်လို့ ကျွန်တော်က ပြောခြင်းဖြစ်တယ်လို့ ပြောတာ။

ကျွန်တော်က အဲဒီလို ပြောတဲ့အခါ ကျွန်တော် တွေ့ပါတယ်။ ဂျာနယ်တစ်ခုမှာ ဆရာဖေမြင့်တို့ကို မျိုးရန်နောင်သိန်းတို့ တချို့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေက ဒါမျိုးမပြောသင့်ဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။

ဒီနေ့ နိုင်ငံတော် သမ္မတကိုလည်း လူတိုင်း ဝေဖန်ခွင့်ရှိတာပဲ။ တစ်ခုပဲရှိတယ်။ ပုဂ္ဂိုလ်ရေးအရ စော်ကားမှု မဖြစ်ဖို့လိုတယ်။ ဝေဖန်ချက်သည် နိုင်ငံ ခေါင်းဆောင်ပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် အပြုအမူနဲ့ မူဝါဒအပေါ် ဘယ်သူမဆို ဝေဖန်ခွင့်ရှိတယ်။ အဲဒါ ဒီမိုကရေစီပဲ၊

ဥပဒေအရပြောရရင် ‘အသရေဖျက်မှု’။ အများပြည်သူနဲ့ ပတ်သက်နေသူတစ်ဦးရဲ့ အပြုအမူနဲ့ မူဝါဒကို ထောက်ပြခြင်းသည် အသေရေဖျက်မှု မမြောက်ဘူး။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်မို့လို့၊ ဒါမှမဟုတ် တခြားပါတီကလည်း ငါ့ပါတီ ခေါင်းဆောင်မို့လို့ မဝေဖန်ရဘူးလို့ ပြောလို့ရှိရင် အဲဒါမှ တကယ့် ဒီမိုကရေစီအရ သဘောထားကွဲလွဲမှုကို ပိတ်ပင်တားဆီးရာရောက်တဲ့ နောက်ကြောင်းပြန် လုပ်ရပ်ဗျ။

သမ္မတကြီးကိုဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖြစ်ဖြစ် ပုဂ္ဂိုလ်ရေး စော်ကားမှုမပါဘဲနဲ့ သူရဲ့အပြုအမူ၊ သူ့ရဲ့ မူဝါဒကို ဝေဖန်ခြင်းသည် ဘာမှ အပြစ်တင်စရာ အကြောင်းမရှိဘူး။ ကျွန်တော်ပြောတာ ကျွန်တော့် စကားအပေါ် ကျွန်တော် ရပ်တည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာလည်း ကျွန်တော် ဒီစကားကို ပြောရဲတယ်။

သမ္မတကြီးကိုလည်း ဒီလိုပဲ ပြောနေကြတာပဲ၊ တချို့ဆို သမ္မတကြီးကို ပုတ်ခတ်တာတောင်မှ သမ္မတကြီးက သြော်…. ငါတို့ ပြောင်းလဲနေတဲ့ကာလ ဖြစ်တယ်။ သူတို့လေးတွေ မရင့်ကျက်သေးလို့ ငါကပဲ သည်းညည်းခံ လိုက်မယ်ဆိုပြီး၊ သည်းညည်းခံခဲ့တာတွေ အများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော် ပြောတာ မှန်တယ်။ ကျွန်တော့်မှာ ပြောခွင့်ရှိတယ်လို့ ထင်တယ်။ ကျွန်တော့်စကားကို ကျွန်တော် ရပ်တည်တယ်။ ဒါမျိုး ကွဲလွဲခွင့် မရှိဘူးလို့ပြောရင် ပြောတဲ့လူက နောက်ကြောင်း ပြန်လှည့်တာပဲ။
-----------------------------------------------------------------------------------
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေရဲ့ ပြောဆိုမှုတွေ မြင့်တက်လာတယ် ဒီအခြေအနေပေါ်မှာ သမ္မတကြီးမှတ်ချက်စကား တစ်ခုခု ပြောတာများရှိသေးလား။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတ ပြောဆိုတာများ ရှိသေးလား။

သမ္မတကြီးကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ ပြောတဲ့မိန့်ခွန်းတွေ စကားတွေကိုကြည့်လိုက်ရင် အင်မတန်မှ မိမိရဲ့အယူအဆကို တစ်ဖက်လူလက်ခံနိုင်အောင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပြောတာ ခင်ဗျားတို့ တွေ့ပါလိမ့်မယ်။ သူ့အနေနဲ့ပြောရရင်တော့ ဘယ်ကိစ္စကိုမဆို လူတိုင်းက အဲဒီလိုမျိုးချဉ်းကပ်တာကို မြင်ချင် တယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့မိန့်ခွန်းတွေထဲမှာ ကျွန်တော်တို့ မတူကွဲပြားတဲ့ အယူအဆတွေကို စားပွဲဝိုင်းမှာ ထိုင်ပြီးတော့မှ တွေ့ဆုံခြင်းနဲ့ အဖြေရှာတဲ့နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။( လို့ပါတယ်။)

ယဉ်ကျေးမှုဆိုတဲ့စကားက အင်မတန်မှ နက်ရှိုင်းပါတယ်။ ကျွန်တော်တို့က နိုင်ငံရေး အယူဝါဒတစ်ရပ် လုပ်နည်း တစ်ရပ်လို့ပြောနေတာ မဟုတ်ပါဘူး။ နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်လို့ပြောတာ။

သူ့အနေနဲ့ကတော့ ဘယ်အယူ အဆမဆို ယဉ်ကျေးသိမ်မွေ့စွာနဲ့ တင်ပြဆွေးနွေးတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ သူ့ကို ရင့်သီးတဲ့ဟာနဲ့ ပြောလို့ရှိရင်လည်း သူ့အနေနဲ့ကတော့ တစ်ဖက်လူရဲ့ အခြေအနေကို တတ်နိုင်သမျှ နားလည်အောင် လုပ်ပါတယ်။ ဒါကြောင့်မလို့ သူ့အနေနဲ့ သီးခြားမှတ်ချက်ပေးတာမျိုး မရှိပါဘူး။

--------------------------------------------------------------------------------------
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ၀န်ကြီးရဲ့အမြင်ကို နိဂုံးချုပ် သုံးသပ်ပေးပါဦး။

ကျွန်တော်တို့ အခုဖြတ်နေရတာက အင်မတန်မှ ညင်သာသိမ့်မွေ့တဲ့ အသွင်ကူးပြောင်းရေးကာလတစ်ခု ဖြစ်တယ်။

မကြာခင်နှစ်တွေထဲမှာဖြစ်ခဲ့တဲ့ နိုင်ငံတကာက ဖြစ်စဉ်တွေနဲ့ယှဉ်ရင် ကျွန်တော်တို့မြန်မာနိုင်ငံ သွေးထွက်သံယို မရှိဘဲ ကူးပြောင်းနိုင်လို့ ချီးကျူးနေကြတယ်။ အဲဒီအခြေအနေကို ဆက်ထိန်းပြီးသွားဖို့က အားလုံးညင်ညင်သာသာလုပ်ဖို့ တာဝန်ရှိတယ်။

ဒီလိုပြောတာက ခင်ဗျားတို့အယူအဆကို အကောင်အထည် မဖော်ရဘူးလို့ ပြောတာမဟုတ်ဘူး။ အကောင်အထည်ဖော်တဲ့အခါ မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ဖို့ပြောတာ။ နောက်ကြောင်းပြန်တယ်ဆိုတာ တစ်ယောက်ယောက်က လုပ်မှ နောက်ကြောင်းပြန်တာ မဟုတ်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကလည်း ကိုယ့်ဟာကိုယ် ခလုတ်တိုက်လဲ အောင် လုပ်ရင်လည်း ကိုယ့်မှာလည်း တာဝန်ရှိတာပဲ။

ကျွန်တော့်ကို လူကြီးတစ်ယောက်က ပြောဖူးတယ်။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေး လုပ်တယ် ဆိုတာ ထမင်းချက်သလိုပဲ၊ ရေထည့်တာ လက်ဆမှန်ဖို့လိုသလို ငှဲ့တဲ့အချိန်လည်း အချိန်အဆမှန်ဖို့ လိုတယ်။ ဒီဥပမာလေးကိုပဲ ကျွန်တော်က ပေးချင်ပါတယ်။ ဘယ်အချိန်မှာ ငှဲ့ရမလဲ၊ ဘယ်အချိန်မှာ မငှဲ့ရဘူး လဲဆိုတာ အားလုံးနားလည်ဖို့လိုတယ်။

.. www.MyanmarExpress.net

Posted by Unknown on Thursday, June 5, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive