ရှေးရိုးစွဲအမြင်တွေ ပိုမိုပြင်းထန်တဲ့ အတိတ်အချိန်တွေ ကစပြီး ခေတ်မီ ပွင့်လင်းလာပြီလို့ ဆိုနိုင်တဲ့
ဒီနေ့ခေတ်ကာလ အထိ တိုင်အောင် ဂေးလို့ဆိုလိုက်ရင် နှာခေါင်းရှုံ့သူ၊ အထင်အမြင် သေးသူတွေ
အများအပြား ရှိနေပါသေးတယ်။
ဂေးတွေအပေါ် လက်မခံနိုင်ကြသူတွေ ရှိကြပေမယ့် ကိုယ့်ရဲ့ရှေ့ဖြစ်တွေသိနိုင်ဖို့၊ ကံဆိုးမှုတွေ
ကြုံရတဲ့အခါ အဆိုးတွေ ပြေပျောက်ပြီး ကံကောင်းလာအောင် ဆုတောင်းပေးဖို့၊ ကျန်းမာရေး၊
နာမည်ပေး၊ စီးပွားရေးလုပ်ငန်းတွေ စတာတွေနဲ့ပတ်သက်လို့ လူမှုကိစ္စအ၀၀ကို ၃၇ ပါးသော
နတ်တွေနဲ့ ချိတ်ဆက်ပြီး ဟောပေး၊ ပြောပေးတယ်လို့ဆိုတဲ့ ဂေးနတ်ကတော်တွေကိုတော့ နတ်ကို
ယုံကြည်ကိုးကွယ်သူတွေဟာ ဆရာတစ်ဆူအဖြစ် ရိုသေသမှုနဲ့ ဆက်ဆံကြပါတယ်။
"အရင်က ညီအစ်ကိုမောင်နှမကအစ မိန်းမလျာဖြစ်တာကြောင့် မိသားစုဝင်လို့ မသတ်မှတ်ချင်
ပေမယ့် အခုတော့ ကိုယ်က ဒီအလုပ်နဲ့ အသားကျလာတော့ ဘယ်သူမှ ၀င်မပြောတော့ပါဘူး။
အခုတော့ ကိုယ်က နတ်ကတော်လောကမှာလည်း ၀ါရှိလာတော့ ယုံကြည်လို့လာတဲ့သူတွေက
'အစ်မ၊ ဆရာမ' ဆိုပြီးတော့ လက်အုပ်ချီလို့ လေးလေးစားစားပြောလာကြပြီဆိုတော့ ဒီလို
နတ်ကတော်တစ်ယောက်အဖြစ် ရပ်တည်ရတာ ကျေနပ်တယ်"လို့ မြောက်ဒဂုံမှာ နေထိုင်တဲ့
အသက် ၄၈ နှစ်အရွယ်၊ ဂေးနတ်ကတော် တစ်ဦးဖြစ်တဲ့ ဦးအောင်မြတ်ခိုင်က ပြောပါတယ်။
သူ့ရဲ့ ခပ်ပိန်ပိန် ကိုယ်နေဟန်ထားကို အဖြူရောင် ချည်ထည်ရှပ်အင်္ကျီ လက်ရှည်ခပ်ပွပွ၊ ပုဆိုးတို့နဲ့
ဆင်ယင်ထားကာ ဆံပင်ရှည်ခပ်ကျဲကျဲကို အမျိုးသမီးသုံးဆံညှပ်နဲ့ ဆံထုံးသဖွယ် ညှပ်တင်ထားပါ
တယ်။
ရွှေဆွဲကြိုးထူထူနဲ့ လက်ကောက်၊ လက်စွပ်တို့ကို ၀တ်ဆင်ထားတဲ့သူ့ဟန်ပန်က သူ့ကိုယ်သူ
ပညာရှင် တစ်ဦးအဖြစ် ယုံကြည်မှု အပြည့်ရှိတဲ့ပုံစံပါပဲ။
အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဂေးနတ်ကတော် ဦးချစ်သိန်းမောင်ကတော့ အသက် ၂၃ နှစ်အရွယ်မှာ
နတ်ကတော်အလုပ်ကို စလုပ်ခဲ့တာ လို့ဆိုပါတယ်။
သူ့အလုပ်မှာ ခုနစ်ရက်သား သမီးတွေရဲ့ စိတ်ချမ်းသာမှုကိုရှေးရှုလို့ နတ်တွေထံ ပန်ကြားရင်းနဲ့
နတ်ကတော်အဖြစ် ရပ်တည်လာခဲ့တာ ခုချိန်အထိ အနှစ် ၃၀ ၀န်းကျင် လောက်ကို
စိတ်ချမ်းချမ်းသာသာနဲ့ တင့်တင့်တယ်တယ် လူတန်းစေ့နေနိုင်ခဲ့ပြီး မိသားစုကိုလည်း
ပံ့ပိုးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
"ကျွန်တော်တို့ မိသားစုက ကျွန်တော့်ကို သူတို့လိုမျိုး အစိုးရ၀န်ထမ်း လုပ်စေချင်ကြတယ်။ ဒါပေမဲ့
ကျွန်တော်က နင်တို့လစာက ငါ့မိတ်ကပ်ဖိုးတောင် မရှိဘူးဆိုပြီးတော့ကို ခပ်ခြေခြေပြောခဲ့တာလေ။
ကိုယ်က ဒီအလုပ်ကို ၀ါသနာပါတယ်။ ကိုယ်တိုင်က စိတ်လွယ်တယ်၊ အစစအရာရာ ပေးချင်
ကမ်းချင်တယ်ဆိုတော့ တခြားအရောင်းအ၀ယ်လုပ်ငန်းနဲ့ ကျတော့လည်း မဖြစ်ဘူး။ မိန်းမလျာ
နတ်ကတော်တွေကျတော့ နတ်ပွဲရှိရင်လာကြ၊ မရှိရင် အတူတူသွားလိုက်ကြဆိုတော့ အသင်းအဖွဲ့
လေးလည်းဆန်တယ်၊ ပြီးတော့ ဒီအသိုက်အ၀န်းထဲမှာနေရင် ကိုယ့်ကို နှိမ့်ချဆက်ဆံတာတွေ
လည်းမရှိဘူး" လို့ အ၀ါရောင်အပွင့်တွေနဲ့ ရောစပ်ထားတဲ့ ပါတိပ်ရှပ်အင်္ကျီကို ပုဆိုးကွက်စိပ်နဲ့
တွဲဖက်ဝတ်ဆင်ထားပြီး ဆံပင်ကို အပြောင်သိမ်းထားတဲ့ ဦးချစ်သိန်းမောင်က ကွမ်းတွေ ၀ါးရင်းနဲ့
သူ့အသံအောအောကြီးနဲ့မှ မလိုက်ဘဲ ညင်သာတိုးလျတဲ့ လေသံနဲ့ ဆိုလိုက်ပါတယ်။
လည်ပင်းမှာလည်း အပြားထူထူ ရွှေဆွဲကြိုးကြီးက ၀ဖိုင့်ဖိုင့်သူ့လည်ပင်းကို အနားသတ်ထားသလို
ပါပဲ။
လက်မှာလည်း ပတ္တမြားကို စိန်တွေဝန်းရံထားတဲ့ လက်စွပ်ကြီးတစ်ကွင်း ခံ့ခံ့ထည်ထည်ကြီး
ဝတ်ထားလေရဲ့။ နတ်ကတော်အလုပ်ကို လုပ်ကိုင်ကြတဲ့ ဂေးတွေဟာ လူတွေထံက ရိုသေမှုကို
ရရှိဖို့ဆိုတဲ့ အကြောင်းရင်းနဲ့ ဒီအလုပ်တွေကို တမင်ရွေးချယ်ပြီး လုပ်ကိုင်ကြတာတော့
မဟုတ်ပါဘူး။
သူတို့ရဲ့ အလှအပပြင်ဆင်ချင်၊ ကချင် ခုန်ချင်တဲ့ ၀ါသနာနဲ့ဆက်စပ်ပြီး လာဘ်လာဘလည်းရွှင်၊
လူလည်းလှလှပပ နေရတဲ့ ဒီအလုပ်ကို လုပ်ကိုင်ဖြစ်ကြတာပါလို့ ဂေးနတ်ကတော်တွေက
ဆိုကြပါတယ်။
ဒါကြောင့်လည်း အမျိုးသမီးနတ်ကတော်တွေထက် ဂေးနတ်ကတော်တွေက အရေအတွက်
အားဖြင့် မနှိုင်းယှဉ်နိုင်အောင် ပိုများတယ်လို့လည်း ဆိုကြပါတယ်။
မေလတွင်းက ရန်ကုန်မှာ ကျင်းပတဲ့ နတ်ကနားပွဲတစ်ခုတွင် တွေ့ရတဲ့ ရန်ကုန် ဦးဝင်းလှိုင်။ သီရိ/မြန်မာတိုင်း(မ်)မေလတွင်းက ရန်ကုန်မှာ ကျင်းပတဲ့ နတ်ကနားပွဲတစ်ခုတွင် တွေ့ရတဲ့ ရန်ကုန် ဦးဝင်းလှိုင်။ သီရိ/မြန်မာတိုင်း(မ်)
တောင်ပြုန်းပွဲတော်ကို လာရောက်ကြတဲ့ နတ်ကတော်တွေထဲက ၉၀ ရာခိုင်နှုန်းလောက်က
ဂေးမိန်းမလျာနတ်ကတော်တွေ ဖြစ်ကြပြီး ယုံကြည်လို့ နတ်ပွဲပေးတဲ့ သူတွေကလည်း
ဂေးနတ်ကတော်တွေကို အမျိုးသမီးနတ်ကတော်တွေထက် ပိုလို့ အားကိုးလာကြတယ်လို့
ဆိုကြပါတယ်။
"ကျွန်မတို့ မိန်းမလျာနတ်ကတော်တွေဆိုတာက အမြင်ရှိ၊ လှချင် ပချင်စိတ်ရှိတဲ့ သူတွေပါ။
ရိုးရိုးကြီးဝတ်စားမယ့်အစားသူများ မျက်လုံးထဲမှာ တောက်ပပြီး ပြိုးခနဲပြက်ခနဲ၊ ဟင်ခနဲဟာခနဲ
ဖြစ်သွားမယ့်ပုံစံမျိုးကို တီထွင် နိုင်တယ်။ ပြီးတော့ ကိုယ်တတ်တဲ့ပညာနဲ့ ဟောမယ်ပြောမယ်၊
ကတာခုန်တာတွေအပြင် ပျော်ပျော်အနေများတော့ စိတ်ညစ်စရာနဲ့ လာတဲ့သူလည်း ပျော်ရွှင်ရ
တယ်။ ဒါကြောင့် ကိစ္စအ၀၀လည်း အနှေးနဲ့အမြန် ပြေလည်မယ်လို့ထင်တာကြောင့် ယုံကြည်လာ
ကြတယ်။ ကျွန်တော်တို့ကလည်း အောင်မြင်လို့ပေးတဲ့ ဆုကြေးတွေကို ပွဲအတွက် ဂရုတစိုက်နဲ့
သုံးတော့ သူတို့အတွက် အမြင်တင့်တယ်တဲ့နတ်ပွဲတွေနဲ့ လှူဒါန်းလို့ရတာပေါ့"လို့ သူ့ကိုယ်သူ
ကျွန်မလို့ပြောလိုက်၊ ကျွန်တော်လို့ နာမ်စားပြန်သုံးလိုက်နဲ့ပဲ ဂေးနတ်ကတော်တွေနဲ့ သူတို့
အလုပ်အကြောင်းကို ဦးချစ်သိန်းမောင်က ပြောပြပါတယ်။
ဦးအောင်မြတ်ခိုင်ကလည်း "ငယ်ငယ်ကတည်းက နတ်ကတော်လုပ်ငန်းတစ်ခုတည်းကိုပဲ
ဝါသနာအရ လုပ်ကိုင်လာတာ။ ကိုယ့်အတွက်လည်း ၁၀၀ ရာခိုင်နှုန်းပြည့် အရေးပါတယ်"လို့
သူ့အလုပ်အကြောင်းကို အားပါးတရကြီး ပြောလိုက်ပါတယ်။ ၀ီကီပီးဒီးယားထဲမှာတော့
ဟိုးအရင်တုန်းက အမျိုးသမီးနဲ့ အမျိုးသားကနားစီးတွေသာ ရှိခဲ့ပေမယ့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်
နောက်ပိုင်း လောက်ကစပြီး မြန်မာနိုင်ငံမှာ ဂေးတွေက နတ်ကတော်အဖြစ် လုပ်ကိုင်လာကြတယ်
လို့ ဖော်ပြထားပါတယ်။
ဦးအောင်မြတ်ခိုင်နဲ့ ဦးချစ်သိန်းမောင်တို့ကတော့ ၁၉၈၀ ပြည့်နှစ်မတိုင်ခင်ကတည်းက
ဂေးနတ်ကတော်တွေအဖြစ် ရပ်တည်လာကြတာမို့ ၁၉၆၀ ပြည့်နှစ်လောက်ကတည်းက
ဂေးနတ်ကတော်ရှိနေခဲ့တယ်လို့ သက်သေပြနေပါတယ်။
ဂေးနတ်ကတော်တွေထဲက ရပ်ကွက်အဆင့်မှာပဲ အလုပ်လုပ်ကိုင်ရသူ၊ အတော်အသင့်
လူသိများသူနဲ့ ထိတ်ထိတ်ကြဲနာမည်ကြီးပြီး တစ်နိုင်ငံလုံးအနှံ့ လှည့်လည်အလုပ်လုပ်ရသူဆိုပြီး
ထင်ပေါ်မှုအလိုက် အဆင့်ကွာခြားကြပါတယ်။
ဦးလေးဖြစ်တဲ့ ၀င်ဒါမီယာ ဦးစွမ် ထံကနေ ပညာအမွေဆက်ခံခဲ့တဲ့ ရန်ကုန် ဦးဝင်းလှိုင်ကတော့
ထိတ်ထိတ်ကြဲအဆင့်မှာ နေရာတစ်နေရာ ရရှိထားသူတစ်ဦးပါ။
ရန်ကုန်မှာမွေးပြီး တရုတ်လူမျိုးဖြစ်ပေမယ့် နတ်ကတော်အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာတဲ့အပြင်
ငယ်စဉ်ကလေးဘ၀ကတည်းက ၀ါသနာကြီးလွန်းတဲ့အတွက်ကြောင့် သူဟာ ကနားစီး
တစ်ယောက်ဖြစ်ဖို့အတွက် မွေးဖွားလာခဲ့သလိုပဲလို့ ဦးဝင်းလှိုင်က ဆိုပါတယ်။
"ကျွန်တော်ငယ်ငယ်လေးကတည်းက ဦးလေး ဖြစ်သူနဲ့ နတ်ပွဲတွေလိုက်သွားလေ့ရှိတော့
အဲဒီကတည်းက အနုပညာပိုးပါခဲ့တာလို့ ထင်ပါတယ်။ နောက်ပြီး သူများအခက်အခဲတွေ၊ သူများ
အပူဆိုရင်လည်း ဦးဆောင်ဖြေရှင်းပေးချင်ခဲ့တာက ၀ါသနာနဲ့အလုပ်ကို တစ်ထပ်တည်း
ကျစေတယ်။ အနုပညာဆိုရင်လည်း အတီး၊ အမှုတ်၊ အက၊ အခုန်၊ အဆို၊ အငိုကအစ ဖြီးလိမ်း
ပြင်ဆင်တာအဆုံး အကုန်ကြိုက်တယ်။ နောက်ဆုံး ကိုယ်လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ
အကုန်လုံးက ဒီတစ်ခုတည်းမှာပဲ စုဝေးနေတယ်လို့ ပြောလို့ရတဲ့အထိဖြစ်တာကြောင့် နတ်ပွဲတွေ
ဘယ်လောက်များများ ပင်ပန်းပေမယ့် ပင်ပန်းရကျိုးနပ်တယ်"လို့ ဦးဝင်းလှိုင်က ပြောပါတယ်။
နတ်ပွဲပေးတဲ့ အချိန်တွေမှာ နတ်ဝတ်တန်ဆာတွေအပြင် ရွှေအတိပြီးတဲ့ ရွှေစလွယ်၊ ဗောင်းတော်
(နဖူးစည်း)၊ ရွှေခါးပတ်၊ ရွှေခြေချင်းနဲ့ လက်ဝတ်တန်ဆာမျိုးစုံကို မျက်စိကျိန်း လောက်အောင်၊
တဖိတ်ဖိတ်လက်အောင်ဆင်ယင်လို့ နတ်ပွဲကလေ့ရှိတဲ့အပြင် သူ့ရဲ့ ဟောချက်၊ ပြောချက်တွေဟာ
မှန်ကန်တဲ့ အတွက်ကြောင့် နတ်ကတော်လောကမှာ နာမည်ကျော်ကြားတဲ့ သူတစ်ဦးလို့လည်း
ပြောလို့ရပါတယ်။

ပွဲကရန် ပြင်ဆင်နေတဲ့ ဦးဝင်းလှိုင်။ သီရိ/မြန်မာတိုင်း(မ်)ပွဲကရန် ပြင်ဆင်နေတဲ့ ဦးဝင်းလှိုင်။ သီရိ/မြန်မာတိုင်း(မ်)
သူ့အိမ်အောက်ထပ် ဧည့်ခန်းမှာလည်း သုံးဆင့်သဏ္ဌာန်နတ်နန်းကြီးကို ဟီးထနေအောင်
ကျကျနနပြုလုပ်ထားပြီး အဲဒီပေါ်မှာတော့ ၃၇ မင်းအစချီလို့ ၁၀၁ ပါးသောနတ်ပုံတော်တွေနဲ့
ပူဇော်ပသထားတဲ့ အုန်းငှက်ပျောပွဲတွေအပြင် အရောင်အသွေးစုံလှတဲ့ ပန်းမျိုးစုံနဲ့ ခမ်းနားထည်ဝါ
လှပါတယ်။
နတ်နန်းကြီးရဲ့ မျက်နှာချင်းဆိုင်မှာတော့ ကျောက်သံပတ္တမြားရောင်စုံနဲ့ ရွှေရောင် တဖိတ်ဖိတ်လက်
နေတဲ့ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးကို ခင်းကျင်းထားပါတယ်။
အဲဒီဆိုင်းဝိုင်းကြီးထဲမှာလည်း တိရစ္ဆာန်ငါးမျိုးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်း
တည်ဆောက်ထားတဲ့ (ပဉ္စရူပ) အရုပ်ကြီးက ဆိုင်းဝိုင်းတစ်ခု ရဲ့ အဓိကကျတဲ့ စည်တော်ကို
ထမ်းပိုးပြီး ကောင်းကင်ပေါ် ပျံတက်တော့မယ့်အလား အသက်ဝင်လှပါတယ်။
"နတ်ပွဲပေးတယ်ဆိုတာက ပွဲပေးတဲ့သူတွေအနေနဲ့ အဓိဋ္ဌာန်အောင်မြင်တဲ့အတွက်ကြောင့်
လုပ်ကိုင်လှူဒါန်းကြတဲ့ အလှူအတန်းတစ်မျိုးပါ။ တော်ရုံဆိုရင် ဥပမာ - ကန်တော့ပွဲ၊ လက်ဖက်ပွဲ
လောက်နဲ့ ပြီးသွားမယ်။ ပိုက်ဆံနဲ့ အရက်ပုလင်းနဲ့လည်း ပြီးရင်ပြီးသွားမှာပဲ။ အောင်မြင်တဲ့သူသာ
အကုန်အကျများများနဲ့ ခမ်းနားကြီးကျယ်တဲ့ နတ်ပွဲကြီးမျိုးကို လှူဒါန်းနိုင်တာပါ။
မအောင်မြင်သေးဘဲနဲ့ လူတစ်ယောက်ကို နတ်ပွဲ လို့ပြောလို့ တော်ရုံဘယ်သူမှ မပေးနိုင်ဘူး"လို့
လူတွေ နတ်ပွဲပေးကြပုံကို ရှင်းပြပါတယ်။
နတ်ပွဲတွေကို မြန်မာနိုင်ငံအထက်ပိုင်းမှာပဲ နတ်ရိုးရာအရ အများဆုံးပြုလုပ်တာမှန်ပေမယ့်
ယုံကြည်ပြီး အလှူအတန်းပြုလုပ်သူတွေကတော့ အောက်ပြည်အောက်ရွာမှာ ပိုလို့များတယ်
လို့လည်း ရန်ကုန်ဦးဝင်းလှိုင်က ဆိုပါတယ်။
ဒါပေမဲ့ ယနေ့ခေတ် အခြေအနေအထားအရ ကုန်ဈေးနှုန်းမြင့်တက်လာမှုအပြင် နေထိုင်မှု
အဆင့်အတန်းတွေလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲလာတဲ့အတွက်ကြောင့် နတ်ပွဲတစ်ပွဲရဲ့
တစ်နေ့တာ ကုန်ကျစရိတ်က အနည်းဆုံး ၁၀ သိန်းကျော်လောက် ရှိတာမို့ နတ်ပွဲပေးနိုင်တဲ့သူတွေ
နည်းလာတယ်လို့လည်း ဆိုပါတယ်။
နတ်ပွဲလုပ်နိုင်သူတွေနည်းလာလို့ အလုပ်ပါးလာသူတွေထဲမှာတော့ အသက် ၅၂ နှစ် အရွယ်
ကနားစီး ဦးဝင်းလှိုင်တော့ မပါဝင်ပါဘူး။
အနုပညာအသိုင်းအ၀ိုင်းအပါအ၀င် အလွှာပေါင်းစုံက လူတန်းစားတော်တော်များများ
လာရောက်လို့ ကနားပေးပူဇော်ပသတာတွေအပြင် အနယ်နယ်အရပ်ရပ်က အထင်ကရနတ်ပူဇော်
ပသတဲ့ပွဲတွေကို သွားရောက်နေရတာကြောင့် အိမ်မှာအေးအေးလူလူ နားနေရတဲ့အချိန်ဆိုတာ
မရှိသလောက် နည်းတယ်လို့ သူက ဆိုပါတယ်။
"နတ်ပညာဆိုတာ အတန်းပညာလို မဟုတ်ဘူး။ သင်တိုင်းလည်း မတတ်တဲ့ပညာထဲမှာ ပါတယ်။
ကိုယ့်ဆီမှာ ဓာတ်ခံ၊ ပါရမီခံရှိမှ ရတယ်။ နောက်ပြီး ဆရာကောင်းလက်ထဲကလည်း ထွက်ရမယ်။
ငယ်ငယ်ကတည်းက ဖြစ်ချင်တာ၊ သိချင်တာရှိရင် တတ်ကျွမ်းတဲ့ သူတွေဆီမှာ ဆည်းကပ်
မေးမြန်းဖို့ လိုအပ်တယ်"လို့ နတ်ကတော်တစ်ယောက်ရဲ့ လိုအပ်ချက်ကို ပြောပြပါတယ်။
သူကိုယ်တိုင်လည်း သိချင်တဲ့အရာကို တတ်ကျွမ်းသူထံမှာ မေးမြန်းဖို့ ၀န်မလေးခဲ့သလို ဒီနေ့လို
လူသိများတဲ့ နတ်ကတော်တစ်ယောက်ဖြစ်လာဖို့ ဘယ်နတ်ကို ဘယ်လိုချော့ပြီး ဘယ်လိုနတ်သံ
ပစ်ရတယ် ဆိုတာမျိုးကအစ သူ့ကို သင်ကြားပေးသူတွေ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။
"လူတစ်ယောက်က ကံအရမ်း နိမ့်နေတယ်။ အဲဒီလို လူတစ်ယောက်ကို နတ်တင်လိုက်လို့
သူ့အခက်အခဲက ပြေချင်မှပြေမယ်။ အဲဒီတော့ လိုအပ်တဲ့ မြန်မာ့ရိုးရာဗေဒင်အတတ်ပညာတွေကို
တတ်မြောက်ထားရမယ်။ လူတစ်ယောက်ရဲ့ ကံအခြေအနေတွေကို တွက်ချက်ရမယ်။ သူဖြစ်နေတဲ့
အဆိုးတွေကိုပြေအောင်၊ ကျေအောင် မြန်မာလူမျိုးတွေရဲ့ ရှေးရိုးအခြေခံနည်းကို အခြေခံပြီးတော့
လုပ်ပေးတာကျတော့ သူ့အတွက်လည်း အဆင်ပြေတယ်။ ခုနစ်ရက်သားသမီးအများစုက
အထူးသဖြင့် ကျန်းမာရေး၊ နာမည်ပေး၊ အိုးအိမ်အသစ်ဆောက်၊ စီးပွားရေးလုပ်ငန်းတွေနဲ့
ပတ်သက်လို့ လာပြီးတိုင်ပင်ကြတာတွေ ရှိတယ်"လို့လည်း နတ်ကတော်တွေရဲ့ လုပ်ငန်းစဉ်တွေကို
ပြောပြပါတယ်။
 ပွဲကရန် ပြင်ဆင်နေတဲ့ အဖွဲ့သားတစ်ဦး။ သီရိ/မြန်မာတိုင်း(မ်)ပွဲကရန် ပြင်ဆင်နေတဲ့ အဖွဲ့သားတစ်ဦး။ သီရိ/မြန်မာတိုင်း(မ်)
ဦးအောင်မြတ်ခိုင်က "အရင်က မိန်းမလျာနတ်ကတော်နဲ့ တိုင်ပင်တာကို မိန်းမက လက်ခံပေမယ့်
ယောက်ျားက မကြိုက်တာတွေ ကြုံခဲ့ရဖူးတယ်။ ဒါပေမဲ့ ကိုယ်က တည်တည်တံတံ့ လုပ်တာ
ဆိုတော့ တဖြည်းဖြည်း လက်ခံလာကြပါပြီ"လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
နတ်ကတော်တွေ ကိုယ်တတ်တဲ့အလျောက် စိန်၊ ရွှေ လက်ဝတ်ရတနာတွေ သီးနေအောင်
ဝတ်ဆင်ကြတာဟာ သူတို့အသိုင်းအ၀ိုင်းရဲ့ ထုံးစံတစ်ခုဖြစ်တယ်လို့လည်း ဦးချစ်သိန်းမောင်က
ဆိုပါတယ်။
"ဒီအလုပ်က ၀တ်နိုင်စားနိုင်တယ်၊ လူတန်းစေ့နေနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ၀တ်ထားတဲ့
လက်ဝတ်လက်စားတွေကနေ သိနိုင်တာပေါ့။ ဒီလိုဝတ်နိုင်စားနိုင်မှလည်း ကိုယ့်ဆီလာတဲ့
ဧည့်သည်တွေက ကိုယ့်အပေါ် ယုံကြည်မှု ပိုကြတယ်"လို့ လည်း သူက ပြောပါတယ်။
နတ်ကတော်တစ်ယောက် နတ်ကနားတစ်ခု ကတဲ့အခါ ရရှိတဲ့ ကန်တော့ကြေးကိုတော့
ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ဦးအောင်မြတ်ခိုင် အပါအ၀င် ရန်ကုန် ဦးဝင်းလှိုင်ရော၊ ဦးချစ်သိန်းမောင်
ကပါ ငြင်းဆိုကြပါတယ်။
ကနားစီးနာမည်ကြီးတဲ့အလျောက် ပွဲငှားတဲ့အလှူရှင်တွေကလည်း ထိတ်ထိတ်ကြဲတွေဖြစ်နေတတ်
ပြီး ပွဲလာပရိသတ်တွေကလည်း ငွေကြေးပေါများတဲ့ လူချမ်းသာတွေများတယ်ဆိုရင် ဂဏန်းကြီးတဲ့
ပိုက်ဆံတွေနဲ့ ကျောက်၊ သံ၊ ပတ္တမြားလက်ဝတ်ရတနာတွေကို ပလူပျံနေအောင် လှူဒါန်းတတ်ကြ
ပါတယ်။
နာမည်ကြီးကနားစီး တစ်ယောက်မှာ နောက်လိုက် နောက်ပါ တပည့်တပန်းတွေ များစွာရှိတတ်ပြီး
သူတို့ တွေဟာလည်း ဂေးတွေဖြစ်ကြပါတယ်။
တချို့တွေက ကနားစီးအိမ်မှာပဲ မိသားစုပုံစံ နေထိုင်ကြတာ ဖြစ်ပါတယ်။
"ကိုယ်ကလည်း ဂေးဆိုတော့ နောက်လိုက်ကလည်း ဂေးမှပဲ အဆင်ပြေတယ်။ ကိုယ့်အချင်းချင်း
ဆိုတော့ စကားပြောရတာကအစ အစစအရာရာ အဆင်ပြေတယ်"လို့ ဦးအောင်မြတ်ခိုင်က
ဆိုပါတယ်။
နာမည်ရနေပြီးဖြစ်တဲ့ နတ်ကတော်တွေအနေနဲ့ကတော့ နတ်လုပ်ငန်းကို အသက်မွေးဝမ်းကျောင်း
တစ်ခုလို ရေရှည်လုပ်ကိုင်နိုင်ပေမယ့် ပူဇော်ပသသူနည်း၊ အခြွေအရံနည်းတဲ့ သူတွေအဖို့တော့
တခြားအသက် မွေးဝမ်းကျောင်းပညာတွေကို တွဲဖက်လုပ်ကိုင်ကြရတယ်လို့ မြောက်ဒဂုံမှာ
နေထိုင်တဲ့ မိတ်ကပ် ကိုလှမျိုး က ဆိုပါတယ်။
"အရင်တုန်းက နတ်ပွဲလုပ်ဖို့ကို ပါမစ်မလိုဘူး။ အခုက ပွဲပါမစ် ယူရတာတွေ၊ ကုန်ကျစရိတ်
များလာတာတွေကြောင့် နတ်ပွဲပေးနိုင်တဲ့သူတွေ နည်းလာကြပြီ။ ဒါကြောင့် တချို့
ဂေးလ်နတ်ကတော်တွေဆိုရင် နတ်ပွဲတစ်ပွဲရဲ့ ၀င်ငွေနဲ့ပဲ ရပ်တည်လို့ မရတော့ဘူး။ အစ်မနဲ့ ဘ၀တူ
သူငယ်ချင်း မြောက်ဥက္ကလာမှာနေတဲ့ ကိုမျိုးဆန်းဆိုရင် နတ်ပွဲရှိရင် သွားကတယ်။ နတ်ပွဲမရှိရင်
အင်္ကျီချုပ်တာတို့၊ အလှပြင်ပေးတာတို့ တွဲလုပ်ရတယ်"လို့ ဆိုပါတယ်။
နတ်ကတော်တွေအနေနဲ့သာ ပညာရှင်တွေမဟုတ်ဘဲ သူတို့လို မိတ်ကပ်ခြယ်မှုန်းပေးသူ ဂေးတွေ
ဟာလည်း ပညာရပ်တစ်ခုနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်လို့ လူတွေရဲ့ လေးစားမှုကို
ခံရပါတယ်လို့ ဆိုပါတယ်။
"ဟိုးတုန်းက ဂေးဆိုရင် ရှောက်သီးဆေးပြားရောင်းတဲ့သူနဲ့ နတ်ကတော်တွေပဲ ရှိတယ်။
ဂေးနတ်ကတော်တွေအနေနဲ့ လက်အုပ်ချီ ကန်တော့ခံပြီး ဆရာလို့အခေါ်ခံရသလို အစ်မတို့
မိတ်ကပ်ဆရာတွေလည်း ဆရာလို့ အခေါ်ခံရတာပါပဲ။ ဂေးဆိုရင် ဘယ်လိုအလုပ်ပဲလုပ်လုပ်
ဂေးပါပဲ။ နတ်ကတော်အလုပ်လုပ်နေပေမယ့်လည်း ဂေးဖြစ်ရင် အစ်မတို့နဲ့ တစ်တန်းစားထဲပဲ၊
အတူတူပဲ။ သူတို့လည်း သူတို့အစွမ်းအစနဲ့ ရပ်တည်ရသလို အစ်မတို့လည်း ကိုယ့်အတတ်ပညာနဲ့
ကိုယ် ရပ်တည်ရတာပါပဲ"လို့ ကိုလှမျိုးက ဆိုပါတယ်။
လူတွေ အလေးထားကြတယ်ဆိုတဲ့ နတ်ကတော်တွေထဲမှ နယ်ပယ်တိုင်းမှာ တွေ့ရလေ့ရှိတဲ့
စုန်းပြူးနတ်ကတော်တွေလည်း ရှိကြတယ်လို့ နတ်ကတော်တွေက ဆိုကြပါသေးတယ်။
တစ်ဖက်ကလည်း ရန်ကုန် ဦးဝင်းလှိုင်လိုမျိုး ပြည်တွင်းမှာ ပြုလုပ်တဲ့ နတ်ပွဲတွေမှာသာမက
ပြည်ပနိုင်ငံ တွေဖြစ်တဲ့ ဆွစ်ဇာလန်၊ မော်ရိုကို၊ ဂျပန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေမှာလည်း မြန်မာ့ရိုးရာ
ဆိုင်းဝိုင်းနဲ့အတူ မြန်မာနတ်ပွဲတော်ကို သွားရောက်ဖျော်ဖြေရတဲ့ နတ်ကတော်တွေရှိတာမို့လည်း
နတ်ကတော်လောကကို ဂုဏ်တင့်စေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
"ကျွန်တော် ဖြတ်သန်းတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေ၊ ဘ၀တစ်လျှောက် နတ်လောကနဲ့
ပတ်သက်တဲ့ ပူဇော်ပသပုံတွေကို 'မြန်မာ့ဓလေ့ရိုးရာ နတ်ပူဇော်ပွဲ'ဆိုတဲ့ အမည်နဲ့
စာတမ်းပြုစုနေတယ်"လို့ ဦးဝင်းလှိုင်က ပြောပါတယ်။
  နန္ဒာအောင်  / မြန်မာတိုင်း(မ်)

Posted by Unknown on Sunday, June 15, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive