ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲများ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)   ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ရန် တပ်မတော် အပေါ် စိန်ခေါ်တိုက် တွန်းပြုခြင်းကို တပ်မတော်သားများဘက်ကလည်း သတ္တိမရှိရင် စစ်သားမလုပ်ဟု ပြန်လည်
တုံ့ပြန် ပြောဆိုလိုက်ကြောင်း သိရှိရသည်။

"စဉ်းစားကြည့်ပေါ့ဗျာ သတ္တိမရှိဘဲနဲ့တော့ စစ်သား မလုပ်ပါဘူး"ဟု ပြည်သူ့လွှတ်တော်တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ငွေစိုးက ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများ သည် နိုင်ငံရေးသမားတစ်ယောက်အနေဖြင့် ပြောဆိုခြင်းဖြစ်ပြီး မိမိအနေဖြင့် ဝေဖန်ချက် တစ်စုံတစ်ရာ မပေးလိုကြောင်း၎င်းက ပြောသည်။

"ဒါပေမဲ့ ကျွန်တော်ပြောချင်တာက လွှတ်တော်မှာရှိတဲ့ တပ်မတော်သားတွေ ဆိုတာ တာဝန်ထမ်းဆောင်နေတာပါ။ သူပြောသလို (တပ်က ထွက်ပြီး နိုင်ငံရေးလုပ်ရန်)လုပ်သင့်ရင်လည်းလုပ်ရမှာပဲ။ လက်ရှိ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ထိန်းသိမ်းပေးဖို့ပဲ ကျွန်တော်တို့
လုပ်နေတာ။ လွှတ်တော်မှာလည်း နိုင်ငံရေးအရ စွက်ဖက်တာမျိုးမရှိပါဘူး။ ကောင်းတာတွေဝိုင်းလုပ်တယ်။ ၀ိုင်းဆွေးနွေးတယ်။ ဒါမျိုးလုပ်ပေးဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားတာ။ ကျန်တာ ဘာမှ ကန့်သတ်ချက်မှ မရှိဘူး"ဟု ဒုတိယ ဗိုလ်မှူးကြီး ငွေစိုးက ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သမ္မတတို့ကို နမည် တပ်၍ စိန်ခေါ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က မေလ ၁၈ ရက် မန္တလေးမြို့၊ အောင်ပင်လယ် အားကစား ကွင်း၌ ၈၈ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )နှင့် ပူးပေါင်း ဆောင်ရွက်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲတွင်
ပြောကြားခဲ့ခြင်းကို ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

တပ်မှထွက်၍ နိုင်ငံရေး လုပ်ခြင်းသည် ပညာရှိခြင်း၊ သတ္တိရှိခြင်း၊ မိမိကိုယ်မိမိ ယုံကြည်ခြင်းနှင့်ပြည်သူလူထုကို စေတနာထားရာရောက်ကြောင်း ပြောဆိုသည်။

"နိုင်ငံရေး လုပ်ချင်ရင် တပ်ထဲက ထွက်။ ဒါဟာ ပညာကိုလည်း ပြတယ်။ သတ္တိကိုလည်း ပြတယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပြည်သူတွေ အပေါ်မှာထားတဲ့ စေတနာကိုလည်း ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အာဏာကိုမှ အားကိုးစရာ
မလိုဘူး"ဟု ၎င်းက ပြောဆိုခဲ့သည်။

"သိက္ခာရှိရှိ ဣနြေ္ဒရရနဲ့ ပြည်သူလူထုရဲ့ ဩဘာကို ခံပြီးတော့ ရုပ်သိမ်းပုံ၊ ရုပ်သိမ်းနည်းကို မလိုချင်ကြဘူးလားလို့ ကျွန်မက မေးချင်ပါတယ်။ အဲဒီနည်းကတော့ လွှတ်တော်အတွင်းမှာ ကိုယ်က လိုလိုချင်ချင်နဲ့ နိုင်ငံရဲ့ အနာဂတ်ကို စဉ်းစားပြီးတော့၊ လူထုရဲ့ ဆန္ဒကို အလေးထားပြီးတော့ ဆုတ်သင့်တဲ့ အချိန်မှာ သိက္ခာရှိရှိဆုတ်ပါ။ ဘာမှ စိုးရိမ်စရာ မရှိဘူး"ဟု ၎င်းက
ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အင်န်အယ်လ်ဒီပါတီအနေဖြင့် လူထုစည်းရုံးရေးများ ပြုလုပ်ရာတွင် တပ်မတော်အပေါ် စည်းရုံး ပြောဆိုမှုများ ရှိခဲ့ ဖူးသော် လည်း ရာထူး၊ အမည်တပ်ကာ ဝေဖန်ပြောဆိုခဲ့ခြင်း မရှိခဲ့ဖူးပေ။ သို့သော် ယခုလူထု ဟောပြောပွဲတွင် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စသည်ဖြင့် အမည်တပ်ကာ ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲများတွင် တပ်မတော်အပေါ် ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ ထောက်ခံသူများ ရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုအင်အားသုံးကာ
တပ်မတော်နှင့် ထိပ်တိုက်တွေ့ရန် စိန်ခေါ်လိုက်ခြင်းအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို ပိုမိုအလှမ်းဝေးကွာစေကြောင်း ဝေဖန်သူများလည်း ရှိသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၈၈ နှင့် ပူးပေါင်းကာပြင်ဆင်ရေး လှုပ်ရှားမှုများ၊ ဟောပြောပွဲများ၊ ဆန္ဒလက်မှတ် ရယူခြင်းများသည် လုပ်သင့်လုပ်ထိုက်သည့် နည်းလမ်းများဖြစ်သော်လည်း လက်တွေ့တွင် တပ်မတော်၏ သဘောထားကိုပြောင်းလဲရန် မလွယ်ကူကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

"အရင်တုန်းကလည်း ဒီလို လက်ခုပ်ဩသံတွေ ရခဲ့တာပဲ။ ဒါပေမဲ့ လက်တွေ့မှာ ဘာမှ အရာမထင်ခဲ့ဘူး။ အခုလည်း လူထုလက်ခုပ်သံတွေ ကတော့ ရမှာပဲ။ တပ်ဘက်က ကရုဏာသက်ရင်လည်း သက်မှာပေါ့။ ဒါပေမဲ့ အလုပ်တော့ သိပ်မဖြစ်နိုင်ဘူး။ "အခုအချိန်က အထက်စီးကပြောလို့လည်း သိပ်အဆင် မပြေလောက်ဘူး။ ပုဒ်မ ၄၃၆ ကို လွှတ်တော်က ပြင်ဖို့ဆိုတာ အခြားကိုယ်စားလှယ်တွေက လက်ခံရင်တောင် တပ်မတော်သား ကိုယ်စားလှယ်ကျတော့ အမိန့်အတိုင်း သွားတာလေ။ မဲခွဲ ဆုံးဖြတ် ရင်တောင် သူတို့က ဘယ်လိုလဲဆိုတာ မသိသေးဘူး"ဟု အမျိုးသား ဒီမိုကရေစီ
အင်အားစု ပါတီမှ ဦးဖုန်းမြင့်အောင် က ပြောသည်။

"အာဏာသိမ်းတယ်ဆိုတာတော့ မဆန်းပါဘူး။ အခုလည်း ထိုင်းမှာ ဒီလိုအနေအထားမျိုးဖြစ်သွားပြီ။ ဒါပေမဲ့ (မြန်မာပြည်မှာ) ၈၈ လိုတော့ ထပ်အဖြစ်ခံမယ် မထင်ဘူး။ အရင်တုန်းကတော့ တပ်က ဒီအတိုင်းပဲ အာဏာသိမ်းတာပေါ့။ အခုကတော့ ဖြစ်ရင် ဥပဒေနဲ့ကို သိမ်းမှာ။ သိမ်းဖို့
ဥပဒေလည်း ရှိပြီးသားပဲ။ ရန်ကုန်မှာဖြစ်ရင် ရန်ကုန် သိမ်းမယ်။ မန္တလေးဖြစ်ရင် မန္တလေးပဲ။ ဘာဖြစ်မလဲဆိုတာ သေချာတော့ မပြောနိုင်ဘူး။ အခု ပြဿနာက ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို လက်ကမ်းနေပေမယ့် တပ်မတော်က သူကို မယုံလို့ လက်မထုတ်တာဘဲ" ဟု ဦးဖုန်းမြင့်အောင် ကပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကမူ လက်ရှိ လွှတ်တော်တွင် ပါဝင်နေရခြင်းသည် မည်သည့် နိုင်ငံရေးပါတီနှင့်မှ ထိပ်တိုက် တွေ့လိုခြင်း မရှိဘဲ နိုင်ငံ၏ လိုအပ်ချက်အရ ပါဝင်နေခြင်းဖြစ်ကာ တိုင်းပြည် အခြေအနေပေါ် မူတည်ကာ ဆုတ်ခွာရန် အစီအစဉ်များ ရှိကြောင်း ပြောသည်။

"နိုင်ငံရေး လုပ်တယ်ဆိုတာကတော့ လွှတ်တော်က ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ လုပ်လို့ရနေတာပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုတာ ပြင်ဖို့ခက်တာလည်း ရှိမယ်။ လွယ်တာလည်းရှိမယ်။ အခု ၇၅ ရာခိုင်နှုန်းကျော်ဆိုတာလည်း အခြေအနေအရ အရင်လူတွေက လိုအပ်လို့
လုပ်ခဲ့တာဖြစ်မှာပါ။ တပ်မတော်နဲ့ ထိပ်တိုက် ရင်ဆိုင်မလား။ မဆိုင်ဘူးလား ဆိုတာကတော့သူ့(ဒေါ်အောင်ဆန်းစုကြည်) အပိုင်းပါပဲ"ဟု ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်ဗိုလ်မှူးကြီး မြင့်ကိုကိုက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်တို့က စတင်ပြီး နောက်ကြောင်း ပြန်လှည့်မယ် ဆိုတာကို ထုတ်ဖော်လိုက်တာပဲ။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံနဲ့ ပြည်သူလူထုအတွက် ဘာမှ မကြည့်ဘူး။ ကိုယ်အာဏာ ရဖို့ပဲ ကြည့်တယ် လို့ ကျွန်တော် ပြောချင်တယ်။ လမ်းပေါ်ထွက် ဆူပူအုံကြွရင် သူတို့က သေမှာ မဟုတ်ဘူး။ နိုင်ငံတကာက ပေးတဲ့ ဆုတွေ သူတို့ပဲ ရမှာ။ ၈၈ အရေးအခင်းကို မသိမမီလိုကတဲ့ ဒီကနေ့ လူငယ်တွေ ဒုက္ခရောက်မယ်။ သေမယ်။ ကျောင်းတွေပိတ်မယ်။ စက်ရုံတွေ ပိတ်ရမယ်။ ဘယ်သူ့အတွက်မှ မကောင်းဘူး။ သူတို့ လုပ်လို့ အောင်မြင်လာမှာလည်း မဟုတ်ဘူး။ အခုဟာက GSP တွေ ရလို့ အထည်ချုပ်တွေ များလာ၊ အလုပ်တွေ ပေါလာနေတာ။ ကောင်းတော့မယ့် အခြေအနေကို ပျက်စီးအောင် ဖျက်ဆီးမယ့်သူတွေ လို့ ပဲ ပြောချင်တယ်။ တိုင်းပြည် ကောင်းအောင် ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ မေးချင်တယ်။ ဆန်ရှင်တွေ ပိတ်ပါ ပြောတာ သူ။ စီးပွားရေး လုပ်ငန်းတွေ မလာပါနဲ့၊ ရင်းနှီးမြုပ်နှံတာတွေ မလုပ်ပါနဲ့ ပြောတာလည်း သူပဲ။ အစိုးရက နိုင်ငံတကာကို ပတ်ပြီး လာပါ ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က မလာပါနဲ့ ပြောတယ်။ မြန်မာနို်င်ငံအကြောင်း မကောင်းကြောင်းတွေပဲ ပတ်ပြီး ပြောနေတာ။ အခုလဲ လာပြန်ပြီ။ လူထုကို လမ်းပေါ်ထွက်ဖို့။ စစ်တပ်က ကြည်ကြည်ဖြူဖြူ လက်ခံဖို့ မမျှော်လင့်နဲ့။ ကျွန်တော်တို့လို ကြားကလူ တွေတောင် သူတို့ ပြောတာ လက်မခံဘူး” ဟု အမျိုးသားရေးကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။
From: မြန်မာတိုင်းမ်

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive