ကေဇူး

ရခိုင်ရှေးဟောင်းမြို့များကို ဖြတ်သန်း ဖောက်လုပ်သည့်အတွက် ဒေသခံများ ကန့်ကွက်ထားသည့် ရထားလမ်းစီမံကိန်းကို ပြန်လည်စတင်ရန် အစိုးရအဖွဲ့က စစ်တမ်းများ ပြန်လည်ကောက်ယူခဲ့သည်ဟု ရခိုင်ပြည်နယ် ပို့ဆောင်ရေးဝန်ကြီး ဦးလှဟန်က ပြောဆိုလိုက်သည်။

အဆိုပါစီမံကိန်းကို ၂၀၁၀ ခုနှစ်က စတင်ခဲ့ပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ၂၀၁၄ ခုနှစ် မတ်လတွင် ရပ်နားထားခဲ့ခြင်းဖြစ်ကာ သုံးလအကြာတွင် ပြန်လည် စတင်ရေးအတွက် လူထုနှင့် တွေ့ဆုံခြင်း၊ စစ်တမ်းကောက်ယူခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ရှေးဟောင်းနယ်မြေထဲက ဖြတ်တယ်ဆိုတာလဲ မှန်တယ်၊ ဒါပေမဲ့ သူတို့ တင်ပြသလို အခြားနေရာက ဖောက်မယ်ဆိုရင် ကုန်ကျမယ့်ငွေကြေးနဲ့ အခြားအခက်အခဲတွေကိုလည်း ထည့်တွက်ဖို့လိုတယ်” ဟု စစ် ဆေးရေးအဖွဲ့တွင် ပါဝင်သော ပြည်နယ် ၀န်ကြီးဦးလှဟန်က ဆိုသည်။

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့ သုံးမြို့ကို ဖြတ်သန်းဖောက်လုပ်ရမည့် စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းကို ပြန်လည် စတင်ရန် ဒေသခံများ၏ တင်ပြချက်မှန် မမှန်နှင့် အမှန်တကယ် ယဉ်ကျေးမှုနယ်မြေများ ထိခိုက်မှုရှိမရှိ စစ်ဆေးရန် ပြည်နယ်အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များကို မေ ၂၃ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကုန်ကျခဲ့တဲ့ငွေကြေးတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို မလဲနိုင်ပါဘူး၊ မြို့ဟောင်းတွေကို မရှောင်ဘဲ ဖောက်ရင်တော့ ကန့်ကွက်ရမှာပဲ” ဟု မြောက်ဦးဒေသခံ ဦးမောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့၏ စစ်ဆေးမှုအရ အဆိုပါရထားလမ်းသည် ဓည၀တီမြို့ဟောင်း၊ ဝေသာလီမြို့ဟောင်းတို့၏ မြို့ရိုးများကို ဖြိုချလိုက်ရခြင်း၊ မြောက်ဦးမြို့ ဟောင်း၏ အလယ်ကို ဖြတ်သန်းခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

လက်ရှိတွင် မြောက်ဦးမြို့၏ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သော ကိုးသောင်းဘုရား နှင့် ပေ ၂၇၀ အကွာက ရထားလမ်းဖောက် လုပ်မည်ဆိုသဖြင့် ဒေသခံများကန့်ကွက်ရာမှ ထိုစီမံကိန်းကို ရပ်နားထားခြင်းဖြစ်သည်။

“ဒေသခံတွေက ရှေးဟောင်းသုတေသနအဖွဲ့က ရခိုင်ရှေးဟောင်းအမွေအနှစ်တွေရဲ့တန်ဖိုးကို မသိဘူးလို့ ဆိုလာတယ်၊ ဒါကြောင့် သူတို့ ကိုယ်တိုင်သွားရောက် လေ့လာပြီးမှ ဒီစီမံကိန်းကို ပြန်လုပ်ဖို့ တင်ပြထားတယ်” ဟု ဆိုသည်။

စစ်တွေ-မင်းဘူး ရထားလမ်း ဖောက်လုပ်ခြင်းဖြင့် မြောက်ဦးမြို့သို့ ခရီးသွားများ ၀င်ရောက်နိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဟု အစိုးရအဖွဲ့က မျှော်လင့်ထားသည်။ ဒေသခံများကမူ အဆိုပါစီမံကိန်းကြောင့် ဖွံ့ဖြိုးလာရန် မရှိဟု သုံးသပ်သည်။

ယင်းရထားလမ်းစီမံကိန်းသည် လက်ရှိဖောက်လုပ်ပြီး အခြေအနေထိ အစိုးရ၏ ဘတ်ဂျက် ကျပ်ငွေ ၃၅ ဘီလီယံအထိ ကုန်ကျပြီးဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးဦးလှဟန်က ပြောသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive