၁၉၉၀ ကျော် နှစ်ကာလများက ဖြစ်ပါတယ်။ အဲဒီအချိန် အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းအဖွဲ့အတော်များများ မြို့ပေါ်တက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကြပါတယ်။ အဲဒီအဖွဲ့တွေ အထူးအခွင့်အရေးရအောင် စစ်ထောက်လှမ်းရေးအဖွဲ့တွေက အကူအညီ ပေးကြပါတယ်။ တချို့နေရာတွေမှာ ပေါင်းလုပ်ကြပါတယ်။ ကျောက်စိမ်းတူးလည်း ငြိမ်းအဖွဲ့၊ သတ္တုတူးလည်း ငြိမ်းအဖွဲ့၊ ကုန်သွယ်လည်း ငြိမ်းအဖွဲ့၊ ရေသန့်ထုတ်လည်း ငြိမ်းအဖွဲ့၊ ဓာတ်ဆီရောင်းလည်း ငြိမ်းအဖွဲ့၊ ငါးဒိုင်ဖွင့်လည်း ငြိမ်းအဖွဲ့ (မြစ်ကြီးနား)၊ နောက်ဆုံးကုန်ကုန် ကာရာအိုကေ၊ မာဆတ်ဖွင့်တော့လည်း ငြိမ်းအဖွဲ့ဆိုတာမျိုးအထိ အခွင့်ထူးတွေ ပေးခဲ့၊ ယူခဲ့၊ ရခဲ့ ကြပါတယ်။ အဲဒီအချိန်တုန်းက သာမန်ပြည်သူတွေကြားမှာ ပြက်ရယ်ပြုစရာ စကားတစ်ခု ရှိခဲ့ပါတယ်။ ဒီလိုမှန်းသိရင် ငါတို့မိသားစု လေးငါးယောက်လောက် တောခို၊ လက်နက်ကိုင်ပြီး အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ခဲ့ကြရင် ကောင်းသားဆိုတဲ့ စကားမျိုးဖြစ်ပါတယ်။ အခုခေတ်တွေစနစ်တွေ ပြောင်းပြီဆိုတော့ အဲဒီပြက်ရယ်ပြုခဲ့တဲ့ စကားခေတ်မမီတော့ဘူးလားလို့ မေးစရာရှိပါတယ်။ ခေတ်မီပါသေးတယ်ဆိုတာ ဒီကနေ့ ခပ်မြန်မြန် ရှင်းပြပါ့မယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်က ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတရုံးကို စာနှစ်စောင်ပေးပို့ ပါတယ်။ ပထမတစ်စောင်ကတော့ နိုင်ငံရေးပါတီတွေ ရုံးခန်းဖွင့်လှစ်နိုင်ရေး အဆောက်အအုံ၊ ဒါမှမဟုတ် မြေနေရာ ရရှိနိုင်ရေးအစိုးရအဖွဲ့က စီစဉ်ပေးဖို့ တင်ပြတဲ့ စာပါ။ စာမှာဖော်ပြထားတာကတော့ လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီ ၆၅ ပါတီကို မှတ်ပုံတင်ပေးခဲ့ပြီဖြစ်တဲ့ အကြောင်း၊ ဒီပါတီတွေဟာ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးမှာ အဓိကကျတဲ့ အင်အားစုတွေ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့လည်း သူတို့ခမျာများ ပါတီဌာနချုပ်ဖွင့်ဖို့၊ ပြည်နယ်နဲ့ တိုင်းတွေမှာ ရုံးခန်းတွေ ဖွင့်လှစ်ဖို့ အခက်အခဲတွေ ရှိနေတဲ့အကြောင်း၊ ဒါကြောင့် နိုင်ငံတော်ပိုင် လစ်လပ်နေတဲ့ အဆောက်အအုံတွေ၊ တိုက်ခန်းတွေ၊ မြေကွက်တွေရှိရင် စီစဉ်ပေးစေလိုတဲ့ အကြောင်းတင်ပြထားတာ ဖြစ်ပါတယ်။ ဒါက တစ်စောင်ပါ။

နောက်တစ်စောင်ကတော့ နိုင်ငံရေး ပါတီတွေခမျာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ၊ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေ တွေ့နေတဲ့အကြောင်း၊ ဒါကြောင့် သူတို့လုပ်ငန်းတွေ လွယ်ကူအဆင်ပြေစွာ လုပ်ကိုင်နိုင်ဖို့ တစ်ပါတီကို ကားငါးစီးလောက် အခွန်ကင်းလွတ်ပြီး တင်သွင်းခွင့်ပေးဖို့ဆိုပြီး ပါပါတယ်။

ဒါတွေဟာ ပါတီတွေအတွက် ၀မ်းသာစရာလား၊ ပြည်သူတွေနဲ့ တိုင်းပြည်အတွက် ကောင်းတဲ့လုပ်ရပ်လား ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။ အားလုံးသိကြတဲ့အတိုင်း လက်ရှိ နိုင်ငံရေးပါတီ ၆၅ ပါတီထဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ တစည ပါတီဟာ အရင်အစိုးရနှစ်ဆက်ကို ဆက်ခံခဲ့တဲ့ ပါတီတွေဖြစ်ပြီး ပါတီဝင်တွေတင်မက ပါတီပိုင် အဆောက်အအုံ၊ မော်တော်ကား၊ မြေကွက်၊ စီးပွားရေးလုပ်ငန်း၊ ဘဏ္ဍာငွေကြေး အားလုံးကို လက်ခံရရှိခဲ့တာပါ။ နိုင်ငံတော်ပိုင်ဆိုတာ ပြည်သူတွေ ပိုင်တဲ့ ပစ္စည်းဥစ္စာတွေပဲလို့ သတ်မှတ်ခဲ့ရင် အဲဒီနှစ်ပါတီဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို မတရားတဲ့နည်းလမ်းနဲ့ လက်ခံရယူခဲ့တာပါ။ တခြားပါတီတွေနဲ့ မတူတဲ့၊ မျှတမှု မရှိတဲ့နည်းလမ်းနဲ့ ရုပ်ဝတ္တုပစ္စည်းတွေ ရရှိထားတာပါ။ အားလုံးသိကြတဲ့အတိုင်း ပြည်ခိုင်ဖြိုး ပါတီဆိုသူတို့ ပါတီ ပိုင်ဆိုင်မှုကို ဖော်ပြလို့မရဲလောက်အောင် အများအပြား ပိုင်ဆိုင်ထားပါတယ်။ ထားပါ ဒါက အရင်စစ်အာဏာရှင်တွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး အရယူထားတာတွေလို့ ပြောရင် ရနိုင်ပါတယ်။

ဒီလို မမျှမတဖြစ်နေပြီဆို ကျန်ပါတီတွေဟာ သူတို့ပါတီ ရပ်တည်ရေးအတွက် အသည်းအသန် ရုန်းကန်ရ ပါတော့တယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ ပါတီ ၃၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အမှန်ပြောရရင် စစ်အစိုးရက တစ်ဖက်သတ် ဥပဒေ၊ စည်းကမ်းချက်တွေနဲ့ စိတ်ကြိုက်ကျင်းပပေးတဲ့ အဲဒီရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့်ပါတီ ဒီလောက်များတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ စည်ကားအောင်၊ ပါတီတွေ အများကြီး ၀င်ပြိုင်တယ် ထင်ရအောင် စစ်အစိုးရက တိတ်တဆိတ် ထောက်ပံ့ထားတဲ့ ပါတီတွေလည်း အဲဒီအချိန်က မှတ်ပုံတင်ရွေးကောက်ပွဲ ၀င်ခဲ့ကြပါတယ်။ ရန်ကုန်မှာတင် အဲလို ပါတီ ရှစ်ပါတီရှိပါတယ်။ တချို့ပါတီတွေကိုဆိုရင် နာမည်ကြီး လမ်းတစ်ခြမ်းခင်းသူကြီးက သူ့ရဲ့ဌာနပိုင် တိုက်ခန်းတွေမှာ ရုံးခန်း ဖွင့်ခွင့်ပေးတဲ့အထိ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် အရင်စစ်အစိုးရဟာ ရွေးကောက်ပွဲကို ပါတီများများ ၀င်တယ်ထင်အောင် အလံရှူးပါတီတွေ ပေါ်ပေါက်အောင် လုပ်ခဲ့တာပါ။

အခုလည်း အစိုးရအတွက် အဲလို နိုင်ငံရေးပါတီမျိုးတွေ လိုအပ်နေပါသေးတယ်။ သူတို့တွေဟာ ပြည်သူလူထုထောက်ခံမှု မရတဲ့တိုင်၊ လွှတ်တော်ထဲလည်း တစ်ယောက်မှ မရောက်တဲ့တိုင်၊ ကိုယ်ကျိုးစီးပွားကလွဲပြီး ပြည်သူလူထု ကောင်းရာကောင်းကျိုး ဘာမှမလုပ်တဲ့တိုင် အင်န်အယ်လ်ဒီလို အတိုက်အခံပါတီကြီးကို ထိန်းတဲ့နေရာမှာတော့ ကောင်းကောင်းအသုံးကျပါတယ်။ ဒါပေမဲ့ ခက်တာက အဲဒီပါတီတွေ ဆက်လက် ရပ်တည်နိုင်ရေး အရင် ၂၀၁၀ တုန်းကလို ပုန်းလျှိုးကွယ်လျှိုး ထောက်ပံ့မှု လုပ်ပေးလို့ မရနိုင်တော့တာပါ။ လုပ်ခဲ့ရင် သတင်းဌာနတွေကို ပေါက်ကြားပြီး ဖော်ထုတ်ခံရရင် အကြီးအကျယ် အရှက်ကွဲနိုင်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံးပေါ်နည်းနဲ့ ပါတီအားလုံးကို ရုံးခန်းအတွက် မြေနေရာတွေ၊ တိုက်ခန်းတွေ၊ အဆောက်အအုံတွေ ပေးဖို့၊ တစ်ပါတီ ကားပါမစ်ငါးစောင် ပေးဖို့ဆိုတာမျိုး ကြံစည်လာတာ ဖြစ်ပါတယ်။ တကယ်လို့သာ ဦးတင်အေး တင်ပြချက်အတိုင်း သမ္မတဦးသိန်းစိန်က ခွင့်ပြုလိုက်ရင် အဲဒီ အလံရှူးပါတီတွေလိုမျိုးကို အစိုးရက လာဘ်ထိုးပြီးသား ဖြစ်သွားနိုင်ပါတယ်။ (ဒီနှစ်မျိုးစလုံးသာ တကယ်ရရင် တစ်ပါတီဆီကို သိန်းထောင်ချီ လာဘ်ထိုးမှုဖြစ်လာနိုင်ပါတယ်။) ဖြစ်သင့်တာက နိုင်ငံရေး ပါတီတွေကို ဒီလို ဒီလို အခွင့်အရေးတွေ ပေးမယ်ဆိုရင် ဥပဒေပြဋ္ဌာန်းပြီး ဒါမှမဟုတ် လက်ရှိဥပဒေထဲမှာ ဖြည့်စွက်ချက် ထည့်၊ ပြင်ဆင်ပြီးမှ ဥပဒေနဲ့အညီပေးဖို့ လိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကတော့ အရင်စစ်အစိုးရက လုပ်ခဲ့တဲ့ နည်းနာတွေအတိုင်း မလုပ်ကောင်း မကိုင်ကောင်း မကြံအပ် မစည်ရာကြံစည်နေပါပြီ။ သမ္မတဦးသိန်းစိန်က အဲဒါကို အကောင်အထည် ဖော်ပေးမလားဆိုတာ စောင့်ကြည့်ကြရပါဦးမယ်။ ကိုယ်ကျိုးရှာ အလံရှူးပါတီ တချို့ကတော့ ၀မ်းသာ ထောက်ခံကြိုဆိုကြပါလိမ့်မယ်။ ဒီအတွက် ပြည်သူလူထုကြီးကို တိုက်တွန်းလိုတာက လူမြန်မြန်စုကြပါ၊ ရွေးကောက်ပွဲ ကော်မရှင်ဆီသွားပြီး နိုင်ငံရေးပါတီအဖြစ် မြန်မြန် မှတ်ပုံသွားတင်ကြပါ၊ နောက်ကျရင် မြေကွက်၊ တိုက်ခန်း၊ အဆောက်အအုံနဲ့ ကားပါမစ်တွေဝေတဲ့ဆီမပါဘဲ ကျန်ရစ်နိုင်ပါကြောင်း အကျိုးမျှော်ပြီး နှိုးဆော်လိုက်ရပါတယ်။

စည်သူအောင်မြင့်
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive