နေပြည်တော်၊ မေ ၃၁

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် နိုင်ငံသား အမည်ခံ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

မေလ ၃၀ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသား အမည်ခံ နိုင်ငံခြားသားများကို ဖော်ထုတ် အရေးယူပေးရန် ပါဝင် ပတ်သက်သော တာဝန်ရှိသူများကို အရေးယူပေးရန် မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို အစိုးရထံမှဖြစ်စေ၊ ပုဂ္ဂလိကထံမှဖြစ်စေ မြေငှားရမ်းကာ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ခြင်းကြောင့် နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နံမှု ၂၉ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်မှု အဖြစ် ကူးပြောင်းခဲ့ကြောင်း၊ အထည်ချုပ်လုပ်ငန်းများတွင် နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိသည်ဟု သံသယ ရှိသည့်အတွက် အဆိုပြုလွှာ လျှောက်ထားသော အထည်ချုပ်လုပ်ငန်းများကို ပေးပို့ စိစစ်ခြင်း၊ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် တစ်နိုင်ငံလုံးရှိ စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီများထံမှ သံသယဖြစ်ဖွယ် ရှိသည့် လုပ်ငန်းများစာရင်းကို တောင်းယူပြီး ကွင်းဆင်း စစ်ဆေးခြင်းကို ပြုလုပ်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဌာနဆိုင်ရာပိုင်းက တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုတွေကို သတင်းရရှိခြင်း၊ သိရှိရခြင်းတွေကို တိတိကျကျ ဖော်ထုတ် အကြောင်းကြား ပေးစေလိုပါတယ်၊ မေတ္တာရပ်ခံပါတယ်” ဟု ဦးဝင်းရှိန်က ပြောကြားသည်။

နိုင်ငံသားအမည်ခံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ရသင့်ရထိုက်သော အခွန်မရရှိခြင်း၊ ငွေကြေးခဝါချခြင်း၊ မြန်မာလုပ်သားများ အခွင့်အရေး အပြည့်အဝ မရခြင်း၊ လုပ်ငန်းတူ နိုင်ငံသား လုပ်ငန်းများ ထိခိုက်ခြင်း၏ အဂတိလိုက်စားခြင်း စသော ဆိုးကျိုးများ ဖြစ်စေကြောင်း ကန်ပက်လက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive