Photo
အနောက်ဘက်တံခါး၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင် မီးလောင်ကွင်းပြင်များ၊ မီးသင့်အဆောက်အအုံများနှင့် ပျက်စီးနေသော လူနေအိမ်များကို ယခုတိုင် မြင်တွေ့နေရဆဲဖြစ်သည်။ ထို့အပြင် လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာလည်း လမ်းဆုံလမ်းခွများ၊ အချက်အချာကျသည့် နေရာများတွင် သတိအနေအထားဖြင့် နေရာယူထားကြဆဲဖြစ်သည်။
၂၀၁၂ ခုနှစ် ပဋိပက္ခများဖြစ်ပွားပြီးချိန်မှစတင်၍ ယခုအချိန်ထိ စစ်တွေမြို့အနေအထားမှာ ပုံမှန်အခြေအနေသို့ မရောက်ရှိသေးပေ။

အဆိုပါမြင်ကွင်းမျိုးကို စစ်တွေမြို့တွင်သာမက မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ စသည့်မြို့များအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့အများစုတွင် မြင်တွေ့ရမည်ဖြစ်သည်။
၂၀၁၂ မေလ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်မှ စတင်ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခမှာ ယခုအခါ ၂နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ပြဿနာကို မဖြေရှင်းနိုင်သေးပါ။ ကျောက်နီမော်မှ စတင်သောမီးမှာ ရခိုင်ပြည်နယ်ကျော်လွန်ကာ နိုင်ငံတစ်ဝန်း၊ ထိုမှဒေသတွင်းနိုင်ငံများသို့တိုင် ကူးစက်ခဲ့ပါသည်။ လူမျိုးရေး၊ ဘာသာရေးမီးမှာ ယနေ့တိုင်လည်း အချိန်မရွေးထတောက်နိုင်သော အခြေအနေဖြစ်နေဆဲ။

၂၀၁၂ ဇွန်လနှင့် အောက်တိုဘာတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်တွင် လူဦးရေ ၁၉၂ ဦး သေဆုံး၍ ၂၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းများအပါအဝင် လူနေအိမ်ခြေကိုးထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေတစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
ထို့အပြင် ယမန်နှစ် စက်တင်ဘာလနှောင်းပိုင်းက သံတွဲမြို့နယ်အတွင်း ပဋိပက္ခများထပ်မံဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံး၍ ငါးဦးဒဏ်ရာ ရရှိခဲ့သည်။ ဘာသာရေးအဆောက်အအုံနှစ်လုံး အပါအဝင် နေအိမ် ၆၁ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

၂၀၁၂ ဇွန်လ မတိုင်မီက ထိုမျှရက်စက်ကြမ်းကြုတ်သောဖြစ်စဉ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည်ဟု မည်သူမျှထင်မထားခဲ့။ အဆိုပါပဋိပက္ခများကြောင့် နိုင်ငံတကာအထိ ဂယက်ရိုက်ခဲ့သော ရခိုင်ပဋိပက္ခကို အစိုးရက မဖြေရှင်းနိုင်မီ နောက်ဆက်တွဲပြဿနာများ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုင်းပြည်ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပြန်သည်။ အကြမ်းဖက်မှုများ ရခိုင်ပြည်နယ် ပဋိပက္ခများ ဖြစ်ပွားချိန်မှစ၍ လူမျိုးရေး၊ ဘာသာရေးကို အခြေခံသော အမုန်းစကားများ ပျံ့နှံ့လာခဲ့သည်။ ယင်းအကျိုးဆက်အဖြစ် ၂၀၁၃ အတွင်း၌ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံအပါအဝင် မြို့ပေါင်း ၂၀ ခန့်၌ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ယင်းအကြမ်းဖက်မှုများကြောင့် လူဦးရေ ၅၀ ခန့် သေဆုံးပြီး အဆောက်အအုံပေါင်း ၂,၀၀၀ ခန့် ပျက်စီးခဲ့ရသည်။ လူဦးရေတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ထပ်မံဖြစ်ခဲ့ရပြန်သည်။

အကြမ်းဖက်မှုများမှာ ပြည်တွင်းသာမက နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ ဆက်လက်ဖြစ်ပွားခဲ့သည်။ ယမန်နှစ်အတွင်းက မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများကို ဆက်တိုက်အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး ၁၀ ဦးနီးပါး သေဆုံး၍ ၁၂ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်ရခိုင်မျိုးနွယ်စုများ ဆက်တိုက်အကြမ်းဖက်ခံရပြီး လူဦးရေ ၂,၀၀၀ခန့် မောင်တောဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြန်သည်။

ရခိုင်ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့များနှင့် ဘင်္ဂါလီလူမျိုးတို့ကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ၂၀၁၂ ပဋိပက္ခများပြီးနောက် လုံခြုံရေးကြောင့် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးတို့ သီးခြားစီခွဲ၍နေထိုင်ကြသည်။ ယမန်နှစ် ဧပြီလနှောင်းပိုင်းက စစ်တွေမြို့ အနောက်ပိုင်းတွင် လူဦးရေစာရင်းကောက်ယူ (ဆွဲတင်စစ်)လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီလူမျိုးများက လူစုလူဝေးဖြင့် အကြမ်းဖက်ကန့်ကွက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုများ စတင်ဖြစ်ပွားခဲ့သည်။
၂၀၁၃ ခုနှစ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီလူမျိုးတို့ကြား ထိပ်တိုက်ရင်ဆိုင်မှု ၇ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ တရားဝင်ထုတ်ပြန်ချက်များအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ၁၇ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ဖြစ်ပွားနေခြင်းသည် ပြဿနာကို ပိုမိုကြီးထွားစေနိုင်ပြီး ဒေသတည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း ရခိုင်အရေး စောင့်ကြည့်သူများက သုံးသပ်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ထိတွေ့တိုက်ပွဲများပြီးခဲ့သည့် ရက်ပိုင်း အတွင်းက မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ဟု ယူဆရသော လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲများအပြီး နယ်စပ်၌ ပြုလုပ်သော မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အလံတင်ဆွေးနွေးပွဲတွင် ၎င်းတို့နိုင်ငံအခြေစိုက် RSO အဖွဲ့မရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်မှ ငြင်းဆိုခဲ့သည်။

သို့သော်လည်း ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင်မူ တစ်ဖက်နိုင်ငံနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုသမိုင်းကို ယခုကဲ့သို့ ဖော်ပြထားသည်။ ၁၉၈၀ ပြည့်နှစ်ဝန်း ကျင်တွင် ရခိုင်ပြည်နယ်မှ  ခွဲထွက်ရေးဆောင် ရွက်နေသော ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေး တပ်ဦးနှင့် ရိုဟင်ဂျာမျိုးချစ်တပ်ဦး တို့၏ မြေအောက်လှုပ်ရှားမှုများကို ဖော်ထုတ်နိုင်ခဲ့၍ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေချလှုပ်ရှားမှုများ ရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော RSO လက်နက်ကိုင်အဖွဲ့မှ အင်အား ၈၀ ခန့်သည် မောင်တောမြို့နယ်တောင်ပိုင်း မောရဝတီရွာသို့ စီးနင်းတိုက်ခိုက်သဖြင့် ရခိုင်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရကာ မြန်မာ့တပ်မတော်မှ လိုက်လံရှင်းလင်းခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ (RLO)ဦးဆောင်သော ဘင်္ဂါလီအင်အား ၅,၀၀၀ ကျော်မှာ မောင်တောမြို့သို့ ဝင်ရောက်လာပြီး အကြမ်းဖက်သိမ်းပိုက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခုခံတားဆီးကာ ကွယ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

တိုင်းရင်းသားလူဦးရေမှာ ဆယ်ရာခိုင်နှုန်းပင် မပြည့်သည့် နယ်စပ်ဝင်ပေါက် မောင်တောဒေသ လုံခြုံရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အင်အားပိုမိုတိုးမြှင့်ချထားပြီး ခေတ်မီလက်နက်များ တပ်ဆင်ပေး သင့်ကြောင်း ဒေသခံပြည်သူများက တောင်းဆိုထားသည်။ ထို့အပြင် နယ်မြေလုံခြုံရေးအတွက် အခြားဒေသများကဲ့သို့ ရခိုင်ပြည်နယ်စပ်များတွင် ပြည်သူ့စစ်အဖွဲ့များကို အစိုးရက ယုံကြည်စွာ ဖွဲ့စည်းခွင့်ပြုသင့်ကြောင်းလည်း ဆက်တိုက်တောင်းဆိုမှုများ ပြုလုပ်ထားသည်။  နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကို ဆန့်ကျင်မှုတိုးပွားလာခြင်း  ရခိုင်တိုင်းရင်းသားများအနေဖြင့် ယခင်ကပင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရပ်တည်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အမြင်မကြည်လင်မှုများ ရှိခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဘင်္ဂါလီလူမျိုးများကိုသာ တစ်ဖက်သတ် အကူအညီ များပေးနေခြင်း၊ ဖြစ်ပွားခဲ့သည့် ပြဿနာများတွင် ပါဝင်ပတ်သက်နေခြင်းနှင့် MOU နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့ကြောင့် ၎င်းတို့လုပ်ရပ်များသည် ပဋိပက္ခကို ပိုမိုကြီးထွားစေနိုင်သည်ဟု ယူဆပြီး အမြင်မကြည်ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ပြီးခဲ့သည့်မတ်လနှောင်းပိုင်း ကုလနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ နေအိမ်၊ ရုံးခန်းနှင့် ဂိုထောင် ၃၀ ခန့်ကို ဒေသခံများက အကြမ်းဖက်ပျက်ဆီးမှု စစ်တွေမြို့၌ဖြစ်ပွားခဲ့ပြီး ယင်းအဖွဲ့များ၏ လုပ်ငန်းများကို ခေတ္တရပ်နားခဲ့ရသည်။ ဧပြီလတတိယပတ်မှစတင်ပြီး ကုလနှင့် အခြားအဖွဲ့အစည်းအချို့၏ လုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ပြန်လည်စတင်နိုင်ခဲ့သော်လည်း ထပ်မံ၍ ပြဿနာများမဖြစ်ပွားစေရန် ယင်းအဖွဲ့အစည်းများအနေဖြင့် မျှမျှတတပွင့်လင်းမြင်သာမှုရှိစွာ လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း အစိုးရနှင့် ရခိုင်အရေးစောင့်ကြည့်သူများကဆိုသည်။
မည်သည့်အတွက်ကြောင့်ဖြစ်စေ ကုလကဲ့သို့အဖွဲ့အစည်းမျိုးကိုပါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများ၏ ပုံရိပ်သာမက နိုင်ငံ၏ပုံရိပ်ပါ ကမ္ဘာတွင်ကျဆင်းခဲ့ရကြောင်း လေ့လာသူများနှင့် အစိုးရက ပြောကြားမှုများရှိခဲ့သည်။
ရခိုင်ပြည်နယ်ပဋိပက္ခစတင်သည်မှာ နောက်ဆက်တွဲပြဿနာများဖြင့် သံသရာလည်နေသော မေလ ၂၈ ရက်တွင် ၂ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ သို့သော်လည်း  ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်သေးဘဲ နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ကျန်ရှိနေသေးသည်။ ရခိုင်အမျိုးသားအင်အားစုများက ၎င်းတို့သည် အစ္စလာမ်ဘာသာဝင်များနှင့် ပြဿနာဖြစ်ပွားနေခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ ကျူးကျော်ဝင်ရောက်ပြီး တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် တောင်းဆိုနေသူများကြောင့်သာ ပြဿနာဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပြောသည်။ ယင်းအတွက်ကြောင့်ပင် ပြဿနာပြေလည်စေရန် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အစိုးရက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုအပ်ပြီး ယင်းဥပဒေအရ နိုင်ငံသားပြုခွင့်ရသူများကို လက်ခံသွားမည်ဟုလည်း ရခိုင်အမျိုးသားအင်အားစုများက ဆိုသည်။
‘‘ရခိုင်တွေဘက်က အစဉ်တစိုက်တောင်းဆိုလာတာက ၁၉၈၂ ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ပါ’’ဟု ရခိုင်လူမှုကွန်ရက်နာယက ဦးသန်းထွန်းကပြောသည်။

စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီလူမျိုးတချို့ကမူ ၎င်းတို့သည် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာသူများဖြစ်သော် လည်း အစိုးရအဆက်ဆက်က နိုင်ငံသားအခွင့်အရေးမပေးဘဲ ထိန်းချုပ်ထား မှုများကြောင့် ပြဿနာများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပြောသည်။ ‘‘နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကို အခြေခံပြီး တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ရမယ်။ နိုင်ငံသားဖြစ်နေသူတွေကိုလည်း အခွင့်အရေးကို လွတ်လွတ်လပ်လပ် ပေးဖို့လိုတယ်’’ဟု အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသာအေးက မှတ်ချက်ပြုထားသည်။ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ တွင်မူ ပြဿနာကိုဖြေရှင်းနိုင်ရန် အစိုးရအနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို စနစ်တကျ မှန်ကန်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုထားသည်။
ထို့အပြင် တရားမဝင်ခိုးဝင်လာသူများကို မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ နိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသားဖြစ်ခွင့်၊ နိုင်ငံသားပြုခွင့်မရရှိစေရန် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းသင့်ကြောင်း၊ ဘင်္ဂါလီလူမျိုးများသာမက နိုင်ငံခြားသား မည်သူ့ကိုမဆို တရားမဝင် ဝင်ရောက်ခြင်းကို အားပေးခြင်းပြုသူများကို ဥပဒေတစ်ရပ်ပြဋ္ဌာန်း၍ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ်ကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရှစ်နှစ်တစ်ဆက်တည်းနေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့် ရရှိမည်ဖြစ်သည်။ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများက ရခိုင်ပဋိပက္ခကို ပြေလည်အောင်မဖြေရှင်းနိုင်ပါက နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို  ထိခိုက်လာမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ကြသည်။ သို့ရာတွင် ၂ နှစ်ကြာမြင့်လာသည်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ နောက်ဆက်တွဲပြဿနာများဖြင့်သာ လုံးလည်ချာလည်လိုက်နေဆဲ ဖြစ်နေပါသေးသည်။

http://7daynewsjournal.com 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive