http://blog.mitchcommgroup.com/wp-content/uploads/2013/04/exploring-your-options-after-graduation-20130426.jpg
16 ရာစုနှစ် အင်္ဂလန်နိုင်ငံဟာ ကမ္ဘာ့ကိုလိုနီပါဝါ ဖြစ်လာခဲ့တယ်။ နောင်တစ်ချိန် ဥရောပ ပါဝါ ဖြစ်လာမယ့် နိုင်ငံတွေဟာ အင်္ဂလန်ဆီကိုလာပြီး စက်မှုသိပ္ပံအတတ်တွေကို ဆည်းပူးခဲ့ကြတယ်။ ရေနွေးငွေ့အင်ဂျင်၊ စက်ယက်ကန်း ? မိုက်ကယ်ဖာရာဒေး၊ အိုင်ဆက် နယူတန်တို့သာမက အရင်းရှင်ခေတ်သမ္မာကျမ်းစာလို့ခေါ်ကြတဲ့ နိုင်ငံတို့ရဲ့ ဥစ္စာဓန ကိုရေးတဲ့ အဒမ်စမစ်တို့ပေါ်ထွန်းလောက်အောင် ဒီနိုင်ငံဟာ အခြားနိုင်ငံတွေထက် ဘာများ နှာတစ်ဖျား သာနေခဲ့ပါသလဲ။ ဘုရားသခင်ရဲ့လက်ဆောင်မွန်တွေကများ ဒီနိုင်ငံအပေါ် ပေးပို့ခံခဲ့ရလို့လား။
နောက်တစ်ခု ယနေ့ စူပါပါဝါအမေရိကန်။ အလင်းရောင်ကို ညကမ္ဘာမှာ ဖန်ဆင်းခဲ့သူ အက်ဒီဆင်၊ နောက် အင်ဒရူးကာနက်ဂျီ။ စသူတို့ရဲ့ အစွမ်းနဲ့ ကမ္ဘာ့ပါဝါနေရာကို ဥရောပလက်ကနေ လက်လွှဲယူဖို့အသင့်ဖြစ်နေခဲ့တဲ့ အမေရိကန်။ ရာစုနှစ်တစ်စုကျော် ကမ္ဘာကြီးကို တစ်ဖက်သတ်လွှမ်းမိုးထားခဲ့တဲ့ တိုင်းပြည်။ ဘာကြောင့်များ ဒီလူတွေ ဒီတိုင်းပြည်မှာ ထွက်ပေါ်ခဲ့တာပါလဲ။ Land of Opportunity လို့လဲအခေါ်ခံရ၊ နောက် American Dream လို့တင်စားရအောင် "ကြိုးစားသူတိုင်းဖြစ်ထွန်းခွင့်" ရှိတဲ့ အနေအထား ဘာလို့ဖြစ်ခဲ့တာလဲ။ Steve Jobs တို့ Bill Gates တို့ ဘာလို့ ဖြစ်ပေါ်ခဲ့တာလဲ။
ရိုးရိုးလေးပြောရရင် ဒီဒေသတွေရဲ့ နိုင်ငံရေးရပ်ဝန်းနဲ့ရေခံမြေခံဟာ ကိုယ်ဆန္ဒရှိသလို သီးပွင့်ခွင့်ရတဲ့ဒေသဖြစ်နေခဲ့တယ်။ အရှေ့ဥရောပအာဏာရှင်နိုင်ငံတွေမှာ သိပ္ပံအတတ်ကို တွေ့ရှိရင် ဘုရင်မင်းမြတ်ထိန်းချုပ်မှုအောက်ရောက်သွားမယ့်ခေတ်မှာ အင်္ဂလန်မှာ James Watt ဟာ သူ့ရေနွေးငွေ့အင်ဂျင်ကို ဈေးကွက်တင်ရောင်းချခွင့်ရှိခဲ့ပြီး သူ့မူပိုင်ခွင့်ကို အင်္ဂလိပ်လွှတ်တော်ကနေ ကာကွယ်ပေးခွင့်ရှိခဲ့တယ်။ (Democracy) ။ နောက် အမေရိကန်ရဲ့ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်။ အမေရိကားမှာ ပိုင်ဆိုင်ခွင့် တစ်ခုအတွက် အာမခံချက်တွေကို အစိုးရက ပေးနိုင်ပါတယ်။ အက်ဒီဆင်အနေနဲ့ ပညာမသင်ရပေမယ့်လဲ သူ့တီထွင်ဆန်းသစ်မှုတွေအတွက် သူ့မှာ လက်လှမ်းမှီမှီလေ့လာခွင့်ရှိခဲ့တယ်။ သူ့တီထွင်မှုတွေ ဆက်လက်ရှင်သန်ဖို့ရာ သူ့ပစ္စည်းတွေ ရောင်းချနိုင်မယ့်ဈေးကွက်ရှိခဲ့တယ်။
ဦးအေးမောင်ရဲ့ ဗီဇနဲ့ဝန်းကျင် စာအုပ်လေးကိုတော့ ဖတ်ကြည့်စေချင်တယ်။ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု ဘယ်လောက်ရှိရှိ ဘေးက ပတ်ဝန်းကျင်ရဲ့ ကျေးဇူးပြုမှု မရှိရင် ထိုက်တန်စွာမဖြစ်ထွန်းပါဘူး။ ဗုဒ္ဓပွင့်ထွန်းတဲ့ ခေတ်ကာလမှာ အဲ့ဒီအချိန်ပတ်ဝန်းကျင်ဟာ Spiritual Value တွေအတွက် ဒဿ နပညာတွေ သိပ်ကို အားကောင်းနေခဲ့တယ်။ အဘိဓမ္မာရှုထောင့်ကကြည့်ရင် ဥပနိဿ ယ ပစ္စယောဖြစ်တယ်။ ဘုရားဟာ ဗောဓိပင်မှာသာပွင့်တယ်ဆိုတဲ့ ဓမ္မတာဟာ ပတ်ဝန်းကျင်ဆိုတဲ့ ဥပနိဿ ယ ပစ္စယော သဘောမျိုးဖြစ်တယ်။ ဒါဟာ ပတ်ဝန်းကျင်ရဲ့ အရေးပါပုံ ဥပမာ။
အထက်မှာ ဥပမာ အမေရိကား၊ အင်္ဂလန်နဲ့ ဗုဒ္ဓပွင့်ထွန်းမှုမှာ ပတ်ဝန်းကျင်ကျေးဇူးပြုပုံတွေ ဖော်ပြခဲ့ပါတယ်။ ဥပမာတွေက ကြီးလွန်းတယ်။ ဒါကို ပြန်လည် ချုံ့ပြောပါရစေ။ ယမန်နေ့ ဘွဲ့ရလူငယ်တွေရဲ့ အရေးအခင်းကိစ္စ။ ကိုယ်ကြိုးစားမှ ကိုယ်ရမယ်ဆိုတာ မှန်ပါတယ်။ ဘယ်လောက်မျိုးကောင်းကောင်း အပင်တစ်ပင်ဟာ အက်ဆစ်ဓာတ်၊ အယ်လ်ကာလီဓာတ်တွေ လွန်ကဲနေတဲ့ မြေမှာ ပေါက်ရင်တောင် အသီးတွေ ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းပါတယ်။ ရေခံ မြေခံ ဆိုတာ၊ ပတ်ဝန်းကျင်ဆိုတာ နိုင်ငံရေးစံနစ်က ပြဌာန်းထားတဲ့ အချက်တွေပါပဲ။
အရှင်းဆုံး ဥပမာကို ထပ်ကြည့်ရအောင်ပါ။ ကျနော်က စီးပွားရေးလုပ်ချင်တယ်။ ကြိုးစားတော့ အလယ်အလတ်တော့ဖြစ်လာတယ်။ ဒါပေမယ့် ကျနော်ထုတ်လုပ်တဲ့ ပစ္စည်းဟာ ဦးပိုင်နဲ့ ထိပ်တိုက်တွေ့ရင် နစ်နာနိုင်မယ်။ ယှဉ်လို့ခက်လှပါတယ်။ ဒါ့ပြင် ကျနော်ဟာ ဘယ်တော့မှ လက်ရှိခရိုနီတွေကို ဒီစံနစ်ထဲမှာ သူတို့နဲ့ ပခုံးချင်းယှဉ် စီးပွားရှာလို့ မရဘူး။ အရင်းအင်အားနဲ့ အာဏာနဲ့ချုပ်ထားတဲ့ အင်အားချင်းကွာခြားလှလို့ လက်ဝေခံအဆင့်ဆိုတာ အမြင့်ဆုံးဖြစ်လာပါမယ်။
အပြင်းထန်ဆုံး ယှဉ်ပြိုင်ခွင့်တွေနဲ့ လွတ်လပ်စွာကြီးထွားခွင့်တွေဟာ ကောင်းမွန်တဲ့ ရေခံမြေခံတစ်ခုမှာ တွေ့ရစမြဲဖြစ်တယ်။ အခြားမပြောနဲ့ လက်ရှိ တယ်လီဖုန်းကိစ္စတွေမှာ တန်ဘိုးနည်း ဆင်းကဒ်တွေ သုံးစွဲလို့ ဈေးကွက်စီးပွားရေးရဲ့ ယှဉ်ပြိုင်မှုစံနစ်ကနေ ပြည်သူတွေဟာအကောင်းဆုံး ဆားဗစ်တွေကိုရွေးချယ်သုံးစွဲခွင့်တောင် ရှိနေပါရဲ့လား။

Myo Set
April 3.2014
http://myanmar.wontharnu.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive