ရန်ကုန်၊ မတ် ၂၅

လူတချို့က ပြောနေကြတယ်။ စစ်သားဆိုတာ နိုင်ငံရေးသမား မဖြစ်နိုင်ဘူး။ နိုင်ငံရေးသမား ဆိုတာကလည်း စစ်သား မဖြစ်နိုင်ဘူးတဲ့။


ကျွန်တော်တစ်ခုတော့ ပြောချင်တယ်။ စစ်သားဆိုတာ စစ်တပ်ကို စဝင်ကတည်းက နိုင်ငံရေးလုပ်တဲ့သူ နိုင်ငံရေးသမား ဆိုတာလည်း အခြေအနေ အစိုးရရဲ့လုပ်ဆောင်ချက် မှားယွင်းမှုကြောင့် နိုင်ငံရေး လုပ်ကြတယ်။ အခြေအနေအရ နိုင်ငံရေး လုပ်သူတွေက အမျိုးကို ချစ်လို့ နိုင်ငံတော်နှင့် ပြည်သူကို ချစ်လို့ နိုင်ငံရေးလောက ဆိုတာကို ရောက်ကြတယ်။ စစ်သားက အဲဒီလို မဟုတ်။ အသက် (၁၈) နှင့် (၂၅) နှစ် ကြားကတည်းက နိုင်ငံနှင့်လူမျိုး ပြည်သူကိုချစ်လို့ အသက်နှင့် ခန္ဓာကိုယ်ကို ကျမ်းသစ္စာ ကျိန်ဆိုပြီး စွန့်လွှတ်ထားသူတွေ။ နိုင်ငံရေးသမားတွေ၊ နိုင်ငံနှင့်လူမျိုးကို ချစ်တယ်ဆိုရင် စစ်တပ်ကို ဝင်သင့်တယ်။ စစ်သားကိုလဲ ချစ်သင့်တယ်။

စစ်သားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်၊ တပ်မတော်၏ဖခင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စစ်သားတွေ စုဆောင်းစဉ် ကာလက ပြောခဲ့တယ်ဆိုတဲ့ စကားလုံးတစ်ခု ဖတ်ဖူးတယ်။ စစ်တပ်ထဲကိုဝင်လို့ ရာထူး၊ အာဏာနေရာ ရလိမ့်မယ်မထင်နဲ့။ အိပ်စရာ မြေကြီး၊ စားစရာ ကျောက်ခဲ ဒါပဲ ရမယ်ဆိုပြီး စစ်သားတွေ စုဆောင်းခဲ့တယ်။ ဒီလိုနဲ့ စစ်တပ်ဟာ တပ်မတော်ကြီးအဖြစ် ယနေ့အထိ ဖြစ်ပေါ်နေတယ်။

စစ်သားဆိုတာ ကိုယ့်အတွက် ဆွေမျိုးအတွက် ဘာမှအမြတ်မရှိ၊ အမြတ်မထွက်၊ နိုင်ငံရေးသမား ဆိုတာလည်း စစ်သားလို့ ခံယူနိုင်ရဲ့လား မသိဘူး။ မြန်မာနိုင်ငံရဲ့အစဉ်အဆက် ပြန်ကြည့်ကြပါစို့။ ကျန်စစ်သားမင်းကြီး စစ်သားဘဝကနေ ဘုရင်ဖြစ်တယ်။ ဘုရင့်နောင်နဲ့ အလောင်းဘုရား၊ ဦးအောင်ဇေယျ စစ်သားကနေ နိုင်ငံတော်ကို အုပ်ချုပ်မှု ကောင်းစေခဲ့တယ်။


ပြည်သူနဲ့နိုင်ငံနဲ့ လူမျိုးကိုချစ်လို့ စစ်သားဘဝ ကတည်းက နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရင် စစ်သားအဖြစ်မှထွက် နိုင်ငံတော်အတွက် စီမံကွပ်ကဲမှု ကောင်းစေခဲ့တယ်။

နိုင်ငံရေးသမားဆိုတာ အဓိကကျတဲ့ နိုင်ငံနဲ့လူမျိုး ကာကွယ်စောင့်ရှောက်ဖို့ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ရှိ၊ တတ်ကျွမ်းဖို့ လိုအပ်ပြီး လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး အမြင်ပေါင်းများစွာ ရှိဖို့လိုတယ်။ စစ်ရေးအမြင် မရှိ၊ နိုင်ငံရေး အမြင်မသိ ပညာရှိ အမတ်ကြီးတွေရဲ့ လျှောက်တင်စကားကို နားမထောင်၊ မိဖုရား၏ ပြောစကားကို နားယောင်မိလို့ ကျွန်တော်တို့ တိုင်းပြည် နိုင်ငံတော်ကြီး သူ့ကျွန်ဘဝကို ရောက်ခဲ့ရတယ်။ စစ်ရေးအမြင် နားမလည်၊ မျိုးချစ်စိတ်နဲ့ သူပုန်တွေထ စစ်ရေးအမြင် မရှိလို့ သူပုန်ဆိုတဲ့ စစ်သားလုပ် နိုင်ငံကယ်တင်ပေမယ့် ရှုံးနိမ့်ကြရတယ်။ ကျွန်တော်တို့ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အရင်းခံကိုက မျိုးချစ်စိတ်ရှိပြီး စစ်ရေးအမြင်ရှိမှ နိုင်ငံနဲ့ လူမျိုးကောင်းစားမယ်လို့ ထင်မြင်ယူဆ တပ်မတော်ဖွဲ့မှ နိုင်ငံတော်ကို သူ့ကျွန်ဘဝက ကယ်တင်နိုင်ခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း ကနဦးအစ သခင်အောင်ဆန်း နိုင်ငံရေးသမားလုပ် နယ်ချဲ့တွန်းလှန်ပေမယ့် မအောင်မြင်နိုင်မှန်း အမြော်အမြင်နဲ့ တပ်မတော်ဖွဲ့ဖို့ ဂျပန်နိုင်ငံက စစ်ရေးပညာ သင်ယူပြီး တပ်မတော်ဖွဲ့ အမိမြေကို ကာကွယ် စောင့်ရှောက်၊ နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ပေါင်းစပ်နိုင်တော့ အောင်မြင်ခဲ့တယ်။

နိုင်ငံတော်ကို တကယ်ချစ်သူတွေ စစ်သားတွေဟာ ပြည်သူကမွေး၊ ပြည်သူကကျွေး မြန်မာနိုင်ငံအတွက် အသက်နှင့်ခန္ဓာ တန်ဖိုးမထား ဂရုမပြုအလုပ်နှင့် သက်သေပြခဲ့သူတွေပါ။

အပြောမဟုတ် လက်တွေ့လုပ်တာကို မမြင်ချင်ယောင်၊ မကြားချင် ယောင်ဆောင်၊ မိမိအာဏာနဲ့ နေရာရရေး တစ်ဖက်ကို မကောင်းပြော၊ ရပ်ရွာ မြို့နယ်ကိုတောင် ဦးဆောင်ခေါင်းရွက် ပတ်သက်တဲ့ ဌာနနဲ့ မညှိနိုင် မဆွေးနွေး၊ ဥပဒေကို မလေ့လာ ဖြစ်စဉ်တစ်ခုရဲ့ အကြောင်းအရာကို မစုံစမ်း၊ သံယောင် မှားလိုက်၊ ကျွန်တော်မှန်တယ်၊ သူမှားတယ် ပြောစကားကိုယုံရင် နိုင်ငံတော်ကို ချစ်ပါတယ်ဆိုတဲ့ လူတွေတောင် မှားနိုင်တယ်။ နိုင်ငံအဆင့် ပြဿနာတက်ရတဲ့ အကြောင်းအရင်းက ဘာလဲ၊ ဘာကြောင့်လဲ၊ ဘယ်အချိန် ဘယ်နေရာလဲ၊ ဘယ်သူလဲ၊ ဘယ်သူနဲ့လဲ၊ ဘယ်လိုဖြေရှင်းရမလဲ၊ ဘယ်သူကို ပြောရမလဲ၊ ဘယ်သူနဲ့ သက်ဆိုင်သလဲ၊ ဘယ်လိုလူတွေလဲ၊ ဘယ်မျိုးရိုးက ဆင်းသက်လာလဲ၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဂဃနဏ သိဖို့ လိုတယ်။

မိမိရဲ့နိုင်ငံရေး၊ နိုင်ငံတော်၊ ခေါင်းဆောင်ကို ပြည်သူက ဘာကြောင့် ဘာ့ကြောင့် လေးစားလဲ၊ မလေးစားလဲ၊ သေချာစုံစမ်းသုံးသပ် ဆုံးဖြတ်ဖို့ လိုတယ်။ နိုင်ငံတော်မှာရှိတဲ့ အဖွဲ့အစည်း အသီးသီးကို ကြည့်။ စစ်သားဆိုတာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လုပ်ချင်တိုင်း လုပ်လို့မရဘူး။ စစ်သားဆိုတာ ပြည်သူလူထုရဲ့ ဘုံကျွန်အဖြစ်နဲ့ နေရတယ်။ စစ်သားဆိုတာ အစိုးရရဲ့ တပ်မတော် စစ်သားတစ်စုတည်းကို ပြောတာမဟုတ်ဘူး။ ယုံကြည်ချက်၊ ခံယူချက်နဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့ထုံးတမ်း အစဉ်အလာကို တန်ဖိုးထား လက်နက်ဆွဲကိုင် ကာကွယ် စောင့်ရှောက်တဲ့ လူသားအားလုံးကို ဆိုလိုတယ်။

ပြည်သူက ချစ်ခင်လေးစားတဲ့ ခေါင်းဆောင်တွေရဲ့အတုကိုယူ သူ့လို လက်တွေ့လုပ်၊ ပြည်သူက ချစ်ခင်လေးစားမှု မရှိတဲ့ ခေါင်းဆောင်အောက်မှာ နေရင် ပြည်သူကို အမှန်တကယ် ချစ်ရင် ခေါင်းဆောင်ကို အမှားထောက်ပြ ဝေဖန်သုံးသပ် တင်ပြနိုင်စွမ်း ရှိရမယ်။

ခေါင်းဆောင်ရဲ့ အရှိန်အဝါ အရေခွံမခြုံနဲ့။ ကိုယ်တိုင် ကျင့်ကြံအားထုတ်၊ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ရွာတစ်ခုထဲမှာ ရှိတဲ့ ခေါင်းဆောင် တစ်ဦးတည်းနှင့် မလုံလောက်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီနိုင်ငံရေး အဖွဲ့အစည်း ခေါင်းဆောင်တွေကို လေ့လာစုံစမ်း သုံးသပ်ပြီးမှ ပါတီနိုင်ငံရေး လောကကို ဝင်သင့်တယ်။ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ကြည့်။ နိုင်ငံ့ခေါင်းဆောင်တွေ ဘာလုပ်ခဲ့လဲ။ ဘာလုပ်နေလဲ။ တစ်နေရာတည်းရဲ့အဖြစ်အပျက်ကို မကြည့်နဲ့။ တစ်နိုင်ငံလုံး အတိုင်းအတာကို လေ့လာစုံစမ်း ဝေဖန် သုံးသပ်ဆုံးဖြတ်ကြဖို့ လိုတယ်။ 
ဘယ်နိုင်ငံရေးသမားက နိုင်ငံနှင့် လူမျိုးကို ချစ်တယ်ဆိုဦး။ စစ်သားလောက်တော့ နိုင်ငံနှင့် လူမျိုးကို မချစ်နိုင်ဘူး။ စာရေးသူကတော့ ဘယ်နိုင်ငံရေး ပါတီကိုမျှမဝင်၊ ဝင်ရောက် စွက်ဖက်ခြင်းမရှိ။ နိုင်ငံ့အရေးနှင့် ပတ်သက်လို့ တပ်မတော် ပါဝင်သင့်၊ မသင့် စာဖတ်သူအားလုံး အဖြေရှိသင့်သည်ဟု ယူဆမိပါကြောင်း။

http://www.myanmarexpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive