အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ
ဖွံ့ဖြိုးရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ
 တစ်ဘီလီယံခွဲအနက် အမေရိကန်ဒေါ်လာ
 သန်း ၇၅၀ နီးပါးကို ရခိုင်ပြည်နယ်ရှိ


ကုလားတန်မြစ် ကုန်းလမ်း၊ ရေလမ်း စီမံကိန်းနှင့် ချင်းပြည်နယ်ရှိ ကလေး-တမူး လမ်းမကြီးအတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr. Gautam Mukhopadhaya က ပြောကြားသည်။

အဆိုပါ ကလေး-တမူ လမ်းမကြီးကို မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံ လမ်းမကြီးနှင့် ချိတ်ဆက်ကာ တည်ဆောက်သွားရန် လျာထားပြီး ကုလားတန်မြစ် စီမံကိန်းအတွက်မူ ရေကြောင်းလမ်းများ ရှာဖွေဖော်ထုတ်ကာ စစ်တွေဆိပ်ကမ်းနှင့် ချိတ်ဆက်ရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ချင်းပြည်နယ်နဲ့ စစ်တွေကို ချိတ်ဆက်ပေးမယ်။ စစ်တွေမြို့ကိုလည်း ကုန်းလမ်းရေလမ်း လမ်းပန်း ဆက်သွယ်ရေး တိုးတက်အောင် စီစဉ်ထားတယ်” ဟု သံအမတ် Mr. Gautam Mukhopadhaya က ဆိုသည်။

ကုလားတန်မြစ် စီမံကိန်းအတွက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ၂၀၀၈ ခုနှစ်ကတည်းက လက်မှတ် ရေးထိုးပြီးနောက် ယင်းကုလားတန် ကဏ္ဍစုံ သယ်ယူပို့ဆောင်ရေး စီမံချက်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကုန်ကျခံရန် အိန္ဒိယအစိုးရက ကတိကဝတ် ပေးခဲ့သည်။

သို့သော် လက်ရှိအချိန်ထိ အဆိုပါ စီမံကိန်းမှာ ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ခြင်း မရှိဘဲ အသေးစိတ် သုတေသနပြု စုံစမ်းဆေးရမည့် အပိုင်းများ ရှိနေသေးကြောင်း၊ အဆိုပါ စီမံကိန်းသည် အိန္ဒိယနိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့မှု စီမံကိန်း သာမက ရခိုင်ပြည်နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီမံကိန်းများနှင့် အပြိုင် စီးပွားရေး ချဲ့ထွင်ခြင်းမျိုးလည်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံတွင် စီးပွားဖွံ့ဖြိုးရေး ဘာသာရပ် မဟာဘွဲ့ ရရှိထားသူ ဦးအောင်ကျော်သိန်းက The Voice သို့ ပြောဆိုသည်။

ယင်းစီမံချက်နှင့် ပတ်သက်၍ စစ်တမ်းများ စတင် ပြုစုထားပြီး ဖြစ်ကြောင်းကို မတ်လ ၄ ရက်နေ့ ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့သော အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး Mr. Salman Khurshid က The Voice သို့ ပြောကြားသည်။


အိန္ဒိယအစိုးရက မြန်မာပညာရေး ကဏ္ဍအတွက် ချင်းပြည်နယ်နှင့် နာဂဒေသတွင် အခြေခံပညာ မူလတန်းကျောင်း ၂၁ ခု တည်ဆောက်ပေးထားပြီး ရခိုင်ပြည်နယ်ရှိ မြို့လေးမြို့တွင်လည်း အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိ အခြေခံပညာကျောင်းများ ဆောက်လုပ်ပေးရန် ကတိကဝတ် ပြုထားကြောင်း အိန္ဒိယသံရုံး၏ မတ်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။


The Voice Weekly

Posted by Unknown on Friday, March 28, 2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive