ရန်ကုန်၊ မဇ္ဈိမ။                ။ စစ်တွေမြို့တွင် မတ်လ ၂၆ရက် ညက ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုတွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ အနေဖြင့် အချိန်မှီတားမြစ်နိုင်ခြင်း မရှိ၍ အဆောက်အဦများပျက်စီးခဲ့ရသည်ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ်နှင့် ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးဦးသာပွင့်က မဇ္ဈိမကို မတ်လ ၂၈ရက်က ပြောသည်။
"လူနှစ်ဆယ်လောက်ရှိတဲ့ လူစု ဆိုက်ကယ်တက္ကဆီနဲ့ ဦးဆောင်ပြီး ရှေ့က အော်ဟစ်ပြီး ခဲတွေနဲ့ပေါက်ပြီး လူစုလူဝေးဖြစ်လာရင် အခြားနေရာက ရုံးကိုသွားတယ်။ ပေါ်ပေါ်တင်တင် သုံးဘီးဆိုင်ကယ်တွေနဲ့ လုပ်နေတာ တွေ့ပါတယ်။ ဒီလူတွေကို အစတည်းကပဲ ထိန်းသိမ်းထားရင် ဒီလောက် ပြဿနာမရှိပါဘူး"ဟု ဦးဦးသာပွင့်က ပြောသည်။
စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ကမူ "ပြသနာဖြစ်ဖြစ်ချင်း အရေးပေါ်ထိန်းချုပ်မှုတွေ လုပ်ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီးတောင် လူစုခွဲရပါတယ်။ ကျွန်တော်တို့က ဆူပူမှုတွေ ပိုပြီးမဖြစ်ချင်ပါဘူး"ဟု ယင်းနေ့တွင်ပင် ပြောသည်။
ဖြစ်စဉ်တွင် အစိုးရအဖွဲ့က အချိန်မှီထိန်းချုပ်မှု အားနည်းခဲ့သည်ဟု ဦးဦးသာပွင့်က ဝေဖန်ခဲ့သည်။
ထို့အပြင် ဦးဦးသာပွင့်က "ဒီဖြစ်စဉ်တွေမှာ ပရောဂတစ်ခုခု ပါဝင်နေတယ်လို့ သုံးသပ်တယ်။ ဘာဆိုတာတော့ မပြောနိုင်သေး ဘူး။ ဖြစ်ခဲ့တာက မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ခဲ့တာ"ဟု ပြောသည်။
ပြည်ထောင်စုအစိုးရကမူ စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းကာ စစ်ဆေးသွားမည်ဟု မတ်လ ၂၈ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
မတ်လ ၂၆ရက် ညက ရခိုင်ပြည်နယ်၊ စစ်တွေရှိ မာတေဇာ (Malteser Inter-national)မှ နိုင်ငံခြားသားဝန်ထမ်း အမေရိကန်နိုင်ငံ သူစ်ဦးက သာသနာ့အလံကို ဘောင်းဘီအိတ်တွင်း ထည့်ယူသည်ဆိုကာ စစ်တွေမြို့နယ်ဒေသခံ ၃ဝ ကျော်က ယင်းအမျိုးသမီး
နေထိုင်ရာ နေအိမ်ကို ဝိုင်းကာ ထုတ်ပေးရန်တောင်းဆိုခဲ့ပြီး အန်ဂျီအိုရုံးများကိုလည်း ခဲဖြင့်ပေါက်ကာ ဖျက်ဆီးခဲ့သဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် အချက်များစွာ ဖောက်ကာ လူစုခွဲခဲ့ရသည်ဟု ဦးဦးသာပွင့်က ဆိုသည်။
သေနတ်ဖြင့် ပစ်ပေါက်လူစုခွဲခဲ့သဖြင့် စစ်တွေမြို့ ဒုက္ခသည်တန်းလျားတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး ကျည်ဆံထိမှန် ကာ သေဆုံးခဲ့ရသည်ဟု စစ်တွေမြို့ မြို့မိမြို့ဖ ဦးဦးသန်းထွန်းက ပြောသည်။
"ဖြစ်တာက ဒီဘက်ကမ်းက လူစုကို ကျည်ဆံမိုးပေါ်ထောင်ပစ်ပြီး လူစုခွဲတာ။ ချောင်းဟိုဘက်မှာနေတဲ့ ဒုက္ခသည်တန်းလျား က ကောင်မလေးကို ခါးကိုမှန်သွားတယ်"ဟု ဦးဦးသန်းထွန်းက ပြောသည်။
ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းကြောင့် အန်ဂျီအိုရုံးများမှ ဝန်ထမ်းများအား အစိုးရအဖွဲ့ရုံးများတွင် ခေါ်ယူကယ်တင်ပေးခဲ့ပြီး တစ်ချို့တစ်ဝက်ကို ပြည်နယ်အစိုးရက လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး၏ အမျိုးသားပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သော နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ နေအိမ်များ ဖျက်စီးမှုတွင် Malster Inernational ရုံး ၂ရုံး၊ MSF (နယ်စည်းမထားဆရာဝန်များအဖွဲ့)ရုံး ၂ရုံး၊ Solidarities အဖွဲ့ရုံး ၁ရုံး၊ OXFAM အဖွဲ့ရုံး ၁ရုံး၊ ICRC ရုံး ၁ရုံး၊ UNHCR ရုံး ၁ရုံး၊ တိုရိုတာကားတစ်စီး၊ OCHA ရုံး ၁ရုံး၊ WFP ဂိုတောင် ၁ ခု စုစုပေါင်း အဆောက်အဦး ၁ဝ ခုနှင့် ကားတစ်စီး ပျက်စီးဆုံးရှုံးခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။
ယင်းရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားဝန်ထမ်း ၃၂ဦး၊ မြန်မာဝန်ထမ်း ၃၉ဦး စုစုပေါင်း ၇၁ဦး ရှိသည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် စစ်တွေမြို့နယ် အခြေအနေမှာ တည်ငြိမ်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
စစ်တွေမြို့၏ လက်ရှိအခြေအနေများကြောင့် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ အလုပ်လုပ်ကြရန် ကြေညာပြီး ပုဒ်မ ၁၄၄ ကို မတ် ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ဖေဖော်ဝါရီလ ၁ဝ ရက်တွင် စစ်တွေမြို့တွင် ညမထွက်ရ အမိန့်အား ၅ နာရီ လျှော့ချပေးခဲ့ပြီး၊ လတ်တလော
ဖြစ်စဉ်များကြောင့် ယခုကဲ့သို့ ညမထွက်ရအမိန့်ကို ပြန်လည်ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

Arakan Media Group

Popular Posts

Blog Archive